Naypyitaw State Academyဆေးသိပ္ပံပညာမဟာဌာန(Faculty of Medicine) ဖွင့်ပွဲ ကျင်းပ

Naypyitaw State Academyဆေးသိပ္ပံပညာမဟာဌာန(Faculty of Medicine) ဖွင့်ပွဲ ကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၂၃

    ပညာရေးဝန်ကြီးဌာန   Naypyitaw State Academy   ဆေးသိပ္ပံပညာ မဟာဌာန (Faculty of Medicine) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  အဆိုပါ Academy ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊    ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ဒုတိယဆေးဝန်ထမ်း ညွှန်ကြားရေးမှူး၊   ဆေးတက္ကသိုလ် ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ   ဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများနှင့် ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် Naypyitaw State Academy, Faculty of Medicine  သို့  တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌတို့က Naypyitaw State Academy  ဆေးသိပ္ပံပညာ မဟာဌာန (Faculty of Med-icine)ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာညွန့်ဖေက နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန်နှင့် နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီ   အဆင့်မြင့်ပညာရပ် မျိုးစုံကို ရွေးချယ်သင်ယူ လေ့လာနိုင်ရန် ရည်ရွယ်၍ Naypyitaw  State  Academyကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ကြောင်း၊ Naypyitaw State Academy အား ကြောင်းကျိုးဆက်စပ် တွေးခေါ်မှုကို   အခြေခံသည့် သင်ကြားသင်ယူမှုကို အားပေးချီးမြှောက်ပြီး အသုံးချသုတေသနများနှင့် နိုင်ငံတော်၏ လူမှုစီးပွား ဘဝမြင့်မားရေးကို ဖော်ဆောင် ပေးနိုင်မည့်   ပညာရှင်များ မွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်တစ်ခု   ဖြစ်စေရန် ရည်မှန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ Naypyitaw State Academy ကို စတင်ဖွင့်လှစ်စဉ် ကတည်းက Faculty System ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊   ဥပဒေပညာမဟာဌာန၊ ဆေးသိပ္ပံပညာ မဟာဌာန၊ လူမှုရေးပညာမဟာဌာန၊ အားကစားပညာ မဟာဌာနဆိုသည့်  မဟာဌာနကြီး ခုနစ်ခုဖြင့် Comprehensive University  အဖြစ် မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ထောင် ဖွင့်လှစ်နိုင်ခဲ့သည့် တက္ကသိုလ်ဖြစ်ကြောင်း၊ ယနေ့တွင် ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆေးသိပ္ပံပညာ မဟာဌာနကို စတင်ဖွင့်လှစ်နိုင်ပြီး ဆေးပညာပထမနှစ် သင်တန်းတွင် ကျောင်းသား၊   ကျောင်းသူ ၃၁ ဦးကို စတင်လက်ခံ သင်ကြားမည်ဖြစ်ကြောင်း၊ Naypyitaw State Academy  တွင် ကျောင်းသားဗဟိုပြု သင်ကြားမှုစနစ်ကို အကောင်အထည်ဖော်နိုင်ရန်၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှုစနစ်ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်    ခေတ်မီသင်ရိုးညွှန်းတမ်းများ၊ ခေတ်မီလက်တွေ့ခန်းသုံး ပစ္စည်းများ၊   Internet Access နှင့် e-library  ပစ္စည်းများကို ပြည့်စုံစွာဖြည့်ဆည်း ပေးထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း လိုအပ်သည်များကို နှစ်အလိုက် ဖြည့်ဆည်းပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း  ပြောကြားသည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝသော   ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရာတွင် အဓိကကျသည့် ဆရာဝန်များအား မွေးထုတ်ပေးနိုင်မည့် ခြောက်ခုမြောက် ဆေးတက္ကသိုလ်အဖြစ် Naypyitaw State Academyတွင် ဆေးသိပ္ပံပညာမဟာဌာန ဖွင့်လှစ်နိုင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင်ရိုးညွှန်းတမ်း အနေဖြင့်လည်း     ကျန်းမာရေးဝန်ကြီးဌာန၊   ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၏ ဆေးတက္ကသိုလ် ငါးခုနှင့် တပ်မတော်ဆေးတက္ကသိုလ်တို့တွင် လက်ရှိသင်ကြားလျက်ရှိသည့်  နိုင်ငံတကာ အဆင့်မီသင်ရိုး ညွှန်းတမ်းဖြစ်သည့် မျှော်မှန်းရလဒ်အခြေခံသော   စုစည်းချိတ်ဆက် သင်ကြားခြင်း သင်ရိုးညွှန်းတမ်း Outcome Based Integrated Curriculum  ဖြင့် အသုံးပြုသင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားရေးအတွက် အတွေ့အကြုံရှိပြီး အရည်အချင်း ပြည့်မီသည့် ဆရာ၊  ဆရာမများကို ခန့်ထားပြီးဖြစ်ပြီး  လိုအပ်သလို ဆက်လက်ခန့်အပ် ပေးသွားမည်ဖြစ်ကြောင်း။

သင်ကြားရေးပိုင်းအတွက် အဓိကလိုအပ်သည့် (Learning Teaching Aids) သင်ထောက်ကူ ပစ္စည်းများကိုလည်း ခေတ်မီနည်းပညာမြင့်၊ အရည်အသွေးမြင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးထားကြောင်း၊    ဆေးလက်တွေ့ လေ့လာမှုများ ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ရှိ သင်ကြားရေး ဆေးရုံကြီးများတွင် အတွေ့အကြုံရင့်ကျက်သည့်   ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊    အထူးကုဆရာဝန်ကြီးများက သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း။

ကျောင်းသား၊  ကျောင်းသူများအတွက် နေထိုင်သွားလာရေး   အဆင်ပြေစေရန်အတွက်   အဆောင်နေထိုင်လိုသူများကို အဆောင်များ စီစဉ်ထားပြီး   ယခုဆေးသိပ္ပံပညာ မဟာဌာနကို နိုင်ငံတကာအရည်အသွေး အသိအမှတ်ပြု မဟာဌာနကြီးဖြစ်အောင်   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး “Quality Culture”အရည်အသွေး အလေးထားသည့်   ဓလေ့ထုံးစံဖြစ်သည့် တက္ကသိုလ်ပညာရေး စံတစ်ခုပုံဖော်နိုင်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ ကျောင်းသား၊   ကျောင်းသူများ အနေဖြင့်လည်း နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးက အားကိုး အားထားပြုရသော   ပညာပြည့်ဝနှလုံးလှသော ဆရာဝန်ကောင်းများ၊ နိုင်ငံတော်၏ ကျေးဇူးတရားကို  ယုံကြည်ချက်၊ ခံယူချက် ခိုင်ခိုင်မာမာဖြင့် ပြည်သူလူထုကို ကျေးဇူးဆပ်နိုင်သော အဖိုးတန် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် Naypyitaw State Academy ဒုတိယ ပါမောက္ခချုပ်(စီမံ)တို့က   ပြည်ထောင်စု ဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့ကို Naypyitaw State Academy, Faculty of Medicine ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက် လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြသူများသည်    Function Hall  အတွင်း ခင်းကျင်းပြသထားသော   ဆေးသိပ္ပံပညာ မဟာဌာနတွင် အသုံးပြုမည့်  သင်ထောက်ကူ ပစ္စည်းများနှင့် စာအုပ်စာတမ်းများ၊ Naypyitaw  State Academy   အတွင်းရှိ လက်တွေ့ခန်း၊ စာသင်ခန်းများနှင့် Smart Lecture Room အတွင်းဆေးပညာအခြေခံနှစ် ဘာသာရပ် သင်ခန်းစာများကို အဆင့်မီ သင်ကြားနေမှုကို   လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။