ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှ ဆေးတံအမှတ်တရ ပစ္စည်းလုပ်ငန်း

ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှ ဆေးတံအမှတ်တရ ပစ္စည်းလုပ်ငန်း

 

    နိုင်ငံတစ်နိုင်ငံ၏   စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍပေါင်း များစွာရှိသည့်အနက် MSME များ၏ စီးပွားရေးလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် MSME ကို အားပေးမြှင့်တင်ခြင်းဖြင့် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ကာ ရေရှည်အာမခံချက် ရှိသော   စီးပွားရေး လုပ်ငန်းများ ဖြစ်ထွန်းလာမည်ဖြစ်သည်။

အသေးစားစက်မှုလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  One Region One Product (OPOR)   ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်သည် ကျေးလက်နေ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်း ပိုမိုခိုင်မာရေးများ  ဖြစ်ထွန်းလျက်ရှိသည်။

မွန်ပြည်နယ်၌ ဒေသတစ်ခုထုတ်ကုန် တစ်ခုလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသော လက်ရှိတွင်  ပြည်ပဈေးကွက်အထိ ထိုးဖောက်အောင်မြင်ပြီး အင်္ဂလိပ်ခေတ်ကတည်းက နာမည်ကြီးခဲ့သည့်  ချောင်းဆုံမြို့နယ်  ရွာလွတ်ကျေးရွာရှိ  (၅၅၅) အမှတ်တံဆိပ် ဆေးတံနှင့် သစ်သားပန်းပုလုပ်ငန်း လုပ်ကိုင်နေသော ဦးမန်းငွေဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်-

မေး။   ။ဆေးတံလုပ်ငန်းကို  စတင်လုပ်ကိုင်ဖြစ်လာပုံလေးကို ရှင်းပြပေးပါရှင့်။

ဖြေ။   ။ဆေးတံလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ကိုလိုနီခေတ်ကတည်းက အဘိုးဖြစ်သူ ဆရာကြီးဦးညွန့်က ဆေးတံကို စွန့်ဦးတီထွင် လုပ်ကိုင်ခဲ့ပါတယ်။  အခုဆိုရင်နှစ်ပေါင်း ၅၀ ကျော် ရှိပြီဖြစ်ပါတယ်။  ကိုလိုနီ အင်္ဂလိပ်လက်ထက်   မွန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မော်လမြိုင်မြို့ မိုင်ဒါကွင်းမှာ မွန်ယဉ်ကျေးမှုပြပွဲပြိုင်ပွဲများ ကျင်းပရာ အဘိုးဖြစ်သူ တီထွင်ထားတဲ့  ဆေးတံကို သွားရောက်ပြသခဲ့ရာ ပထမဆုဂုဏ်ထူးဆောင် လက်မှတ်ရရှိခဲ့ပါတယ်။ ပြပွဲ၊ ပြိုင်ပွဲများ လှည့်လည်ကြည့်ရှုရာမှာ စာပေပြခန်းတစ်ခုက “မြန်မာ့အကျိုးစီးပွား” (ပ၊ ဒု)အတွဲတွင်တွေ့ရှိသည့် စာရေးသူ(သုံးဆယ်)မြို့မှ ဆရာမဒေါ်ဖွားရှင် အင်္ဂလိပ်ဘာသာမှမြန်မာပြန် ရေးသားတဲ့ ဖိုင်ဘာပြုလုပ်နည်း ပညာအတိုင်း ဆောင်ရွက်ပြီး ဆေးတံတွင်အသုံးပြုတဲ့   ဖိုင်ဘာကိုအောင်မြင်စွာ ဖန်တီးခဲ့ပါတယ်။  ထိုမှတစ်ဆင့် ရွာလွတ်ကျေးရွာရှိ လူတော်တော်များများ ဆေးတံလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း  လုပ်ကိုင်လာကြသည်မှာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီဖြစ်ပါတယ်။ အဘိုးလက်ထက်မှအဖေ၊ အဖေလက်ထက်မှ   ကျွန်တော်တို့လက်ထက် အထိ  အထက်မြန်မာပြည်၊ အောက်မြန်မာ ပြည်ပြပွဲများ၊  အာဆီယံ ၁၀ နိုင်ငံပြပွဲပြိုင်ပွဲများ ယခုပြည်နယ်အစိုးရ အဖွဲ့က  ဆောင်ရွက်တဲ့    ကုန်စည်ပြပွဲများတွင် လိုက်လံပြသခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။          

မေး။   ။ကုန်ကြမ်းအနေနဲ့  ဘယ်လိုသစ်အမျိုးအစားကို အသုံးပြုရပါသလဲရှင့်။ ဘယ်လိုဝယ်ယူရပါသလဲရှင့်။

ဖြေ။   ။ဒေသထွက်   သုံးတဲ့သစ်ကတော့   ပိတောက်၊ ကျွန်း၊ ပင်လယ်အုန်း၊ ရင်ခတ်သား၊  ရင်းတိုက်သား၊  ပျဉ်းမနဲ့ ကြခတ်သစ်အမျိုးအစားကို   အသုံးပြုပါတယ်။ အရင်ကတော့ လွယ်ကူစွာ ဝယ်ယူနိုင်ပေမယ့် အခုအချိန်မှာ ပိဿာချိန်နဲ့ ဝယ်ယူရပါတယ်။ တစ်ပိဿာကို ငါးထောင်၊ ခြောက်ထောင်ခန့်ရှိပါတယ်။

မေး။   ။ဆေးတံအပြင်  သစ်သားပန်းပု ပစ္စည်းအမျိုးပေါင်း  ဘယ်နှမျိုး ထုတ်လုပ်ပါသလဲရှင့်။

ဖြေ။   ။ယခင်က  ဆေးတံတစ်မျိုးပဲ ဆောင်ရွက်တာပါ။ ယခင်က ဆေးတံသောက်သုံးသူတွေက လူတစ်ဦးစီမှာ ဆေးတံနှစ်အိုးလောက် ဆောင်ထားပြီး တစ်အိုးပူလာရင် တစ်အိုးလဲလှယ်ပြီး သောက်ကြတဲ့အတွက် ဆေးတံတွေ ရောင်းအားကောင်းပါတယ်။ ယခုအခါ ဆေးတံသောက်သုံးသူက  မရှိသလောက် နည်းပါးနေပြီဖြစ်တဲ့အတွက် ဆေးတံရောင်းအား ကျလာပါတယ်။ ဒါ့ကြောင့် ဘိုးဘွားတွေရဲ့  လက်ငုတ်လက်ရင်းဖြစ်တဲ့ ဆေးတံလုပ်ငန်းမပျောက်ပျက်ဘဲ  လက်မှုလုပ်ငန်း ပညာကို  ထိန်းသိမ်းစောင့်ရှောက်သော အားဖြင့်  လုပ်ငန်းတွေ လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

အဲ့လို   ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ ဆေးတံကို  လက်ဆောင်ပစ္စည်းအနေနဲ့  ထုတ်လုပ်ရောင်းချဖို့အတွက်   အရည်အသွေးကို အဓိကထားပြီး ပြည်ပဈေးကွက်ရရှိဖို့    တီထွင်ဆန်းသစ်မှုတွေ လုပ်ရပါတယ်။  ဆေးတံအပြင် အခြားသစ်သားပန်းပုပစ္စည်း အမျိုးအစား ၅၀ ကျော်ခန့်  ထုတ်လုပ်ပါတယ်။ အိမ်မှာနေပြီး  မိသားစု တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပါတယ်။  ပစ္စည်းမှာယူမှုတွေ များလာရင် အလုပ်သမားငှားပြီး လုပ်ကိုင်ရပါတယ်။  အခုအိမ်အလှဆင်တဲ့   ပွတ်လုံးတွေမှာတာမျိုး ဆောင်ရွက်ရပါတယ်။

မေး။   ။ဆေးတံနဲ့  သစ်သားပန်းပု လုပ်ငန်းဖြန့်ချိမှုလည်း သိပါရစေရှင့်။

ဖြေ။   ။အိမ်ဆိုင်ဖွင့်ပြီးရောင်းချခြင်း၊ Online မှတစ်ဆင့် ရောင်းချခြင်း၊ မော်လမြိုင်နဲ့ ရန်ကုန်ကမှာယူရင် ပေးပို့ရခြင်းတွေ ရှိပါတယ်။ နိုင်ငံခြားကို ကိုယ်တိုင်ပို့တာမျိုး မဟုတ်ဘဲ  ရန်ကုန်သိမ်ဖြူလမ်းမှ တစ်ဆင့်ဝယ်ယူတာ   ထပ်ဆင့်ပို့တာမျိုးရှိပါတယ်။ ပြည်နယ်အစိုးရမှ ဆောင်ရွက်တဲ့ ကုန်စည်ပြပွဲ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော်တို့မှာပြသရောင်းချခြင်းများ ရှိပါတယ်။ ရွာလွတ်ကျေးရွာမှာ စက်မှုလက်မှု လုပ်ငန်းထွန်းကားခြင်း၊  ဆေးတံလုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံခြားသားတွေ လည်ပတ်လေ့လာစရာ နေရာတစ်ခုဖြစ်သဖြင့်  လာရောက်လေ့လာရင်း  အိမ်မှာလာဝယ်တဲ့နိုင်ငံခြား ဧည့်သည်တွေလည်း ရှိပါတယ်။ ယခုလုပ်ငန်းနဲ့ပဲ  မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိပါတယ်။

မေး။   ။ သစ်သားပန်းပုတွေကို ဘယ်လိုရောင်းရပါသလဲရှင့်၊ ဆေးတံဈေးနှုန်းတွေက ဘယ်လောက်ရှိပါသလဲရှင့်။

ဖြေ။   ။ ထုတ်လုပ်မှုလက်ရာနဲ့ ကနုတ်အပေါ်မူတည်ပြီး   သောင်းဂဏန်းမှ သိန်းဂဏန်းထိရှိပါတယ်။ဆေးတံကတော့    သောင်းဂဏန်းမှစ၍   သိန်းဂဏန်းအထိရှိပါတယ်။ ဒဿဂီရိဘီလူးခေါင်း ဆေးတံမျိုးကတော့ ဒေါ်လာ ၁၈၀ လောက် တန်ဖိုးရှိပါတယ်။   အထင်ကရခေါင်းဆောင် ပုံစံဆေးတံမျိုးကို အချောင်း ၃၀ ခန့်ထုတ်လုပ်ရောင်းချခဲ့ရပါတယ်။ ဒဿဂီရိဘီလူးခေါင်း ဆေးတံတစ်ချောင်း ထုတ်လုပ်ရင် ၁၅  ရက်ခန့် ကြာပါတယ်။

မေး။   ။ ရွာလွတ်ကျေးရွာမှာ ဆေးတံနဲ့ သစ်သားပန်းပုလုပ်ကိုင်သူ ဘယ်နှဦးရှိပါသလဲရှင့်၊  အခြားဘာလုပ်ငန်းတွေ လုပ်ကိုင်ကြပါသလဲရှင့်၊   နိုင်ငံတော်ရဲ့ ချေးငွေရတာမျိုး ရှိပါသလားရှင့်။

ဖြေ။   ။ ရွာလွတ်ကျေးရွာမှာ အရင်ကတည်းက စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ကြတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ ဆေးတံနဲ့ သစ်သားပန်းပုလုပ်ကိုင်သူ ၆ ဦးခန့်ရှိပါတယ်။ အခြားလုပ်ငန်းအနေနဲ့ ရော်ဘာလုပ်ငန်း၊ ကားဘရိတ်ရှူးလုပ်ငန်း၊  သားရေကွင်းလုပ်ငန်းနဲ့  ပူဖောင်းလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့ကျေးရွာမှာ MSME member card   ရှိသော လုပ်ငန်းရှင်တွေရှိပါတယ်။ ချေးငွေရယူပြီး ဆောင်ရွက်တဲ့သူရှိသလို  ကျွန်တော့်လုပ်ငန်းကတော့ မိသားစုတစ်နိုင်တစ်ပိုင် ဆောင်ရွက်တာကြောင့် ချေးငွေရယူထားတာမျိုး မရှိပါဘူး။

မေး။   ။အခြားပြောချင်တာများ  ရှိပါသေးသလားရှင့်။

ဖြေ။   ။ကျွန်တော့်အနေနဲ့ ဆေးတံနဲ့ သစ်သားပန်းပုလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ကိုယ့်ကျေးရွာ၊ ကိုယ့်မြို့နယ်၊  ကိုယ့်နိုင်ငံ ဂုဏ်ရှိအောင် ထိန်းသိမ်းဆောင်ရွက်ရင်း တစ်ချိန်က  အဘိုးဖြစ်သူ ဆေးတံဖခင်ကြီး ဦးညွန့်ရဲ့ Made in ywalut အမှတ်တံဆိပ် logo  ကို  ယခုခေတ်အမြင်ဖြင့်  ဆန်းသစ်တီထွင်ဆောင်ရွက်ပြီး  ကျွန်တော့်ရဲ့ သားနှစ်ဦးကိုလည်း  လက်ဆင့်ကမ်းအမွေအဖြစ် အခုလုပ်ငန်းကို   ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားပါမယ်လို့  ပြောကြားချင်ပါတယ်။

မွန်ပြည်နယ်မှာ  နိုင်ငံတော်၏ချေးငွေရယူလိုသော စက်မှုလုပ်ငန်းရှင်များ၊ MSME စီးပွားရေး လုပ်ငန်းရှင်များ MSME member card လျှောက်ထားပြီး   MSME အသင်းဝင် card  မိတ္တူများဖြင့် မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသို့ ချေးငွေလျှောက်ထားနိုင်ပါတယ်။ ဒါမှလည်း MSME  လုပ်ငန်းရှင်တွေအားလုံး     ချေးငွေရရှိမှာဖြစ်ပါတယ်။   ။