ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းတစ်လျှောက် ကျန်ရှိနေသော နေရာများ၌ အားကစားပစ္စည်းများ ဆက်လက်တပ်ဆင်မည်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်     ကမ်းနားလမ်းတစ်လျှောက် ကျန်ရှိနေသော နေရာများ၌ ပြည်သူများ၏ ကျန်းမာရေးအတွက် အားကစားပစ္စည်းများ  ဆက်လက်တပ်ဆင်မည် ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုး၏ ပြောကြားချက်အရ သိရသည်။

ဗိုလ်တထောင်မြို့နယ်အတွင်း   ဗိုလ်တထောင်ပန်းခြံမှစ၍ အားကစားပစ္စည်းများ တပ်ဆင်ပေးနေခြင်းဖြစ်ပြီး ကုန်ကျစရိတ်များကို ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရန်ပုံငွေမှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အားကစားပစ္စည်းပေါင်း ရှစ်စုံတပ်ဆင်မည်ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဗိုလ်တထောင်မြို့နယ်မှ ပြည်သူများသည် တပ်ဆင်ပြီးစီးသော နေရာများ၌ အားကစားပြုလုပ်နေကြပြီ ဖြစ်သည်။

မြို့နယ်အတွင်းကပြည်သူတွေ  ဒီကာလအတွင်းမှာ  နံနက်ခင်းတစ်ကြိမ်ပဲ အပြင်ထွက်ပြီးတော့ အားကစား ပြုလုပ်ကြတယ်။ ပြည်သူတွေလေ့ကျင့်ခန်းပြုလုပ်နိုင်အောင်၊   ကျန်းမာရေးလိုက်စားမှု အားကောင်းလာအောင်  အခုလို  ဆောင်ရွက်ပေးတာဖြစ်ပါတယ်။    အရင်ကဆိုရင် နံနက်ပိုင်းပြေးတဲ့သူနဲ့    စက်ဘီးစီးတဲ့ သူလောက်ပဲရှိတယ်။ အခုနောက်ပိုင်း  အားကစားလုပ်တဲ့သူ   တော်တော်များလာတယ်။ အားကစားပစ္စည်းတွေ တပ်ဆင်ပေးထားတော့ နည်းအမျိုးမျိုးနဲ့ အားကစားလုပ်လာကြတယ်ဟု ဒေါ်မေစိုးကပြောသည်။

ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပန်းခြံများ၌ ပြည်သူများ၏ ကျန်းမာရေးအတွက် အားကစားပစ္စည်းများ တပ်ဆင်ပေးခြင်းကို ပိုမိုလုပ်ဆောင်ပေးထားပြီး စာသင်ကျောင်းများ၌လည်း   ထည့်သွင်းလုပ်ဆောင်ပေးထားကြောင်း၊ ထိုသို့ အားကစားပစ္စည်းများ တပ်ဆင်ပေးခြင်းကို  ဗိုလ်တထောင်မြို့နယ်၌သာမက    တခြားမြို့နယ်များ၌လည်း   လုပ်ဆောင်လာကြောင်း၊  လက်ရှိတွင် COVID-19 ရောဂါအခြေအနေကြောင့်   ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။                           

  စိုးမိုး