ပြည်ပမှစက်သုံးဆီ သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ အဆက်မပြတ်ရောက်ရှိပြီး စက်သုံးဆီများ ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိ

ပြည်ပမှစက်သုံးဆီ သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ အဆက်မပြတ်ရောက်ရှိပြီး စက်သုံးဆီများ ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၂၀

    ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း ဒေသကြီးရှိ  Terminal များသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ် ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာ သိုလှောင်ကန်များသို့ နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်  စက်သုံးဆီတင် သင်္ဘောသုံးစင်းမှ စက်သုံးဆီများအား ချယူဖြည့်တင်းပေးလျက်ရှိပြီး ထပ်မံ၍ ဆီချယူဖြည့်တင်းရန် အသင့်စောင့်ဆိုင်းနေသည့် စက်သုံးဆီတင် သင်္ဘောတစ်စင်းရှိကြောင်းနှင့်   ထပ်မံဝင်ရောက်မည့် စက်သုံးဆီတင် သင်္ဘောများရှိကြောင်း သိရသည်။

    စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ် ယာဉ်များဖြင့် နေ့ညမရွေး  အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိရာ နိုဝင်ဘာလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းရှိ  စက်သုံးဆီ အရောင်းဆိုင် ၁၉၆၀ ဆိုင်သို့ ဆီသယ်ယာဉ် ၁၃၁၁ စီးဖြင့်  92 Ronဂါလန် (၁ သန်း ၄ သိန်း ၇ သောင်းကျော်)၊ 95 Ron ဂါလန် ၃ သိန်း ၃ သောင်းကျော်၊ ဒီဇယ်ဆီ ဂါလန် ၁ သန်း ၄ သောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ  ၁ သန်း ၂ သောင်းကျော်ကို ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် ပြည်သူများအနေဖြင့် စက်သုံးဆီများကို အဆင်ပြေ ချောမွေ့စွာ ဝယ်ယူသုံးစွဲလျက်ရှိကြောင်းနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။