တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ပြည်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ပြည်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၅

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၌ အခြေပြု၍ ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၁၃၆ ဦး၊ ခွဲစိတ်ရောဂါ ၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၇၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၇ ဦး၊ မျက်စိရောဂါ ၁၀၀ ဦးနှင့် သွားရောဂါ ၂၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၀ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၁၈ ဦး စုစုပေါင်း ၄၃၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဦးသုမန၊ ငှက်သိုက်တောရကျောင်းတိုက်၊ ပြည်မြို့

ဦးဇင်းလည်းမျက်စိတစ်ဘက်ကြည့်မကောင်းလို့ လာပြတာပါ။ ဦးဇင်းစာကြည့် တယ်။ စာကြည့်တော့ မျက်စိကပါဝါအားနည်းသွားလို့လား၊ ဒါမှမဟုတ် မျက်စိ တစ်ခုခုဖြစ်နေလို့လားဆိုတာဦးဇင်းအနေနဲ့မရှင်းဘူးလေ။ မေးကြည့်လိုက်တော့ တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့ထဲမှာ မျက်စိပါရဂူပါတယ် ဆိုလို့ လာပြတာ ပါ။ အဲဒါနဲ့ ရောဂါဝေဒနာရှိတဲ့ သံဃာတော်တွေပါခေါ်လာပြီးလာပြကြတာပါ။ ဦးဇင်းက အခြားတော့ထူးထူးထွေထွေမရှိပါဘူး။ မျက်စိပါဝါအားနည်း တာလို့ ဆရာဝန်ကပြောပါတယ်။ ဦးဇင်းကို မျက်စိပါဝါအားတွေ ချိန်းရမယ်လို့ပြောပြီး မျက် စဉ်းခတ်ဖို့ မျက်စဉ်းတွေပေးလိုက်တယ်။ အခုလိုဆေးအဖွဲ့တွေလာရောက် ကုသတဲ့အခါမှာ ဦးဇင်းတို့ရဲ့ဆေးကုသဖို့ခက်ခဲတဲ့ ဒါယကာ၊ ဒါယိကာမတွေ လည်းအများကြီး။ တစ်ချို့ဒါယကာ၊ ဒါယိကာမတွေကျတော့ ဆေးကုသချင် ပေမယ့်လည်း အပြင်ဆေးခန်းတွေမှာ ကုသဖို့ငွေရေးကြေးရေးမတတ်နိုင်ကြဘူး။ နောက်တစ်ခါ စားဝတ်နေရေးအတွက်အလုပ်လုပ်နေရတာကြောင့် အချိန်မပေး နိုင်ကြတာလည်းပါတာပေါ့။ အခုလို ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေ၊ ကိုယ့်ရပ်ကွက် ကို ရောက်လာတော့ နီးနီးနားနားမှာဘဲကုသခွင့်ရတာပေါ့။ မတတ်နိုင်တာတွေ လည်းမရှိတော့ဘူး။ ရောဂါနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေပြုလုပ်ပေးတယ်။ ခွဲစိတ်စရာရှိလည်း ခွဲစိတ်ကုသပေးတယ်။ အကုန်လုံးကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် အများအကြိုးအတွက်ကို ဒီဒါယကာကြီးတွေဆောင်ရွက်ပေးတယ်။ ဒါယကာ၊ ဒါယိကာမတွေကော၊ ဦးဇင်းတို့ရော မျက်စိနဲ့ပတ်သက်ရင် မျက်စိ အကျိုးတရားတွေ၊ နားနဲ့ပတ်သက်ရင် နားအကျိုးတရားတွေကုသမှုခံယူရတဲ့ အတွက် အကုန်လုံးအတွက် ဦးဇင်းတို့သာဓုခေါ်ပါတယ်။

မသင်းယုနိုင်၊ နဝင်းရပ်ကွက်၊ ပြည်မြို့

         ကလေးနားထဲကျောက်ခဲဝင်ထားတာနှစ်လလောက်ရှိပြီ။ အပြင်မှာပြတာ ငွေမရှိလို့။ ဆရာဝန်ကပြောတယ်။ လောလောဆယ် ဒီမှာကုလို့သွေးထွက်တယ် ဆို့လို့ရှိရင် ဆေးရုံကြီးမှာ သူ့ဆရာရှိတယ်။ လက်မှတ်ရေးပေးလိုက်မယ်လို့ ပြောတယ်။ သွားပြကြည့်။ တစ်ကယ်လို့မှ သွေးမထွက်ဘူးဆိုရင် ဒီမှာတစ်ခါ တည်း ထုတ်ပေးမယ်။ တစ်ကယ်လည်းထုတ်ပေးတဲ့အတွက်ဝမ်းသာ ပါတယ်။ ကလေးရောဂါခံစားရတာကြည့်ပြီး ညညဆိုအိပ်လို့တောင် မပျော်ဘူး။ ကျောက်ခဲမထွက်မှာစိုးလို့။ ကလေးကိုလည်း အနာသက်သာအောင် ဟိုဘက် ဒီဘက်စောင်းအိပ်ဖို့ပြောရပါတယ်။ အခုလို ကလေးနားထဲက ကျောက်ခဲကို ထုတ်ပေးလိုက်တဲ့အတွက် ခွဲစိတ်ပေးတဲ့ဆရာဝန် ကြီးနဲ့တာဝန်ရှိသူတွေ အကုန်လုံး ကိုကျေးဇူးတင်ပါတယ်။ ကလေးကို အပြင်ဆေးခန်းမှာပြဖို့လုပ် ပေမယ့် ငွေကမရှိသေးဘူး။ လကုန်မှ လကုန်မှပြမယ် လို့လုပ်တိုင်းငွေမရှိတာ ကြောင့်မပြဖြစ်ဘူး။ ငွေမရှိတဲ့အချိန်မှာ အခုလိုကုသပေး တဲ့အတွက် တစ်ကယ်ကိုကျေးဇူးတင်ပါတယ်။ အခုလိုစီစဉ်ပေးတဲ့ နိုင်ငံတော် အကြီးအကဲနဲ့ တာဝန်ရှိသူတွေ၊ ဆေးလာကုသပေးတဲ့ဆရာဝန်ကြီးတွေနဲ့ အဖွဲ့ဝင်တွေ အကုန်လုံးကို အထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ်။