ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျီရီးယန်းတောင်ကို အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်၍ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်နေ

ထန်တလန်  နိုဝင်ဘာ ၂၂

ကျီရီးယန်းတောင်သည် ချင်းပြည်နယ်   ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာ သီကီးရ်ရေလှောင်တမံအနီးတွင်တည်ရှိပြီး တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစိတ်များ ကြွယ်ဝသည့် ကျီရီးယန်းတောင်ကို  အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်၍   ပြည်တွင်းပြည်ပခရီးသွားများလာရောက် လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျီရီးယန်းတောင်ဒေသကို အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်နိုင်ရန်   ပြင်ဆင်ခဲ့သည်မှာ နှစ်နှစ်ဝန်းကျင်ရှိပြီဖြစ်ရာ ၂၀၂၀ ပြည့်နှစ်အတွင်း    အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်မည် ဖြစ်ကြောင်း သိရပြီး ပြည်တွင်းပြည်ပ ခရီးသွားများ သွားလာလည်ပတ်နိုင်ရန်နှင့် တည်းခိုနိုင်ရန် ထန်တလန်မြို့နှင့် ဟားခါးမြို့တို့တွင် တည်းခိုခန်းများ၊ ဧည့်ရိပ်သာများ တိုးချဲ့ဆောက်လုပ်လျက်ရှိသည်။

ကျီရီးယန်းတောင်သည် ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၃၀ ကျော် ဝန်းကျင်ဝေးပြီး ထန်တလန်မြို့မှတစ်ဆင့် သွားရောက်လည်ပတ်နိုင်ကြောင်း၊ ကျီရီးယန်းတောင်အမျိုးသားဥယျာဉ်သည် ဧရိယာစတုရန်းမိုင်  ၁၃ ဒသမ  ၁၀   ဧကကျယ်ဝန်းပြီး တောအမျိုးအစားမှာ တောင်ပေါ်အမြဲစိမ်းတော၊   မြက်ခင်းတော၊ ထင်းရူးတောများဖြစ်ကြောင်း၊ ကျီရီးယန်းတောင်တွင် သစ်မျိုးစိတ် ၉၂ မျိုး၊ အင်းကျား၊  ကျားသစ်၊ ဝက်ဝံ၊ မျောက် စသည့်တောရိုင်းတိရစ္ဆာန်များ၊ နို့တိုက်

သတ္တဝါမျိုးစိတ်  ၃၇ မျိုးနှင့် ရှားပါးငှက်အမျိုးအစားဖြစ်သည့် လင်းတငှက်များ၊ ငှက်တော်ငှက် စသည့် ငှက်မျိုးစိတ်ပေါင်း ၆၄ မျိုးအထိ နေထိုင်ကျက်စားမှုရှိကြောင်း ပညာရှင်များ၏ လေ့လာချက်အရ သိရသည်။

ချင်းပြည်နယ်အတွင်း သစ်တောဦးစီးဌာနအနေဖြင့် ကျီရီးယန်းတောင်အမျိုးသားဥယျာဉ်အပြင် ထန်တလန်မြို့နယ်ရှိ ဗွေပါးတောင်အမျိုးသားဥယျာဉ် ဧရိယာစတုရန်းမိုင် ၆၈ ဒသမ ၀၂ ဧက၊ မီအေပီတောင်အမျိုးသားဥယျာဉ် ဧရိယာစတုရန်းမိုင်၁၉ ဒသမ ၃၀ ဧကနှင့် စာမွှန်းတောင်အမျိုးသားဥယျာဉ် ဧရိယာစတုရန်းမိုင် ၄၄ ဒသမ၃၀ ဧက၊ ဟားခါးမြို့နယ်ရှိ ဇိန်မှုတောင်အမျိုးသားဥယျာဉ်ဧရိယာစတုရန်းမိုင် ၃၁ဒသမ  ၁၅ ဧကနှင့် မှုန်တောင်သဘာဝထိန်းသိမ်းရေးနယ်မြေ ဧရိယာစတုရန်းမိုင် ၂ ဒသမ၂၀ ဧက၊ ဖလမ်းခရိုင် တီးတိန်မြို့နယ်ရှိ    လေသာတောင်အမျိုးသားဥယျာဉ်ဧရိယာစတုရန်းမိုင် ၃၆ ဒသမ ၆၆ ဧကတို့ကို   သဘာဝထိန်းသိမ်းရေး နယ်မြေများ အဖြစ် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး  ချင်းပြည်နယ်မင်းတပ်ခရိုင်ရှိ နတ်မတောင်အမျိုးသားဥယျာဉ်၊ ပလက်ဝမြို့နယ်ရှိ  ကီမိုတောင်နှင့် ဟားခါးခရိုင်ရှိ ဗွေပါးတောင် အမျိုးသားဥယျာဉ်ဟူ၍ တည်ထောင်ခဲ့ပြီး ဘေးမဲ့တောသုံးခုရှိပြီ ဖြစ်ကြောင်း သိရသည်။

ထယ်လ်ဏ