အစဉ်အလာပွဲတော်များနှင့် နွှဲကြတူပြိုင် လတန်ဆောင်တိုင်

လတကာတို့တွင် တန်ဆောင်မုန်းလျသည် မွေ့လျော်ဖွယ်အကောင်းဆုံးဖြစ်သည်။ ဤလတွင် မိုးလေတို့ကင်းလွတ်ပြီ ဖြစ်၍ မိုးကောင်းကင်သည် ကြည်လင်သည်။ ညဉ့်အခါကောင်းကင်၌ ကြယ်တာရာတို့ကို စုံလင်စွာတွေ့ရသည်။ ဆောင်းဝင်စမြောက်ပြန်လေကြောင့်လည်း အေးမြသည်။

ဤရာသီမှာ ပွင့်သောပန်းသည် ခဝဲပန်းဖြစ်သည်။ တန်ဆောင်မုန်းလပြည့်ညတွင်မူ ကုမုဒြာကြာပန်းတို့ပွင့်ကြသည်။

သန်မိုးကုန်စဲ နှင်းစဖွဲတည့်ခဝဲပွင့်တုန်း တန်ဆောင်မုန်း(ဆီသည်ရွာစား ဦးမောင်ကြီး)တန်ဆောင်မုန်းလတွင် ဆီးနှင်းမြူတိမ် မီးခိုးဟူသော လေထုညစ်ညမ်းမှုကင်းစင်၍ ကောင်းကင်ရှိ နက္ခတ်တာရာ အားလုံးမြင်တွေ့ နိုင်သောကြောင့် နက္ခတ်သဘင်ပွဲကျင်းပသောလလည်း ဖြစ်သည်။

တန်ဆောင်သည် မီးရှူး၊ မီးတိုင်၊ ဆီမီးဟုအဓိပ္ပာယ်ရသည်။ မုန်း တောက်ပခြင်း၊ထွန်းညှိခြင်းဟု အဓိပ္ပာယ်ရသည်။ တန်ဆောင်မုန်းလသည် ဆီမီးတန်ဆောင်ထွန်းပြောင်လဟုဆိုကြသည်။ တန်ဆောင်မုန်းလကို ဗေဒင်အခေါ်အားဖြင့် ဗြိစ္ဆာရာသီဟု ခေါ်သည်။ ဗြိစ္ဆာရာသီဟူသော အနက်အဓိပ္ပာယ်မှာ ကင်းမြီးကောက်ဖြစ်ပြီး ကင်းမြီးကောက်တို့ နှစ်သက်သောရာသီဟု ဆိုလိုဟန်ရှိသည်။ ဤလတွင် စန်း ခေါ်သော လမင်းသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်ပြိုင်ထွန်းပပြီး ဤလ၏တာရာမှာကျီးတာရာဖြစ်သည်။

တန်ဆောင်မုန်းလကို ပုဂံခေတ်ကျောက်စာများတွင် တန်ဆောင်မှုန် ဟုရေးသားခဲ့ကြသည်။ အင်းဝခေတ်ရောက်မှသာ တန်ဆောင်မုန်း ဟုရေးသားကြသည်။ ဝေါဟာရလိနတ္ထိဒီပနီကျမ်းတွင်မူ လှေသင်းအတွင်းဝန်ဦးခြိမ့်က အမိုက်အမှောင်ကို မီးရှူးတန်ဆောင်ဖြင့် ဖျောက်လွင့်ချေမှုန်းသောလ ဟုဖွင့်ဆိုထားပါသည်။ တန်ဆောင်မုန်းလရောက်ပြီးလျှင် တောင်သူများစိုက်ပျိုးထားသော ကောက်စပါးပင်များနှင့် ပတ်သက်၍ ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်းဟု ဆိုရိုးရှိပါသည်။ စပါးခင်းများ၌ စပါးနှံများမြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာခြင်းကို ဆိုလိုပါသည်။ စပါးနှံများနို့ရည် ဖြည့်တင်းလာသည်နှင့်အတူ မကြာမီစပါးသစ်များ ထွက်ပေါ်လာတော့မည် ဖြစ်သည်။ ထို့ကြောင့် တန်ဆောင်မုန်းလကို တောင်သူရွှင်ပြုံးတန်ဆောင်မုန်းဟုလည်း ခေါ်ဆိုကြသည်။

တန်ဆောင်မုန်းလပြည့်ည သာမညဖလဒေသနာ

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တစ်ထောင့်နှစ်ရာငါးကျိပ်သော ရဟန်းသံဃာတော် တို့နှင့်အတူ ရာဇဂြိုဟ်ပြည် သမားတော်ဇီဝက၏ သရက်ဥယျာဉ်၌ စံတော်မူနေစဉ် မာဂဓတိုင်းပြည့်ရှင် အဇာတသတ်မင်းသည် တန်ဆောင်မုန်းလပြည့်နေ့၏ ညဉ့်အခါ   မှူးမတ်အပေါင်းခြံရံလျက် နန်းပြာသာဒ်၌ ခံစားရင်း ဥဒါန်းကျူးရင့်သည်။ လသာသောညဉ့်သည် မွေ့လျော်ဖွယ်ကောင်းလှပါ၏။ လွန်စွာလှပါ၏။ ရှုချင်စဖွယ်ကောင်းလှပါ၏။ အမှတ်ရဖွယ်ကောင်းလှပါ၏။ ယနေ့ အဘယ်သမဏ ဗြဟ္မာဏကို ဆည်းကပ်ရပါကုန်အံ့။ အဘယ်သမဏဗြဟ္မာဏကိုဆည်းကပ်ပါက ငါ၏ စိတ်သည် ကြည်လင်ပါအံ့ ဟူ၍ဖြစ်သည်။

အဇာတသတ်မင်းသည်  အပေါ်ယံ သွင်ပြင်အားဖြင့် ရဟန်းအသွင်ဆောင် ထားသော်လည်း အတွင်းသဘောတွင် ဆိုးယုတ်ကောက်ကျစ်ညစ်နွမ်းလှသည့် ဒေဝဒတ်ကိုဆရာတင်မိမှားကာ ဖခင်ဗိမ္ဗိသာရမင်းကြီး ကိုသတ်မိခဲ့သော အကုသိုလ်ကံကြီးကြောင့် နန်းစည်းစိမ်ကို ခံစားစံစားနေရသည့်တိုင်အောင် စိတ်နှလုံးချမ်းမြေ့သာယာမှု မရရှိ။

ကြီးမားလေးလံသည့် အပြစ်ကြီးက အချိန်နှင့်အမျှဖိစီးလျက် ညညတွင်လည်း အိပ်မပျော်သည့် ဝေဒနာခံစားရသည်။ အိပ်မပျော်သူအတွက် ညတာသည် ရှည်လျားလှသလို မျက်လုံးတို့ကိုလည်း လှံဖြင့်ထိုးနေသလိုခံစားရသည်။ မိမိပြုမှားခဲ့သည့် အပြစ်အတွက် ကြီးစွာသောနောင်တ တရားရခဲ့သလို အကုသိုလ်ဖိစီးသည့် ဝေဒနာတို့ ပြေရာပြေကြောင်းအလို့ငှာ ရဟန်းပြုရခြင်း၏ လတ်တလော ရရှိနိုင်သည့်အကျိုး (သာမညဖလ)ကို စုံစမ်းမေးမြန်းသည်။

အဇာတသတ်မင်း၏ မေးခွန်းကို ပုရာဏကဿပ၊ အဇိတတေသကမ္ဗလ အစရှိသော တိတ္ထိဆရာကြီးခြောက်ဦးတို့က ၎င်းတို့၏ အယူဝါဒအသီးသီးတို့ဖြင့် ဖြေကြားခဲ့သော်လည်း ပျောက်ကင်းခြင်းအလျှင်းမရှိ။ သို့နှင့်ပင် ကြည်နူးမွေ့လျော်ဖွယ်သာယာလှပသည့်တန်ဆောင်မုန်းလပြည့်ညဉ့်အခါတွင် သမားတော်ဇီဝက၏ စီစဉ်မှုဖြင့် နန်းတော်မှသည် သရက်ဥယျာဉ်ဆီသို့ မှူးမတ်အခြွေအရံအပြည့်အစုံ ခင်းကျင်းကာ မီးရှူးတိုင်(တန်ဆောင်တိုင်) များကိုယ်စီကိုင်ဆောင်လျက် သွားရောက်ခဲ့သည်။

အဇာတသတ်မင်းသည် ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတစ်ထောင့်နှစ်ရာ ငါးကျိပ်တို့ စံမြန်းနေထိုင်ရာ သရက်ဥယျာဉ်သို့ စတင်ဝင်ရောက်လာစဉ်မှာပင် အေးချမ်းဆိတ်ငြိမ်မှုတို့ကို ခံစားရသလို သူ့အပေါ် တစ်ချိန်လုံးဖိစီးနေသည့် ဝေဒနာအစိုင်အခဲတို့သည်လည်း တုန်လှုပ်အက်ကွဲစပြုလာခဲ့သည်။ မြတ်စွာဘုရားရှင်ကို ချဉ်းကပ်၍ လောကလူသားတို့သည် မိမိတို့အတတ်ပညာဖြင့် ပစ္စုပ္ပန်မျက်မှောက်ဘဝမှာပင် အကျိုးတရားရသကဲ့သို့ ရဟန်းပြုရခြင်း၏ ပစ္စက္ခဘဝတွင် အကျိုးရပုံကိုမေးလျှောက်သည့်အခါ ဘုရားက ကျွန်ယောက်ျားပမာ၊ လယ်သမားဥပမာတို့ဖြင့်လည်းကောင်း၊ သဒ္ဓါပဗ္ဗဇိတအမျိုးကောင်းသားတို့ ရဟန်းပြုပုံ၊    ဣန္ဒြေသတိသမ္ပဇဉ်တရား တို့အကြောင်း၊  သန္တုဋ္ဌိတရားနှင့်ပြည့်စုံပုံ၊ နီဝရဏတရားတို့ပယ်ရှားပုံ၊ ဈာန်လေးပါး သို့ရောက်ပုံ၊ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံပုံတို့ကို အကျယ်တဝင့်  ဟောကြားတော်မူကာ ရဟန်းပြုရခြင်း၏ ဒိဋ္ဌဓမ္မအကျိုးရပုံတို့ကို ရှင်းလင်းစေလျက်  အဇာတသတ်မင်း၏ အကုသိုလ်ဖိစီးသည့်   ဝေဒနာတို့ကိုပါ ချမ်းသာစေခဲ့သည်။

ဒေသနာတော်၏အဆုံးတွင် အဇာတသတ်သည် ဗုဒ္ဓဘုရားရှင်၏ထံပါး၌ သရဏဂုံတည်လျက် ဥပါသကာအဖြစ် မှတ်တော်မူပါရန် လျှောက်ထားသည်။ ဖခင်ဘုရင်ကြီးကို သတ်ခဲ့မိသည့်အဖြစ်ကိုလည်း ထုတ်ဖော်ဝန်ခံသည်။ သာမညဖလသုတ္တန်ဒေသနာကိုကြားနာရပြီးသည့်နောက်တွင် အဇာတသတ်သည်လည်း ချမ်းသာစွာ အိပ်စက်ခွင့်ရခဲ့သည်။ ဆရာတင်မှား၍ လမ်းမှားရောက်ခဲ့သော အဇာတသတ်မင်းသည် ရတနာသုံးပါးကို ပူဇော်ပသမှု ပြုရာတွင် အတုမရှိသူ ဖြစ်လာခဲ့သည်။ ပထမသင်္ဂါယနာ၏  ဒါယကာမင်းဖြစ်လာခဲ့သလို သာသနာသက္ကရာဇ်ကို သတ်မှတ်ပေးခဲ့သူလည်း ဖြစ်လာခဲ့သည်။

သာမညဖလသုတ္တန်ဒေသနာတော်သည် ဗုဒ္ဓသာသနာ၏ သမိုင်းတစ်ကွက်ကို ပြဆိုသည့် ဒေသနာဖြစ်သလို ရဟန်းသံဃာဆိုသည်မှာ အဘယ်သို့သော ပုဂ္ဂိုလ်များဖြစ်သည်ကို ပြဆိုထားသည့် ဒေသနာလည်းဖြစ်သည်။ ဗုဒ္ဓနှင့်ခေတ်ပြိုင် အယူဝါဒအချို့ကိုလည်း အကျဉ်းအမြွက်မျှသိခွင့်ရနိုင် သကဲ့သို့  တန်ဆောင်မုန်းလနှင့် တန်ဆောင်မုန်းညတို့၏ အလှကိုလည်း ခံစားသိမြင်နိုင်သည့် ဒေသနာတော်ဖြစ်ပါသည်။

တန်ဆောင်မုန်းလ အစဉ်အလာပွဲတော်များ

တန်ဆောင်မုန်းလတွင် ထင်ရှားသော ပွဲတော်မှာ ကထိန်ပွဲဖြစ်သည်။ မီးပုံးပျံပွဲနှင့် မသိုးသင်္ကန်းရက်ပြိုင်ပွဲတို့ကိုလည်း ကျင်းပကြသည်။ ကထိန်ဟူသောစကားလုံးသည် မြန်မာမှုပြုထားသော ပါဠိသက်စကားလုံးဖြစ်ပြီး ခိုင်မြဲ၍ အဓွန့်ရှည်သော ကုသိုလ်ဟုအဓိပ္ပာယ်ရသည်။ ကထိန်ကို မြတ်စွာဘရားရှင်က ကောသလမင်းကြီးနှင့်အဖေတူ အမေကွဲညီအစ်ကိုများ ဖြစ်ကြသော ဘဒ္ဒဝဂ္ဂီမင်းမျိုးမင်းနွယ်ဝင်ရဟန်းအပါး ၃၀ တို့အပေါ် ကရုဏာတော်ထား၍ ပထမဆုံးခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုရဟန်းတော်များသည် ဓူတင်ဆောင်ကြသော အရိယာသူတော်စင်များ ဖြစ်ကြသော်လည်း ရဟန္တာများမဟုတ်ကြသေးပါ။ ထိုရဟန်းများသည် အနာထပိဏ်သူဌေးကြီး၏ ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူသော မြတ်စွာဘုရားကို ဖူးမြော်ပူဇော်ကြရန်အတွက် ၎င်းတို့ သီတင်းသုံးရာ ဇာတိနေရပ်ဖြစ်သော ပါဝါမြို့တော်မှ သာဝတ္ထိမြို့သို့ ခရီးထွက်လာကြသည်။

ခြိုးခြံစွာကျင့်ကြံတော်မူသော ရဟန်းတော်များဖြစ်သောကြောင့် သင်္ကန်းများစွာ ပိုင်ဆိုင်ခွင့်မရှိပါ။ သင်းပိုင်၊ ကိုယ်ဝတ်ဧကသီနှင့် ဒုကုဋ်နှစ်ထပ်သင်္ကန်းစုစုပေါင်းသုံးထည်ကိုသာ သုံးခွင့်ရှိသည်။ ထိုရဟန်းတော်များသည် မြတ်စွာဘုရားကို ဖူးမြော်ရန်သာဝတ္ထိသို့ရောက်ရှိကြသည့်အခါတွင် မိုးပြင်းများ၊ စပါးခင်းများ၊ မြစ်ချောင်းများကို ဖြတ်သန်းခရီးနှင် ခဲ့ကြရသည့်အတွက် ထိုရဟန်းတို့၏သင်္ကန်းများသည် ရွှံ့ညွန်များပေကျံကာ ရွှဲနစ်လျက်ရှိသည်။ မြတ်စွာဘုရားသိတော်မူသည့်အခါ ရှေးဘုရားတို့လည်း ခွင့်ပြုတော်မူ ခဲ့ကြသည့်အတိုင်း ကထိန်အကျိုး ငါးပါးကို ခိုင်မြဲစွာရရှိနိုင်သော ကထိန်ခင်းခြင်းအမှုကို ပါဝေယျကာတိုင်းသား ရဟန်းများကို အကြောင်းပြု၍ ခွင့်ပြုတော်မူခြင်းကြောင့် ကထိန်သည်ဖြစ်ပေါ်လာခဲ့သည်။

ကထိန်ခင်းခြင်းကြောင့် ကထိန်အလှူရှင်တို့ရအပ်သောအကျိုးငါးပါးမှာ သွားလေရာဝယ် အန္တရာယ်ကင်း၊ ပစ္စည်းရင်းမှာ၊မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ၊ မေ့လျက်ဥစ္စာ မဆုံးပါးရာ၊ ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ၊ အရသာသည်၊ ငါးဖြာကထိန်လှူအကျိုးတည်းဟု ဖြစ်ပါသည်။

တန်ဆောင်မုန်းလတွင် အလှူဒါနပြုကြသူများရှိကြသကဲ့သို့ မီးထွန်းပွဲတော်ကိုလည်း ကျင်းပကြသည်။ တန်ဆောင်မုန်းလပြည့်နေ့ကို ရှေးအခါက နက္ခတ်စုံကွန့်မြူးသဖြင့် နက္ခတ်သဘင်အခါကာလဟု သတ်မှတ်ကာ နက္ခတ်တာရာများအား ဆီမီးရောင်စုံဖြင့် ထွန်းညှိပသ ပူဇော်သော မီးထွန်းပွဲတော်ကို ကျင်းပခဲ့ကြသည်။ သို့ရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံ၌ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်နှင့် ဗြဟ္မာပြည်ရှိ ဒုဿစေတီတော်တို့အား ရည်စူး၍ ဆီမီးပူဇော်ပွဲကို ကျင်းပခဲ့ကြသည်။တန်ဆောင်မုန်းလတွင် ကထိန်အလှူနှင့် ဆက်နွှယ်နေသော မသိုးသင်္ကန်းအလှူလည်းရှိသည်။ မသိုးသင်္ကန်းဆိုသည်မှာ ညတွင်းချင်းသင်္ကန်းရက်လုပ်ခြင်း၊ ချုပ်ခြင်းပြုလုပ်သော ကထိန်သင်္ကန်းဖြစ်သည်။ မသိုးသင်္ကန်းကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်တွင် ရက်လုပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် ကထိန်သင်္ကန်းအဖြစ် လှူဒါန်းခြင်း ဖြစ်သည်။

တန်ဆောင်မာသ၊ ဆေးပေါင်းခသည်ပင်များမင်းမည် မဲဇလီ ဆိုသည့်အတိုင်း မဲဇလီသည် တန်ဆောင်မုန်းလ၏ ဆေးပေါင်းခသည့်ပင်မြတ်ဖြစ်သည်။ တန်ဆောင်မုန်းလပြည့် နက္ခတ်တာရာစုံချိန်တွင် စားသုံးပါက ၉၆ ပါးသော ရောဂါတို့ကို ပျောက်ကင်းစေသည်ဟူသော အစဉ်အလာ ယုံကြည်ချက်ရှိကြပါသည်။ တန်ဆောင်မုန်းလ ရောက်ပြီဆိုသည်နှင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်း အစဉ်အလာမပျက် ပါဝင်ဆင်နွှဲသော  ပွဲတော်များရှိသည်။  ကထိန်ပွဲ၊ သာမညဖလအခါတော်နေ့၊ မီးထွန်းပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတို့ဖြစ်ပြီး ထိုပွဲတော်များသည် ကောင်းမှုကုသိုလ်များကို အခြေတည်၍ ကြည်ညိုသဒ္ဓါပွားစရာ အလှူအတန်းများ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်း ပါဝင်ဆင်နွှဲကုသိုလ်ယူကြသည်။

အချုပ်အားဖြင့်ဆိုသော် တန်ဆောင်မုန်းလ၏ သင်္ကေတအဖြစ် မြန်မာတစ်ပြည်လုံးကထိန်ပွဲများကလည်း ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကာ အလှူရေစက် လက်နှင့်မကွာအောင် လှူဒါန်းကြသည်။ အစဉ်အလာ မပျက်ကျင်းပမြဲဖြစ်သော တန်ဆောင်မုန်းလ၏ ပွဲတော်များကို ပါဝင်ဆင်နွှဲရင်း လတန်ဆောင်မုန်းမှာ ကောင်းမှုကုသိုလ်များဖြင့် နှလုံးစိတ်ဝမ်းအေးချမ်း ကြပါစေဟု  ဆုတောင်းရင်း တိုက်တွန်းရေးသားလိုက်ရပါသည်။  ။

အောင်ခန့်ဖြိုးဝေ(တောင်ငူ)