ပြည်ပမှတင်သွင်းသည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ပြတ်လပ်မှုကြောင့် ကန်ထရိုက်တာများ အခက်အခဲဖြစ်ပေါ်နေ

COVID-19  ရောဂါ  အခြေအနေကြောင့် ပြည်ပမှတင်သွင်းသည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်နေ၍ ကန်ထရိုက်တာများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း  မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။

ထိုင်းနိုင်ငံဘက်မှ   ဆောက်လုပ်ရေး    သုံးပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန် ပစ္စည်းများကို အဓိကထား တင်သွင်းလျက်ရှိသော်လည်း လက်ရှိတွင်  မြဝတီ-မဲဆောက်ကုန်သွယ်ရေးမှာ  ပုံမှန်အနေအထား၏  ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြားသာ ကုန်သွယ်မှုပြုလုပ်နိုင်ခြင်းကြောင့်   ကုန်စည်များ ဝင်ရောက်မှု နည်းလာခြင်း ဖြစ်သည်။

ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထည့်သွင်း အသုံးပြုရသော ဘိလပ်မြေ၊ ကွန်ကရစ်၊ သံချောင်း စသည့် ပစ္စည်းများ ပြတ်လပ်နေခြင်းကြောင့် အဆောက်အုံ တည်ဆောက်ရာတွင် အခက်တွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ပစ္စည်းပြတ်လပ်မှုအပြင် သယ်ယူပို့ဆောင်ရာတွင်လည်း ယခင်က တစ်ရက်သာကြာ မြင့်သောခရီးမှာ ယခု နှစ်ရက်ခန့်ကြာမြင့်နေသောကြောင့်    သယ်ယူပို့ဆောင်ခများလည်း   မြင့်တက်လျက်ရှိကြောင်း သိရသည်။

 ကျော်ကို