အရှေ့အလယ်ပိုင်းတပ်ဖွဲ့များ အချိန်တိုအတွင်း ပြန်ခေါ်ရေးဆွေးနွေးနေသည့် မိုက်ပွန်ပီယိုနှင့် ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ဝန်မခံသေးသည့် ထရမ့်

ကမ္ဘာ့စက်မှုထိပ်သီး အင်အားကြီးနိုင်ငံ ၂၀ ပါဝင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ G20 အစည်းအဝေးကို အရှေ့ အလယ်ပိုင်းဒေသ အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံက နိုဝင်ဘာ ၂၁ ရက်တွင် အိမ်ရှင် အဖြစ် ပထမဆုံးကျင်းပခဲ့သည်။

ဆော်ဒီဘုရင်ဦးဆောင်ကျင်းပသည့် G20 အလှည့်ကျဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်အများစု ပုံမှန် တက်ရောက်မိန့်ခွန်းပြောလေ့ရှိကြပြီး အမေရိကန်သမ္မတ၊ တရုတ်သမ္မတနှင့် ရုရှားသမ္မတတို့ကိုယ်တိုင် တက်ရောက်လေ့ရှိသောကြောင့် နှစ်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံမည့်အခွင့်အရေးလည်း  ရတတ် သည်။ ယခုတစ်ကြိမ်ကို အွန်လိုင်းညီလာခံအဖြစ်သာကျင်းပပြီး ဗိုင်းရပ်အရေး အဓိကကိုင်တွယ်ဖြေရှင်းရေး နှင့် ကမ္ဘာ့စီးပွားရေးပြန်လည် နိုးထရေးသဘောတူညီချက်များ၊ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်တိုက်ဖျက် ရေးနှင့် တစ်ဦးတစ်ယောက်ကောင်းစားရေး ကိုယ်ကျိုးကြည့်မူဝါဒများ မချမှတ်ရန် ဆွေးနွေးခဲ့ကြသည်။

ထိုအချိန် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ပြည်ပခရီး ၁၀ ရက်ကြာထွက်နေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ကာတာနိုင်ငံသို့ ရောက်ရှိနေကာ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေးတွန်း အားပေးမှုများပြုလုပ်နေသည်။ ပွန်ပီယိုနှင့် ကာတာခေါင်းဆောင် ရှိတ်ဘင်လ်မာမတ်အယ်လ်တနီတို့ တွေ့ ဆုံခဲ့ပြီး တာလီဘန်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြင် အရှေ့အလယ်ပိုင်းဒေသ အီရန်ခြိမ်းခြောက်မှုနှင့် ယီမင်ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးခဲ့သည်။

ဥရောပအတွက် ပွန်ပီယို၏ ခရီးစဉ်က အကောင်းဆုံးအနေအထား မဟုတ်ခဲ့သော်လည်း ထရမ့်အစိုးရ၏  အရှေ့အလယ်ပိုင်းဒေသ အားကောင်းသော မူဝါဒများကြောင့် ပွန်ပီယိုသည် ယင်းဒေသတွင် အရေးပါအရာ ရောက်ဆုံးအနေအထား၌ ပင်ရှိနေသေးသည်။ ထရမ့်က ၎င်း၏ကျန်ရှိနေသည့် သမ္မတသက်တမ်းသုံးလ အတွင်း အာဖဂန်ငြိမ်းချမ်းရေး သဘောတူညီချက်ရယူပြီး အမေရိကန်တပ်ဖွဲ့များကို လျင်မြန်စွာ နေရပ်ပြန် ခေါ်ရေး ဆောင်ရွက်ချင်နေသောကြောင့်ဖြစ်သည်။

တာလီဘန်စေ့စပ်ညှိနှိုင်းမှုများနှင့်ပါ ကာတာနိုင်ငံမြို့တော်ဒိုဟာ၌ ပွန်ပီယို တွေ့ဆုံခဲ့သေးပြီး တိုးတက် နေသည့် တာလီဘန်-အမေရိကန်ညှိနှိုင်း ဆွေးနွေးမှုများကို အားသစ်လောင်းရန် အကောင်းဆုံး အချိန်ဟုယူ ဆကာ အမေရိကန်၏ ကာကွယ်ရေးမူဝါဒ တစ်စိတ်တစ်ပိုင်းကို ပြောင်းလဲပစ်ရန် ပြင်ဆင်နေသည်။ ထရမ့် အတွက် အမေရိကန်က ပထမဟုကြွေးကြော်နေသည့်အတွက် အမေရိကန်တပ်ဖွဲ့များ နေရပ်ပြန်ခေါ်ရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များက ပြည်တွင်း၌ ၎င်းလုပ်ဆောင်နေသည့် အမျိုးသားရေးဝါဒီအတွက် အရေးပါဆုံးဖြစ်သည်။

ထို့ကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်  ကိုရီးယားကျွန်းဆွယ်အရေး၊  အာရပ်-အစ္စရေးငြိမ်း ချမ်းရေးသဘောတူညီချက်များကို ထရမ့်ရယူနိုင်ခဲ့ကာ ထရမ့်အတွက် အမှန်တကယ် ပြည်တွင်းနိုင်ငံရေး အရလည်း အောင်မြင်မှုများ ရရှိခဲ့သည်။  ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတလောင်း  ဂျိုးဘိုင်ဒင်ကို  ရှုံးနိမ့်ခဲ့သော်လည်း ထရမ့်၏ထောက်ခံမဲအရေအတွက်က ၇၁ သန်းဖြစ်သည်။

အမေရိကန်၏နာမည်အကြီးဆုံး  အိုဘားမား၏ ထောက်ခံမဲပင် ၆၆ ဒသမ ၉ သန်းဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထရမ့်က အိုဘားမားထက်ပင် ထောက်ခံမဲပိုများနေသဖြင့် ယခုအချိန်ထိ ထရမ့် လက်မခံနိုင်ဖြစ်နေရခြင်းဖြစ်သည်။ ထရမ့်က ယခုအချိန်ထိ ၎င်းရှုံးနိမ့်ကြောင်း လူသိရှင်ကြား ဝန်မခံ ထားသေးဘဲ မဲများပြန်လည်ရေတွက်မှုကိုလည်း ၎င်းသဘောအတိုင်း ပြုလုပ်ခွင့်ရခဲ့သည်။

သို့သော် မဲရှုံးသည့်ရလဒ် မည်မျှထွက်လာစေကာမူ ထရမ့်က ရွေးကောက်ပွဲအရှုံးကိုလက်ခံနိုင်သေးဟန် မတူဘဲ ယခု အမေရိကန်၌ ဗိုင်းရပ်ကူးစက်မှု  ၂၀ ရာခိုင်နှုန်းတိုးလာနေသည့်အတွက် တင်းကျပ်သည့် စည်းမျဉ်းများနှင့်  ပွဲတော်များကိုလည်း  ကန့်သတ်၊ ကျောင်းများကိုပင် ပိတ်လိုက်ရပြီဖြစ်သည်။ ဗိုင်းရပ် ကူးစက်မှုမထိန်းချုပ်နိုင်သေးသောကြောင့် အမေရိကန်တို့ ချောက်ကမ်းပါးပေါ်တွင် ရောက်နေသည့် အခြေ အနေဟု ပညာရှင်တချို့က သုံးသပ်လာနေကြပြီဖြစ်ကာ ဂျိုးဘိုင်ဒင်ကလည်း ထရမ့်ကြောင့် ၎င်း၏ ဗိုင်းရပ် ထိန်းချုပ်ရေးဗျူဟာများ ကြန့်ကြာလာနိုင်ကြောင်း သတိပေးနေသည်။

ယခု ကာကွယ်ဆေးထိရောက်မှု ၉၅ ရာခိုင်နှုန်းအထိရှိသော အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမနီ ဆေးကုမ္ပဏီ BioNTech တို့က အရေးပေါ်ကုသခွင့်ကို နိုင်ငံတကာ၌ လျှောက်ထားလိုက်ပြီဖြစ်ကာ Moderna ကုမ္ပဏီကလည်း အရေးပေါ်ကုသခွင့် မကြာမီလျှောက်ထားတော့မည်ဖြစ်သည်။ Moderna၊ Pfizer နှင့် BioNTech တို့ ကာကွယ်ဆေးရလဒ်များက တစ်ပတ်သာခြားပြီး ပေါ်ထွက်လာခြင်းဖြစ်ကာ ယခု နောက်ထပ် အလားအလာကောင်းသော အောက်စ်ဖို့ ကာကွယ်ဆေးကလည်း ထိရောက်မှုများစွာ ရှိနေပြန်သည်။

အမေရိကန်၌ ဗိုင်းရပ်ကူးစက်မှုများပြားလာသည့်အတွက် ဆေးရုံများမလောက်တော့သည်အထိ ဖြစ်လာကာ  ကားပါကင်နှင့် နေရာလွတ်များကိုပင် ကုသရေးနေရာများအဖြစ် ပြောင်းလဲနေရသည်။ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာန(CDC) အကြီးအကဲ ဒေါက်တာဖူချီက ကာကွယ်ဆေးပေါ်လာလျှင်ပင် လူတိုင်းကို ချက်ချင်းထိုးပေးနိုင်မည်မဟုတ်သည့်အတွက် ကူးစက်ရောဂါကာကွယ်ရေးနည်းလမ်းများ ဆက်လက်လိုက်နာ ရန်နှင့် ကန့်သတ်ချက်များ တစ်ဆင့်ချင်းဖြေလျှော့ရန် သတိပေးထားသည်။

သို့သော်  တစ်ဖက်တွင် ထရမ့်က ပွန်ပီယိုကို အရှေ့အလယ်ပိုင်းဒေသသို့ လွှတ်ထားသည့်အတွက် ဒီမိုကရက် တစ်အများစုက မျက်စိဒေါက်ထောက်ကြည့်နေကြကာ ဥရောပအဖွဲ့အစည်းနှင့် အရှေ့အာရှဘက်၌  ဂျိုးဘိုင် ဒင်ခေတ်ကို  မျှော်လင့်နေကြပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ထရမ့်အစိုးရကိုလူကြိုက်များမှု အား ကောင်းလှကာ ယခု အီရတ်နှင့် အာဖဂန်မှတပ်ဖွဲ့များ လျင်မြန်စွာဆုတ်ခွာရေးက အချိန်ယူရမည့် အရာဖြစ် သည်။

ထရမ့်က ဝေဖန်ချက်များစွာကိုဂရုမစိုက်ဘဲ ၎င်းဖြစ်ချင်သမျှကို ၎င်းအပေါ်သစ္စာရှိသည့် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုအားစေလွှတ်ကာ ဆုံးဖြတ်ချက်များစွာ ချနေသည်။ တစ်ချိန်တည်းမှာပင် အမိမြေလုံခြုံ ရေးဌာန အရာရှိများ၏ ဖွင့်ချချက်များက ထရမ့်သည်နိုင်ငံတော် လုံခြုံရေးအတွက် စိတ်ဝင်စားသူမဟုတ်၊ ၎င်း၏ အကျိုးအမြတ်ကိုသာ စိတ်ဝင်စားသူဟုဆိုထားသည့်အတွက် ဒီမိုကရက်တစ်တို့က အမေရိကန်သမ္မတ ရာထူးနှင့် စီးပွားရှာနေသည်ဟုစွပ်စွဲထားပြီး ဘီလျံနာကြီး ထရမ့်တွင် သန်း ၄၀၀ အကြွေးတင်နေ သည့် အတွက် အမေရိကန်သမ္မတ၊ စစ်ဦးစီးချုပ်၏ဆုံးဖြတ်ချက်ကို တစ်စုံတစ်ခုက လွှမ်းမိုးထားမည်လား ဆိုသည့် သံသယများ ဖြစ်လာနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  ။

Ref;CNN