ချင်းပြည်နယ် ကော်ဖီစိုက်တောင်သူများအား ကော်ဖီပျိုးပင် ၅၀၀၀၀ အခမဲ့ဖြန့်ဖြူးပေးမည်

ဟားခါး၊ စိုက်ပျိုးရေး

ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ဆောင်ရွက်လျက်ရှိသည့် တီးတိန်မြို့နယ် ထေးဇန်ကျေးရွာ ကော်ဖီသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ ၂၀၂၁ ခုနှစ် မိုးဦးရာသီတွင် ကော်ဖီတိုးချဲ့စိုက်ပျိုးလိုသည့် တောင်သူများအား ကော်ဖီပျိုးပင် ၅၀၀၀၀ ကို အခမဲ့ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ထေးဇန်ကော်ဖီသုတေသနနဲ့ နည်းပညာဖွံ့ဖြိုးရေးခြံက ချင်းပြည်နယ်အတွင်း ကော်ဖီစိုက် ပျိုးကြမယ့်တောင်သူတွေကို နှစ်စဉ်ကော်ဖီပျိုးပင်တွေကို အခမဲ့ဖြန့်ဖြူးပေးနေသလို စိုက်ပျိုးရေးနည်းပညာ တွေကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် စိုက်ပျိုးရေးဌာနတွေက တစ်ဆင့် ပညာပေး ဆောင်ရွက်နေတာ မျိုးရှိပါတယ်။ အဓိကအားဖြင့် ချင်းပြည်နယ် ရေမြေရာသီဥတုနဲ့ ကော်ဖီစိုက်ပျိုးရေးက ကိုက်ညီတယ်။ ကျွန်တော်တို့ ၂၀၂၁ ခုနှစ်မှာ ကော်ဖီစိုက်ဧက ၁၅၀၀ ဝန်းကျင်ကနေ ဧက ၂၀၀၀ အထိ တိုးချဲ့စိုက်ပျိုးဖို့  ဆောင်ရွက်နေပါတယ်” ဟု တီးတိန်မြို့နယ် ထေးဇန်ကျေးရွာ ကော်ဖီသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောသည်။

ယခင်က ချင်းပြည်နယ်တွင် ကော်ဖီစိုက်ပျိုးရေးအတွက် ပြင်ဦးလွင်ဒေသဘက်မှ ပျိုးပင်များကို မှာယူစိုက် ပျိုးခဲ့ရပြီး ယခုအခါ တီးတိန်မြို့နယ် ထေးဇန်ကျေးရွာ ကော်ဖီသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ကော်ဖီ စိုက်တောင်သူများအတွက် ကော်ဖီပျိုးပင်ကို လိုသလောက် အခမဲ့ရရှိမည်ဖြစ်သည်။

တီးတိန်မြို့နယ် ထေးဇန်ကျေးရွာ ကော်ဖီသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှာဧရိယာ ၈၂ ဧကကျယ် ဝန်းကာ ၃၀ ဒသမ ၈ ဧကတွင် ကော်ဖီပင်များ စမ်းသပ်စိုက်ပျိုးထားသည်။

အဆိုပါ ကော်ဖီခြံမှ ပြီးခဲ့သည့်မိုးရာသီကချင်းပြည်နယ်အတွင်း ကော်ဖီစိုက်ပျိုးပင်ပေါင်း ၃၈၀၀၀ ကို အခမဲ့ဖြန့် ဝေပေးခဲ့ပြီး လာမည့်မိုးဦးရာသီတွင် ကော်ဖီပျိုးပင် ၅၀၀၀၀ ကျော် အခမဲ့ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထယ်လ်ဏ