မြန်မာနိုင်ငံအစိုးရအနေဖြင့် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း) နယ်စပ်ဒေသတွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် မြန်မာအမျိုးသားရေးကွန်ရက်မှ ဆန္ဒပြမှုများအား အနောက်အုပ်စ

မြန်မာနိုင်ငံအစိုးရအနေဖြင့် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း) နယ်စပ်ဒေသတွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် မြန်မာအမျိုးသားရေးကွန်ရက်မှ ဆန္ဒပြမှုများအား အနောက်အုပ်စုအားပေးမီဒီယာများက နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားအောင် ဆောင်ရွက်နေမှု အခြေနေများ၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများအား အကြမ်းဖက်အဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းထားသော အခြေအနေများ၊ ၂၁-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော်၊ နိုဝင်ဘာ - ၂၁

        ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသတရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ၊ ရှမ်းပြည်နယ်(အရှေ့မြောက်)ဒေသမှာ အွန်လိုင်းငွေလိမ် လည်မှုပြဿနာများနဲ့ပတ်သက်ပြီး တရားမဝင်ဝင်ရောက်နေထိုင်သည့်လူများ ရှာဖွေဖော်ထုတ်တာတွေ၊ ဖမ်းဆီးတာတွေ၊ လွှဲပြောင်းပေးတာတွေ ဆောင်ရွက် လျှက်ရှိပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာလည်း တရုတ်နိုင်ငံသား အမျိုးသား ၁၈၁၆ ဦး၊ အမျိုးသမီး ၄၃ ဦး၊ ပေါင်း ၁၈၅၉ ဦးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရထံ လွှဲပြောင်းပေးပြီးဖြစ်ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှ ယနေ့အထိတရားမဝင် ဝင်ရောက်နေထိုင်သူအမျိုးသား ၁၇၃၃ ဦး၊ အမျိုးသမီး ၁၈၅ ဦး၊ စုစုပေါင်း ၃၉၁၈ ဦး လွှဲပြောင်းပေးပြီးဖြစ်ပါတယ်။ အွန်လိုင်းလိမ်လည်မှုကိစ္စတွေဟာ ကျွန်တော်ခနခဏပြောသလို မြန်မာနိုင်ငံက တရုတ်နိုင်ငံကိုလိမ်လည်တာလည်းမဟုတ်ဘူး။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လိမ်လည်တာလည်း မဟုတ်ဘူး။ ပြည်ပြေးရာဇဝတ်မှုကျူးလွန်ထားတဲ့ ရာဇဝတ်သား တရုတ်တွေက မြန်မာနိုင်ငံနယ်စပ်မှုရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး နှစ်နိုင်ငံစလုံးကို လိမ်နေတာဖြစ်ပါတယ်။ နှစ်နိုင်ငံပြည်သူ ပြည်သားအားလုံးကို လိမ်လည်တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးနစ်နာရတာဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အမြစ်ပြတ်ချေမှုန်းနိုင်ရေး ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော်တို့ တက်ကြွစွာပူးပေါင်းဆောင်ရွက်နေတာကို ပြည်ဖျက်မီဒီယာများပေါ့။ အဓိကတော့ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ မီဒီယာများအနေနဲ့ မဟုတ်မမှန်သတင်းတွေထုတ်လွှင့်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူလူထုအကြား အထင်အမြင်လွဲစေရေး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒီအထဲမှာတရုတ်ကလိုချင်တဲ့ သူတွေမပါတဲ့အတွက် မြောက်ပိုင်းအဖွဲ့တွေက ဆက်တိုက်နေတယ်ဆိုတဲ့ တိုက်ပွဲတွေ ဆင်နွှဲနေတယ်ဆိုတဲ့ ပုံစံတွေဒါတွေသည် နှစ်နိုင်ငံဆက်ဆံရေးမှာ အထူးသတိပြုရမယ့်အချက်တွေ ဖြစ်ပါတယ်။ သူတို့လိုချင်တာက နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ပျက်ဆီးစေရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာအမျိုးသားရေး ကွန်ယက်အနေနဲ့ ရှမ်းပြည်နယ်မြောက်ဘက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေအပေါ်မှာ ဆန္ဒပြတာတွေရှိပါတယ်။ ဒါကိုလည်း နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေရေးအတွက် အနောက်အုပ်စုအားပေး မီဒီယာများက ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ သတိထားစရာကောင်းတဲ့အချက်ကတော့ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို အဓိက မြန်မာနိုင်ငံထဲမှာ သတင်းဖြန့်ပေးနေတာက အနောက်နိုင်ငံရဲ့အထောက်အပံ့နဲ့ ရပ်တည်နေတဲ့သတင်းဌာနတွေက အဓိက ဖြစ်နေကြောင်းတွေ့ရပါတယ်။ ထပ်ပြီးထူးခြားမှုရှိတာက ဒီအကြမ်းဖက် MNDAA ရဲ့ တရုတ်ဘာသာနဲ့ရေးသားတဲ့ သတင်းတွေ၊ Website တွေမှာတောင် မတင်သေးဘူး။ အနောက်အားပေးနိုင်ငံ တစ်ခုမှာရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ရပ်တည်နေတဲ့ မီဒီယာမှာ ဦးစွာပါလာတာတွေ့ရပါတယ်။ ပြီးရင် MNDAA အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ သတင်းတွေကိုတင်နေတာလည်း တွေ့ရပါတယ်။ MNDAA အဖွဲ့မှာလည်း သတင်းပြန်ကြားရေးအဖွဲ့ရှိပါတယ်။ အဲဒီသတင်းပြန်ကြားရေးအဖွဲ့နဲ့လည်း တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ဒါတွေက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးတွေမှာ အဓိကထား ဂရုပြုရမယ့် အချက်တွေဖြစ်ကြောင်းတွေ့ရှိရပါတယ်။

        နောက်တစ်ခုကလွိုင်ကော်တက္ကသိုလ်ဆရာ၊ ဆရာမတွေကိစ္စပါ။ ဒီနေ့မှာ လွိုင်ကော်တက္ကသိုလ်ဆရာ၊ ဆရာမများကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖက် KNPP အဖွဲ့အနေနဲ့ ဗွီဒီယိုဖိုင်တွေတင်၊ ကြေညာချက်တွေထုတ်ပြီးတော့ သူ့ဆီမှာရှိတဲ့အကြောင်း ပြောကြားနေတာ၊ ဝါဒဖြန့်နေတာ တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ လွိုင်ကော်တက္ကသိုလ်ထဲဝင်ပြီးတော့ ဆရာ၊ ဆရာမတွေ ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းကြားရတဲ့နေရာမှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အဖွဲ့အစည်း အသီးသီးက ပြင်းထန်စွာရှုံ့ချကန့်ကွက်ခဲ့ပါတယ်။ ပြင်းထန်စွာရှုံ့ချကန့်ကွက် ခဲ့တဲ့အတွက်ကြောင့် ဒီဖိအားတွေ၊ ဒီလိုမျိုးတက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ရှုံ့ချခဲ့တဲ့အဖွဲ့တွေကြောင့် သူတို့အနေနဲ့ ဒီအချိန်မှာ ဖမ်းဆီး ခေါ်ဆောင်သွားတာကို ဖုံးကွယ်တဲ့အနေနဲ့ ထိန်းသိမ်းထားတယ်ဆိုတဲ့ပုံစံမျိုး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဗွီဒီယိုဖိုင်တွေမှာလည်း ပြောခိုင်းတဲ့ စကားတွေ ပြောနေရတယ် ဆိုတာလည်း တွေ့နိုင်မှာဖြစ်ပါတယ်။ မျက်နှာအနေအထားတွေ ကြည့်ရင်လည်း တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်ပြီးသတိထားစရာကောင်းတဲ့ တွေ့ရှိချက်က ပြည်ဖျက်မီဒီယာများအနေနဲ့ NUG  PDF အမည်ခံအဖွဲ့တွေရဲ့ ကျောင်းတွေဖျက်ဆီးမှု၊ အခုလွိုင်ကော် တက္ကသိုလ်မှာဆိုရင် ဆရာ၊ ဆရာမတွေ ဖမ်းဆီးခေါ်ဆောင်သွားမှု၊ တက္ကသိုလ်အဆောက်အအုံထဲမှာ ဝင်ပြီးပစ်ခတ် တိုက်ခိုက်ခဲ့မှု၊ ဆရာမတချို့ကို သတ်ဖြတ်သွားခဲ့မှု၊ ဒါတွေနဲ့ပတ်သက်ပြီး ထူးဆန်းစွာဘဲ နှုတ်ဆိတ်နေတာကို တွေ့ရပါတယ်။  ဒါကြောင့် ဒီနေ့ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေက ပြည်တွင်းမှာရှိနေတဲ့ ပြည်ဖျက်၊ ပြည်ပမှာရှိနေတဲ့ ပြည်ဖျက်မီဒီယာတွေ ပူးပေါင်းပြီး လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ သူတို့ပြောနေတဲ့ အလုံးစုံပျက်သုန်းရေးဆိုတဲ့ အရာမျိုးကို ဦးတည်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်သိစွာနဲ့ရှုတ်ချခဲ့တဲ့ အဖွဲ့အစည်းအသီးသီးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ထိန်းသိမ်းခံထားရတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုထိခိုက်နစ်နာမှုရှိခဲ့ရင် ဖမ်းဆီးထိန်းသိမ်း ထားတဲ့အဖွဲ့က တာဝန်ယူပြီးတာဝန်ခံရမယ်၊ ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်ဆိုတာကို ပြောလိုပါတယ်။

        ဒီနေ့ ထိတွေ့တိုက်ပွဲ အခြေအနေများအနေနဲ့ကတော့ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း) နမ့်စလပ်နဲ့မုန်းကျက်မှာ MNDAA၊ TNLA အကြမ်းဖက်သောင်း ကျန်းသူတွေအနေနဲ့ အင်အားအလုံးအရင်းသုံးပြီး တိုက်ခိုက်နေတာရှိပါတယ်။ အဲဒီ အဖွဲ့တွေအနေနဲ့ အကျအဆုံးများစွာရှိတယ်လို့ ကျွန်တော်တို့သိရပါတယ်။ အဲဒီမှာ တိုက်ပွဲဝင်နေတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ မှီခိုသူရဲမေများအားလုံးကို နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲများအားလုံးက အထူးဂုဏ်ပြု လေးစားပါကြောင်း ပြောကြားလိုပါတယ်။ ရဲဘော်၊ ရဲမေတို့ဆင်နွှဲနေတဲ့ နိုင်ငံတော် ကာကွယ်ရေး၊ နယ်မြေလုံခြုံရေး တရားသောစစ်သည် အောင်မြင်ရမှာဖြစ်ပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာတော့ ပေါက်တောမြို့မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ခဲ့တာ ရှိပါတယ်။ ဒီနေ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပေါက်တောမြို့ လုံခြုံရေးအတွက် ကင်းလှည့်လည်ခဲ့ပါတယ်။ ကင်းလှည့်လည်တာကို ပစ်ခတ်ခဲ့တာရှိပါတယ်။ နောက်တစ်ခုကတော့ ကျောက်တော်မှာရှိနေတဲ့ ပြည်သူလူထုအသုံးပြုနေတဲ့ ရေယာဉ်တွေဖြစ်တဲ့ ရေနယား(၁)ရေယာဉ်နဲ့ ရေဘဝဲ(၄) ရေယာဉ်တွေကို AA အနေနဲ့ အကြမ်းဖက် ယူဆောင်သွားကြောင်း သိရပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ အရင်နေ့က ဖြစ်နေတဲ့ အကျဉ်းထောင်ကို လာရောက်ပစ်ခတ်ခဲ့တာမျိုးတွေ ရှိနေပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေမှာဘဲ လောက်ကိုင်အနီးတစ်ဝိုက်မှာ အဝေးကနေ ပစ်ခတ်ခဲ့တာရှိတယ်။ လောက်ကိုင်မြို့ထဲကို 107 MM ရှော့တိုက်ဒုံးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာ ရှိပါတယ်။ လူနေအဆောက်အအုံတွေအထဲကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့ ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်မှာ Drone နဲ့ Drop Bomb ချပြီးတိုက်ခိုက်ခဲ့တာ ရှိပါတယ်။ သောင်းကျန်းသူတွေအနေနဲ့ လမ်းတံတားတွေ၊ ပြည်သူပိုင်အဆောက်အအုံတွေ၊ ပြည်သူပိုင်ရေယာဉ်တွေကို ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး သိရှိထားရမှာက သောင်းကျန်းသူတွေရဲ့ ရည်ရွယ်ချက်က စစ်ဘက်နဲ့ သက်ဆိုင်တဲ့နေရာတွေကို တိုက်ခိုက်တာထက် ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ ပြည်သူပိုင်နေရာတွေကို အဓိကထား တိုက်ခိုက်နေတာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အခုဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း) အချို့ နယ်မြေတွေက ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်တဲ့ နယ်မြေတွေဖြစ်ပါတယ်။ TNLA၊  MNDAA အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ မြို့ရွာတွေကို တိုက်ခိုက်တယ်။ မြို့ရွာအနီးအနားမှာရှိတဲ့ စခန်းတွေကိုတိုက်ခိုက်တယ်။ ပြီးရင် အစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ရှမ်းလူမျိုးတွေပိုင်ဆိုင်တဲ့ အိမ်တွေ၊ နေရာတွေမှာ ဝင်ရောက် နေရာယူတယ်။ အဲဒီအထဲကနေ တပ်စခန်းတွေကိုတိုက်ခိုက်တာမျိုးတွေ တွေ့ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရှမ်းလူမျိုးတွေအနေနဲ့လည်း ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေနှုတ်ဆိတ်နေတာကို စတင်ပြီး ကန့်ကွက်တာတွေ၊ သဘောထား ထုတ်ဖော်ပြောကြားလာတာတွေကို တွေ့ရပါတယ်။ ဒါတွေက တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်တာဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့အစည်း၊ NUG ၊ PDF အဖွဲ့အစည်းဆိုတာက အစောပိုင်းကပြောခဲ့တဲ့ သူတို့အာဏာရရှိရေးနဲ့ မြန်မာပြည်ကို အလုံးစုံပျက်သုန်းရေးကို ဦးတည်ဆောင်ရွက်နေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းပြီး ဆန့်ကျင်ချေမှုန်းရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

        အားလုံးကိုကျေးဇူးတင်ပါတယ်။