စကုမြို့ ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ပျက်စီးယိုယွင်းနေသည့် သုံးထပ်အုတ်ကျောင်းကြီးအား ပြန်လည်ပြုပြင် တည်ဆောက်မည်

မကွေး  နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် မင်းဘူးမြို့နယ်    စကုမြို့   ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ပျက်စီးယိုယွင်းနေသည့် ရှေးဟောင်းသုံးထပ်အုတ်ကျောင်းကြီးအား ရှေးဟောင်းအမွေအနှစ်    လက်ရာများ မပျောက်ပျက်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  ပြည်ထောင်စုရန်ပုံငွေကျပ်သိန်း၂၀၀ ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်မည် ဖြစ်ကြောင်းကို မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။

စကုမြို့ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ကျောက်ခေတ်၊ ပျူခေတ်၊  ပုဂံခေတ်မှတိုင် ယနေ့ခေတ်အထိလက်ရာ စေတီပုထိုး၊ ကျောင်း၊ သိမ်  စသည်တို့ တည်ရှိရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

စကုမြို့ရှိ ရှေးဟောင်းသုံးထပ်အုတ်ကျောင်းကြီး ပြုပြင်တည်ဆောက်မှုအတွက် ပြည်ထောင်စုရန်ပုံငွေကျပ်သိန်း ၂၀၀ ဖြင့်

အဆောက်အအုံအတွင်း  ပေါင်းမြက်များ သန့်ရှင်းရေးလုပ်ငန်း၊ ဝါးငြမ်းနှစ်ထပ်ဆင်ခြင်း လုပ်ငန်း၊ ဆွေးမြည့်အုတ်များ စနစ်တကျ ဖယ်ထုတ်ခြင်းလုပ်ငန်း၊ ထုံးသရွတ်ဖြင့် အုတ်စီ၊ အုတ်နင်းပျက်စီးမှုများအား အုတ်ဟောင်း ၆၀ ရာခိုင်နှုန်းပြန်သုံး၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊  ထုံးသရွတ်ဖြင့် အုတ်စီ၊ အုတ်နင်းပျက်စီးမှုအား ပေအုတ်သုံး၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ထုံးကွန်ကရစ်ဖြင့် ၂ လက်မထု ရေပိတ်လွှာအခင်းလောင်းခြင်းလုပ်ငန်း၊ ကြံ့ခိုင်မှုရှိစေရန် အက်ကွဲကြောင်းများအတွင်းသို့ ထုံးမော်တာဖြင့် အင်္ဂတေဖျော်ရည်လောင်းခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိမြေပြင်အနေအထားအရ စကုမြို့တွင် ဘုရားစေတီပေါင်း ၁၆၈ ဆူ၊ အရံစေတီပေါင်း ၂၂၁ ဆူ၊ ရုပ်ပွားဆင်းတုတော်

ပေါင်း ၁၄၃ ဆူ၊ ခြင်္သေ့ရုပ် ၁၇၃ ရုပ်၊ နရားရုပ် ၁၈ ရုပ်၊ တံခွန်တိုင်ပေါင်း ၁၅ တိုင်၊ မနုဿီဟရုပ်တု ၄၃ ရုပ်၊ ခေါင်းလောင်း၁၇ ခု၊ နတ်ရုပ်လေးရုပ်၊ ခြေတော်ရာတစ်ဆူ၊ ဓမ္မာရုံ၊ ဇရပ် ၂၅ လုံးတို့ရှိပြီး ယခုပြန်လည်ပြုပြင် ဆောက်လုပ်မည့် သုံးထပ်ကျောင်းတော်ကြီးမှာ ညောင်ရမ်းခေတ်က တိုင်ဆောက်လုပ်ခဲ့ပြီး အမရပူရခေတ်မှာ ပြန်လည်မွမ်းမံထားတဲ့ လက်ရာတွေပါရှိပါတယ်။ အထပ်သုံးထပ်ရှိပြီး အပေါ်ဆုံးထပ်မှာ  ပိဋကတ်တိုက်အဖြစ် ထားရှိပြီးအောက်ထပ်တွင် သံဃာတော်တွေ စာချ၊ စာအံတဲ့နေရာတွေတွေ့ရှိတယ်။ ကျောင်းတိုက်အတွင်း လိုဏ်ဂူပတ်လမ်းတွေရှိတယ်ဟု   စကုမြို့နေသမိုင်းသုတေသီ ဦးဇော်မျိုးဦးက ပြောသည်။

စကုမြို့ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ရှေးဟောင်းစေတီများစွာနှင့် သစ်သားပန်းပုရုပ်စုံကျောင်းများ၊   နံရံဆေးရေး ပန်းချီများရှိပြီး စေတီလက်ရာအများစုမှာ အေဒီ ၁၃ ရာစု၊ ၁၄ ရာစုခေတ်မှစပြီး အေဒီ ၁၇၊ ၁၈၊ ၁၉ ရာစု လက်ရာများ အများအပြားတွေ့ရှိရကြောင်း    သိရသည်။                   

ဘုန်းလင်္ကျာ(မင်းဘူး)