တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ ၂၃ ရက်

      ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ ရဟန္တာ ဦးသီလဓာတ်တော်စေတီဝန်းအတွင်းရှိ ဦးသီလသာသနာ့ဗိမာန်၌ အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၇၃၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

       ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၇၀ ဦး၊ ခွဲစိတ်ရောဂါ ၁၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၄၁ ဦး၊ အရိုးရောဂါ ၁၅၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၆ ဦး၊ မျက်စိရောဂါ ၁၀၃ ဦး နှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် လာရောက်ဆေးကုသမှုခံယူ ကြသော ဒေသခံပြည်သူများအား နေ့လယ်စာ ထမင်းဘူးများ ပေးဝေလှူဒါန်းကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဒေါ်တင်သိန်း (ရေလယ်သောင်ကျေးရွာ၊ ဇလွန်မြို့)

            ခြေထောက်အရိုးအကြောဖြစ်တာက ၄ နှစ်ကျော်ပြီ။ မျက်စိကွယ် သွားတာတော့ ၁ နှစ်ကျော်ပြီ။ ကုစရာလည်းမရှိတော့ ငုတ်တုတ်နေရတယ်။ အပြင်မှာသွားကုမယ်ဆိုရင် လေးသိန်းကျော် ငါးသိန်းကုန်မယ်တဲ့။ အဖွားတို့ မရှိတဲ့သူတွေက ဘယ်လိုကုနိုင်မလဲ။ အဲ့ဒီတော့ ရွှေပုဇွန်သင်္ဘောကြီးလာမယ် ဆိုတော့ ဝမ်းသာပြီး ပျော်နေတာ။ လာပါစေလို့လည်း ဘုရားမှာ ဆုတွေ တောင်းရတယ်။ အခုလာလို့ ကုရတော့လည်း ဝမ်းသာတာပေါ့။ တစ်ပြားမှ မကုန်ဘူး။ ငါးပြားမှ မပေးရတဲ့အပြင် ရောက်တယ်ဆို ထမင်းကြော်၊ လက်ဖက် ရည်တိုက်တယ်။ လူနာတွေကို နွေးထွေးမှုအများကြီးပေးပါတယ်။ ပြေးထမ်း တယ်၊ ပြေးတွဲတယ်။ ရောက်တယ်ဆိုတာနဲ့ အဆာပြေစားပြီးပြီးလား လာမေး တယ်။ မစားရသေးဘူးဆိုရင် အဆာပြေကျွေးတယ်။ လိုလေသေးမရှိပါဘူး။ ပြုစုယုယပေးတယ်။ ကြင်နာမှု၊ နွေးထွေးမှုတွေ ပေးကြပါတယ်။ တစ်နေ့က လာစာရင်းပေးတယ်။ မနေ့က ခွဲစိပ်ရတယ်။ ဒီနေ့ကျတော့ ဖြည်ပေးတယ်။ ဖြည်ပေးတော့ အခု မျက်စိက မြင်သွားပြီ။ မြင်သွားတော့ ဝမ်းသာပီတိတွေ ဖြစ်တယ်။ ဝမ်းလည်းနည်းတယ်။ မျက်စိမြင်သွားရတယ်။ ခါတိုင်း ဘုရားရှိခိုး တာတောင် ဘုရားဆင်းတုတော်ကို မဖူးရ၊ မမြင်ရဘူး။ အခုမြင်သွားရလို့ ဝမ်းသာတယ်။ ကိုယ့်ဘုန်းကြီးတွေ အိမ်ရှေ့က သွားလို့တောင် မဖူးရ၊ မမြင်ရ ဘူး။ အခု မြင်ရ၊ ဖူးရပြီ။ ဝမ်းသာတယ်။ အသက်ရှည်ကျန်းမာကြပါစေ။ ဘေးဘယာခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ။ သောကခပ်သိမ်း ကင်းငြိမ်းကြပါစေ။ လူတစ်ယောက်ရဲ့ အလင်းရောင် ရရှိအောင်လုပ်ပေးတဲ့အတွက် သူတို့မိသားစုတင်မကဘူး။ တစ်တိုင်းတစ်ပြည် လုံးရော အားလုံး အသက်ရှည်ကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဒေါ်အုန်းမေ (မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဇလွန်မြို့)

            ကျွန်မတို့က အခုလို နယ်လှည့်ဆေးကုသရေးအဖွဲ့လာရောက်တာကို မြို့နယ်ရဲ့ကိုယ်စား လာရောက်ပြီးတော့ ဝမ်းသာအားရ ကြိုဆိုပြီးတော့ တတ် နိုင်တဲ့ဘက်ကနေ လာရောက်ကူညီတာပါ။ ကျွန်မတို့က လူနာတွေကို နေရာချ ပေးတယ်။ သူ့နေရာနဲ့သူ သွားနိုင်အောင်လုပ်ပေးတယ်။ အဆင်ပြေအောင် လည်း ကျွန်မတို့ အများကြီးကူညီပေးပါတယ်။ ဆေးပေးတဲ့ နေရာတွေရော၊ လိုအပ်တဲ့နေရာတွေ အကုန်လုံးမှာ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတယ်။ မျှော်လင့်ခဲ့ရတဲ့ဟာလေးက အခုဆို မျှော်လင့်ချက်ပြည့်သွားလို့ အရမ်းကို ဝမ်းသာပါတယ်။ ကျွန်မတို့မြို့နယ်က မရှိဆင်းရဲသားတွေကို အခုလို အခမဲ့ လာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ အများကြီး ဝမ်းသာပီတိ ဖြစ်ရသလို ကျေးဇူးလည်း တင်ပါတယ်။ အခုလို ကိုယ့်မြို့နယ်မှာကိုယ် ကုသခွင့်ရနိုင်အောင် လာရောက်စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ဆေးကုသမှုအဖွဲ့အနေနဲ့ အခွင့်အခါသင့်မယ်ဆိုရင် နောက်တစ်ကြိမ်လည်း ကျွန်မတို့မြို့နယ်ကို လာရောက်ပြီး ဆေးကုသပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မတို့ကလည်း လိုအပ်တဲ့နေရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။