တက္ကသိုလ်များ စတင်ဖွင့်လှစ်၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

တက္ကသိုလ်များ စတင်ဖွင့်လှစ်၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ ၂၃

    ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

    တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယနေ့သည် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ အားလုံး စတင်ဖွင့်လှစ်သည့်နေ့ဖြစ်၍ ကျောင်းသား၊  ကျောင်းသူများသည် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ ရောက်ရှိ ပညာသင်ယူနေကြပြီဖြစ်ကြောင်း၊ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ စာသင်ခန်းအသီးသီးတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက မိမိတို့၏ သင်ကြားရေး တာဝန်များကို မပျက်မကွက် ကြိုးပမ်း ထမ်းဆောင်ကြစေလိုကြောင်း၊ကျောင်းအပ်လက်ခံရေး လုပ်ငန်းစဉ်များတွင်လည်း ကျောင်းသားများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရန် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

    ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သက်ဆိုင်ရာပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းလက်တွဲ၍  ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူမှု လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး အတွက် စဉ်ဆက်မပြတ် လေ့လာကြိုးပမ်း သွားကြရန်လိုကြောင်း၊ မိမိတို့တက္ကသိုလ်များ၏    ဥပဓိရုပ် ကောင်းမွန်ရေးနှင့် တက္ကသိုလ် ပတ်ဝန်းကျင်တွင်   သန့်ရှင်းသာယာ လှပရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပညာရေးဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

    ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊  အမြဲတမ်း အတွင်းဝန်နှင့် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။