ပိုင်ကျုံမြို့၌ ဖရဲများကို စီးပွားဖြစ် ပိုမိုစိုက်ပျိုးလာ

ပိုင်ကျုံမြို့၌ ဖရဲများကို စီးပွားဖြစ် ပိုမိုစိုက်ပျိုးလာ

 

    ကရင်ပြည်နယ် ပိုင်ကျုံမြို့ ပိုင်ကျုံချောင်းကမ်းဘေးရှိ ကိုင်းမြေများ၌  စိုက်ပျိုးသည့် ဆောင်းသီးနှံ   ဖရဲခင်းများ ယခုနှစ်တွင် ပိုမိုစိုက်ပျိုးပြီး  ဒီဇင်ဘာလ  ပထမပတ်တွင်  ဖရဲသီးများ စတင်ထွက်ရှိတော့မည် ဖြစ်ကြောင်း   သိရသည်။ 

“အခုနှစ်က မိုးနှောင်းကာလမှာ မိုးများပြီး ရာသီဥတုကောင်းမွန်မှုကြောင့်  စိုက်ခင်းများဖြစ်ထွန်းမှု အားကောင်းခဲ့သလို  ဖရဲသီးများလည်း အောင်မြင်ဖြစ်ထွန်း ခဲ့ပါတယ်။ 

စိုက်ခင်းများကိုတော့ မိုးအကုန်ဆောင်းအကူးမှာ  စိုက်ပျိုးပြီး အသီးပေါ်ချိန်အထိ ရက်ပေါင်း ၁၀၀ အချိန်ယူရပါတယ်။ ပိုင်ကျုံချောင်းကမ်းဘေးရှိ ကိုင်းမြေများမှာ နှစ်စဉ်  မိသားစုတစ်နိုင်တစ်ပိုင် ဖရဲများ စိုက်ပျိုးကြပါတယ်။ အခုနှစ်မှာ မိုးလည်းကောင်းတော့ ဖရဲစိုက်တောင်သူတွေ  ပိုမိုစိုက်ပျိုးကြပြီး အပင်တွေ အတော်အောင်မြင်တယ်။   အသီးတွေလည်း အောင်မြင်ဖြစ်ထွန်းတယ်” ဟု ဖရဲစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။

ပိုင်ကျုံမြို့၌  လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးအပြင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးနှင့်  မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ဆောင်းသီးနှံအဖြစ် ဖရဲများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ အသီးပေါ်ချိန်တွင် ဖရဲစိုက်တောင်သူ အချို့မှာ အခင်းပြတ် ရောင်းချလျက်ရှိပြီး အချို့မှာ အလုံးလိုက် ခူးဆွတ်၍ ရောင်းချလျက်ရှိ ကြောင်း သိရသည်။