တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ရခိုင်ပြည်နယ်နှင့်    ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၉

          ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မောင်ရွှေလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၄၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

        ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၄၃ ဦး၊ ခွဲစိတ်ရောဂါ ၃၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၇ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၄၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၈၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်း များဆောင်ရွက်ပေးပြီးဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၄ ဦးကို  တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

    အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လက်ပံ သာယာကျေးရွာဆိပ်ကမ်းသို့ ရောက်ရှိရာ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

    အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည် မိုးညိုမြို့နယ်၊ လက်ပံသာယာကျေးရွာ ရှိ သာသနာအောင်ကျောင်းတိုက်တွင်အခြေပြု၍ မိုးညိုမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၁၆၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့် အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၆၂ ဦး၊ ခွဲစိတ်ရောဂါ ၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄ ဦး၊ ကလေးရောဂါ ၂ ဦး၊ အရိုးရောဂါ ၃၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇ ဦး၊ မျက်စိရောဂါ ၄၄ ဦးနှင့် သွားရောဂါ ၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၆ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဒေါ်ဆက်တို (မောင်ရွှေလေးကျေးရွာ၊သံတွဲမြို့နယ်)

“အဘွားက မျက်စိမမြင်လို့ နှစ်နှစ်ကျော်သွားပါပြီ။ ဒါကြောင့်လာပြတာပါ။  မျက်စိတွေ မှုန်ဝါးဝါးဖြစ်တဲ့အခါမှာ စားရပြန်လည်းမကောင်း၊ အိပ်ရပြန်လည်းမကောင်း၊ သွားရပြန်လည်းမကောင်း တောင်ဝှေးနဲ့သွားနေရပါတယ်။   တမင်းတစ်လုတ်ကို ဘာမှန်းမသိ၊   စားရတာလည်း အရိုးမှန်းမသိ၊ အရည်မှန်းမသိ ခံစားနေရပါတယ်။

အဘွားမှာ ဆေးကုဖို့ကပိုက်ဆံမရှိလို့ ဆေးမကုသနိုင်ပါဘူး။ တပ်မတော်နယ်လှည့်ဆေးကုရေးအဖွဲ့ လာရောက်ကုသမယ်ဆိုတာကို စောင့်နေရတာပါ။ သူများပြောသံကြားတော့ ကိုယ့်တောင်ဝှေးကိုဆွဲပြီး ပြေးလာခဲ့ရတာပါ။

မျက်စိပြန်ကောင်းလို့ အရမ်းအားရှိသွားပါတယ်။ အခုလိုကုသပေးတဲ့အတွက်ကြောင့် တပ်မတော်အကြီးအကဲနှင့်  တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်"ဟု ပြောသည်။

ဦးဇော်မင်း(လက်ပံသာယာကျေးရွာ၊ မိုးညိုမြို့)

“မျက်စိအားနည်းလို့လာပြတာပါ။ ဒီမှာအုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့တွေက ကျေးရွာအုပ်စု၊ အုပ်စုအလိုက် အကြောင်းကြားလို့သိရလို့လာပြတာပါ။ ဒီအတိုင်းအတာထိအောင် ဒီလိုအရပ်ဒေသမျိုးတွေမှာ အခုလိုလာရောက်ကုသမှုပေးလို့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေကိုကျေးဇူးတင်ပါတယ်။  အနီးနားပတ်ဝန်းကျင်ကလည်း လာကြပါတယ်ခင်ဗျ။  လူသတင်းလူချင်းဆောင်ဆိုသလိုပေါ့ဗျာ။ သိတဲ့လူတွေများတော့ အတိုင်းထက် အလွန်ပါပဲ။ ကျွန်တော်တို့ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်ဟု ပြောသည်။