အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

ဟန်တာပေါ့ဗျာ၊ ပြီးတော့ ကျောင်းသားတွေလည်း နွေရာသီမှာ အလုပ်ရသွားတာပေါ့။ ကျွန်တော်တို့ဆီမှာ လုပ်အားပေးစခန်းတွေ ဖွင့်မလို့ဟာ၊ လုပ်ငန်းက နည်းနေသေးတယ်။ ခုနေတော့ သောင်ပြာ ငါးဖမ်းသမဝါယမကိုပဲ လေ့လာရေးထွက်ရတယ်။ အဲဒါလည်းတကယ်တော့ ပျော်ပွဲစားသာသာပါပဲခင်ဗျာ။ အခုတော့ စင်ရော်တံတား ဆောက်တဲ့ဆီကို လေ့လာရေးလွှတ်ရမယ်။ တံတားစခန်းနားမှာ နွေရာသီ လုပ်အားပေးစခန်းဖွင့်ထားရရင် ကောင်းမှာပဲနော် ဗိုလ်ကြီးဘကြိုင်

ဗိုလ်ကြီးဘကြိုင်က တွေး၍စဉ်းစားနေသည်။

ဟာ မလုပ်ပါနဲ့ ခင်ဗျာ။ ကျွန်တော့ကောင်တွေမှ ကျွန်တော်မနည်းထိန်းနေရတာ၊ ကျောင်းသားနဲ့ ဆိုရင်တော့ ပြီးရော။ ကျောင်းသူပါလာရင် မပြောနဲ့တော့။ စခန်းကကောင်တွေ အလုပ်လုပ်တော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့လုပ်ငန်း တော်တော်လေးပြီးတဲ့အချိန်ကျရင်တော့ လေ့လာရေးပျော်ပွဲစားခရီးထွက်ချင်ရင် ထွက်ခဲ့ကြပါ

အားလုံး ရယ်ကြသည်။

သောင်းဒန်သည် လုပ်စရာရှိသည်တို့ကို ချိန်ဆနေသည်။ ကျောက်ခွဲစက်ကို အမြန်ဆုံး ဆင်ရမည်။ ၁၃ မိုင် ကျောက်ခွဲစခန်းကို သွားကြည့်ရမည်။  မီးရထားက သုံးသည့် ကျောက်ကိုကား ကြိုက်သည်။

နောက်တစ်နေ့မှာပင် သောင်းဒန်သည် ဗိုလ်ကြီးဘကြိုင်နှင့်ချိန်းကာ တိမ်ဦးတောင်အတက် ကျောက်မိုင်းကို သွားကြည့်သည်။ ထိုစခန်းတွင် လမ်းအလုပ်သမားများ ကျောက်ခွဲနေသည်ကို တွေ့ရသည်။ အဆက်အသွယ်များကို မေးမြန်းစုံစမ်းသည့်အခါ စခန်းကြီးဘက်မှ အလုပ်သမားများဟု သိရသည်။ သူတို့သည်တောင်ကမ်းပါးယံ လမ်းဘေးတွင် တဲထိုးကာ အဖွဲ့လိုက်နေကြသည်။

အစားအသောက်များ ဘယ်လိုစားသောက်နေကြသလဲဗျာ

သူတို့ စားတာက ပဲနဲ့ ငါးပိပဲ ကိုသောင်းဒန်။အဲဒီရိက္ခာကို စင်ရော်ဆင်းဝယ်တာပဲ။ ဒါကလွဲလို့ ဘာမှ မစားနိုင်ဘူး။ တစ်ခါတလေ တောကောင်လေး ဘာလေးထောင်လို့ရတယ်ပေါ့။ မိုးတွင်းဆိုရင်တော့  တောင်ကျချောင်းမှာ ငါးလေး ဘာလေး ပေါတယ်

တိမ်ဦးတောင်သည် ကျောက်တောင်ကြီးဖြစ်သည်။

တောင်မကြီးသည် စင်ရော်-သောင်ဦးကားလမ်းအလယ်တွင်ရှိသည်။ တောင်မကြီးမှာ ဖြာ၍ တောင်နှာမောင်းများ အရှေ့အနောက် တောင် မြောက် သွယ်တန်းနေကြသည်။ စင်ရော်-သောင်ဦး ကားလမ်းသည်ထိုတိမ်ဦးတောင်ကို ဖြတ်သည်။ တောင်နှာမောင်းတစ်ခု၏ တောင်နံရံကို ဖြတ်ကာ အခြားတောင်နှာမောင်းတစ်ခုဘက်သို့ ကူးသွားသည်။ ထိုတောင်နှာမောင်းတို့သည် အနောက်ဘက်တွင် ပင်လယ်ကမ်းအထိ ဖြာဆင်းသွားသည်။ ကားလမ်းကား မရှိ၊ လူသွားလမ်းတို့သာ ရှိသည်။ အရှေ့ဘက်ဆိုလျှင် အောင်နိုင်နယ်စပ်အထိ တောင်ကြောအတိုင်း သွားနိုင်သည်။ တောင်ကြောတွင် ကားလမ်းမရှိ။ တောင်ကြောမှ စီးဆင်းသည့် ချောင်းငယ်၊ မြောင်းငယ်လေးများအတိုင်း သွားနိုင်သည်။ အဲဒီနေရာကစပြီး  တိမ်ဦးတောင်တက်တာပဲ ကိုသောင်းဒန်

ထိုစခန်းကား ၁၃ မိုင် စခန်းဖြစ်သည်။ ကျောက်မိုင်းဆိုသော်လည်း ထူးထူးခြားခြား မိုင်းကြီးမဟုတ်။ တောင်နံရံမှ ကျောက်သားများကို တူးပေါက်ယူကာ ခွဲခြင်းပင်ဖြစ်သည်။ အရွယ်အစားအားဖြင့်ကား သောင်းဒန်လိုချင်သော အရွယ်အစားထိမရနိုင်။ လက်ဝင်သည်။

လက်သီးဆုပ်ခန့်ရှိ လမ်းခင်းကျောက် အရွယ်သာ ရနိုင်မည်။ ပြီးမှ ကျောက်ခွဲစက်ဖြင့် လိုချင်သည့် အရွယ်အစားရအောင် ခွဲယူရမည်။ စင်ရော်  လမ်းဌာနမှ အင်ဂျင်နီယာ ဦးတင်မောင်နှင့် ဆက်သွယ်ရမည်။

အဲ၊ သယ်ဖို့က နှစ်ဆင့်ဖြစ်နေပြီ။ စင်ရော် တစ်ဖက်ကမ်း ကျီးဖြူအထိ ကားနဲ့သယ်ရမည်။ ပြီးမှ လှေနဲ့ သမ္ဗန်နဲ့ စခန်းကိုရောက်အောင် ယူရမယ်။   ဒီလိုဆိုရင် စရိတ်ကုန်မယ်ဗျာ။ ကျွန်တော်စိတ်ကူးတစ်မျိုးရလာပြီ။ မဖြစ်တော့ဘူး။ လုပ်ငန်းတွင်ကျယ်အောင်တံတား ချဉ်းကပ်လမ်းတွေ အမြန်ဖောက်မှပဲ။ ဒီဘက်ကဆိုရင် တံတားကနေ ငါးမိုင်ခွဲအထိ လမ်းဖောက်ရမယ်။ ပြီးတော့ စင်ရော်နဲ့စခန်းကိုလည်း ချဉ်းကပ်လမ်း အမြန်ဖောက်မှပဲ။ ဒီဘက်လမ်းကတော့ ဟုတ်ပြီဗျ။ ဌာနချုပ်ကပေးတဲ့ လျာထားချက်အတိုင်း ဖောက်မှာပဲ။ ဒါပေမဲ့ စင်ရော်ဘက်ကမ်းက သူတို့ပေးတဲ့လမ်းအူကြောင်းနဲ့ ကျွန်တော်စိတ်ကူးထားတဲ့ လမ်းအူကြောင်း မတူဘူး။ ကျွန်တော်က စင်ရော်မြို့ ကောသွားမှာစိုးလို့

ခင်ဗျား ဗိုလ်မှူးသိန်းအောင်ကို ပြောနေသံ ကြားပါတယ်။ လုပ်ဗျာ၊ ကျွန်တော်တို့ဘက်ကလည်း ထောက်ခံမယ်။ ဗိုလ်ကြီးဇော်သန်းရယ်၊ ကျွန်တော်ရယ် ထောက်ခံမယ်။ ဗိုလ်မှူးသိန်းအောင်ကလည်း သဘောတူမှာပဲ။

ဘာပဲဖြစ်ဖြစ် စင်ရော်နဲ့ တံတားစခန်းကတော့ လမ်းဖောက်ရမှာပဲ။ ဒါမှ ခင်ဗျားပစ္စည်းတွေ သယ်ဖို့၊ လူသွားဖို့ လွယ်မယ်မဟုတ်လား။ ခုတော့ ရေလမ်းတစ်ခုတည်း အားကိုးနေရတယ်

သူတို့နှစ်ယောက် ၁၃ မိုင် ကျောက်မိုင်းမှ ပြန်လာကြသည်။ ရှစ်မိုင်တွင် တစ်ထောက်နားကြသည်။ ထိုရွာလေးကား လမ်းလုပ်သားများ တည်သည့်ရွာဖြစ်သည်။ ယခုမူ စည်စည်ပင်ပင် ရှိနေပြီ။ အစက အိမ်ခြေ၂၀ ခန့်သာရှိသည်။ ယခု တစ်ရာခန့်ရှိနေပြီဟု ဆိုသည်။

သူတို့အဖွဲ့ရောက်လာသဖြင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ဘယ်လိုလဲဗျို့ ဗိုလ်ဘကြိုင်၊ သူတို့ကြည့်ရတာ မျက်နှာမကောင်းကြဘူးဗျ

နေဦး၊ ကျွန်တော် စနည်းနာလိုက်ဦးမယ်

ဗိုလ်ကြီးဘကြိုင်သည် သူကြီးကို ခေါ်၍တွေ့သည်။ ဤဒေသကား စင်ရော်မြို့နယ်  အပိုင်ဖြစ်သည်။

တိမ်ဦးတောင်အတက် မိုင်တိုင် ၁၈ တွင် စင်ရော်မြို့နယ်ဆုံးသည်။ ဟိုဘက်ကား သောင်ဦးနယ်ဘက်ဖြစ်သည်။

အခြေအနေ သိပ်မကောင်းဘူး ကိုသောင်းဒန်၊သူပုန်တွေ နည်းနည်းကူးသန်းသွားလာနေကြတယ်။ မနေ့ကပဲ ဗိုလ်မှူးသိန်းအောင်ပြောတယ် မဟုတ်လား။

ကျွန်တော်တို့ ကျောက်မိုင်းတူးမယ်ဆိုရင် အစောင့်အကြပ်လိုလိမ့်မယ်။ ဒါမှ စိတ်ချရမယ် ခု တွေ့ခဲ့တဲ့ ကျောက်တူးသမားတွေရောဗျာ သူတို့က လက်စနဲ့မို့တဲ့။ ကနေ့ နက်ဖြန် သိမ်းလာ တော့မှာတဲ့။ သူတို့လည်း မနေရဲဘူးတဲ့။ ခုဟာကစင်ရော်လမ်းမကြီး ဖြောင့်ဖြူးဖို့အတွက် လမ်းဌာနက အစပျိုးတာကိုးဗျ။ ဒီအတိုင်းဆိုရင်တော့ တပ်ပါမှ ဖြစ်မယ်။ ရဲနဲ့ချည်း မဖြစ်ဘူး

လှုပ်ရှားနေသည်ပဲ ပြောသည်။ တခြားဘာမှ မပြော။

သောင်းဒန်ကလည်း မမေးချင်။ ယင်းတို့မှာ သူ့ကိစ္စမဟုတ်။

သူ့ကိစ္စကား ကျောက်ရရေးပင် ဖြစ်သည်။ ဗိုလ်မှူးသိန်းအောင်နှင့် တိုင်ပင်ရမည်။ အစောင့်အကြပ်ကိုသူ့ဆီက တောင်းရမည်။ ဒီဒေသတွင် ခြေကုပ်ယူရမည်ဟု ဗိုလ်မှူးသိန်းအောင် ပြောသွားသည်။ ကျောက်မိုင်းတူးရင်းနှင့် တပ်စခန်းစိုက်နိုင်သည်။ အလယ်တွင်တစ်ထောက်စခန်းတစ်ခုချရမည်။ လမ်းဖောက်ပြီးလျှင်သယ်ရလွယ်မည်။

သူကြီးက သူတို့နှစ်ယောက်ကို နာနတ်သီးကျွေးသည်။

စား ကိုသောင်းဒန်၊ ခင်ဗျား လျှာလည်သွားမယ်။ ခင်ဗျားတို့ရန်ကုန်ရောက်လာတဲ့ ဒါးပိန် နာနတ်နဲ့ဆီနဲ့ရေကွာတယ်။ ဒီက နာနတ်က အလုံးလည်းကြီးတယ်။ အရသာလည်း ရှိတယ်။ ဟောဒီ ရှစ်မိုင်ရွာကနေပြီး သိန်းရဲချောင်းအတိုင်း အနောက်ဘက်တက်သွားမယ်ဆိုရင် တောင်ခြေမှာ သိန်းရဲရွာလေးရှိတယ်။အဲဒီက ဒူးရင်းသီးက သိပ်နာမည်ကြီးတာပဲ။ အခုမပေါ်သေးဘူး။ ပေါ်မှ ကျွေးရဦးမယ်

ဗိုလ်ကြီးဘကြိုင် ပြောသည့်အတိုင်း ရှစ်မိုင် နာနတ်သည် လေးလေးပင်ပင် ချိုသည်။

ဒီနယ်မှာ သီးနံှဆိုလို့ ဒူးရင်း၊ မင်းကွတ်၊ နာနတ်ပေါတယ်။ အဲ အသီးအရွက်ကျတော့ ရှားတယ်။ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ မုန်လာ အဲဒါတွေ မရှိဘူး။

သူတို့က လယ်လည်း သိပ်မစိုက်ဘူးဗျ။ သူတို့စိုက်တာက တောင်ယာစပါးပဲ။ သိပ်ပြီး ခွန်အားမစိုက်ရဘူးပေါ့ဗျာ။ တောင်စောင်းမှာ သစ်ပင်ကြီးတွေ ခုတ်၊ ဝါးရုံတောတွေ မီးရှို့ပြီးတော့ တောင်ယာစပါးကြဲလိုက်တာပဲ။ ခြံဆိုတာကတော့ သိပ်ကရိကထများတာမှ မဟုတ်ဘဲ။ သူတို့ စားတာက တောင်ယာစပါးပဲ။ ဆန်စက်လည်း ဒီဘက်မှာ မရှိဘူး။ မောင်းထောင်းဆန်ပဲ စားတယ်။ ဒီက ဟိုဘက် သောင်ဦးနယ်မှာဆိုရင် မိုင်းအလုပ်နဲ့ ခြံအလုပ်ပဲ လုပ်တယ်။ ဒီတော့ တခြားကုန်တွေ ရှားတာပေါ့ဗျာ။ တလောက ဟောဒီမှာ ရေနံဆီ တစ်ပုလင်း နှစ်ကျပ်တောင်ဖြစ်သွားတယ်။ ဆားတစ်ပိဿာ နှစ်ကျပ်အထိ ဖြစ်သွားတယ်

ဟာ လွန်လွန်မင်းမင်းဗျာ

စစ်တပ်က စင်ရော်-သောင်ဦးလမ်းကို ပိတ်ပစ်လိုက်တယ်ဗျ။ မပိတ်လို့လည်း မဖြစ်ဘူး။ ကူးသန်းသွားနေတာက မှောင်ခိုချည်းပဲ။ မှောင်ခိုဆိုတာကလည်း တောထဲရောက်တော့ သူပုန်နဲ့ အဆက်အသွယ် လုပ်ရတာပဲ။ ရိက္ခာကအစ သတင်းပလင်းအစုံ သူပုန်ကို ဆက်ရတယ်။ လမ်းပိတ်ပေမယ့် မရပါဘူး။ ကားလမ်းမဟုတ်တဲ့ တောလမ်းတွေ အများကြီးပဲ။ ခုတော့ လမ်းပြန်ဖွင့်ရတော့မယ်။ နယ်မြေမှာ ပစ္စည်းရှားပါးသွားတယ်။ အခြား လူသုံးကုန်တွေက မိုးတွင်းမှာ ရှိတဲ့လမ်းကပဲ လာတာကိုးဗျ။ လမ်းပိတ်လိုက်တော့ ဈေးတက်ကုန်တောပေါ့

သောင်းဒန်သည် စင်ရော်တံတားအမြန်ပြီးရန်ပို၍ ထက်သန်လာသည်။ စင်ရော်တံတားသည် နယ်မြေဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြု လိမ့်မည်ဟု ပို၍ယုံကြည်လာလေသည်။

၁၃ မိုင်မှ ပြန်လာလျှင် ဗိုလ်မှူးသိန်းအောင်နှင့် တွေ့သည်။ ကျောက်မိုင်းလုံခြုံရေးအတွက် တင်ပြသည်။

ဗိုလ်မှူးသိန်းအောင်ကလည်း အစောင့်ချပေးမည်ဟု ဆိုသည်။

ဒါပေမဲ့ အခြေအနေအရပဲ   ကိုသောင်းဒန်၊ အခြေအနေအရဆိုတာက ခင်ဗျားရဲ့ တံတားစခန်းမှာလည်း တပ်စုတစ်စု ချပေးရဦးမယ်။ ကျောက်မိုင်းမှာလည်း တပ်စိတ်တစ်စိတ်ပေးရမယ်ဆိုရင် ကျွန်တော့်မှာ လူမရှိတော့ဘူး။ တခြားစခန်းတွေလည်း ရှိသေးတယ်။ ဒီတော့ လူပိုရင် တပ်စိတ်တစ်စိတ်ကျောက်မိုင်းမှာ ချပေးမယ်။ မပိုရင် ခင်ဗျား တံတားမှာ ချထားမယ့် တပ်စုထဲက ခွဲပြီး ပေးရလိမ့်မယ်

သောင်းဒန် သဘောတူသည်။  အလုပ်ဖြစ်ဖို့ အရေးကြီးသည်။ ဘယ်လိုပဲ ပေးပေး၊ ရတာ ပဓာနသာဖြစ်သည်။ အမှန်စင်စစ် စခန်းတွင် တပ်စုတစ်စုဆိုသည်မှာ များလှသည်။ ယခုအထိကား တံတားစခန်းတွင် ဘေးအန္တရာယ်မရှိသေး။ ကြို၍တော့ တွက်မထားတတ်။ သူလည်း စစ်ရေးစစ်ရာ   ကျွမ်းကျင်သူ မဟုတ်။               

 ဆက်လက်ဖော်ပြပါမည်။    

ကျော်အောင်