မကွေးတိုင်းဒေသကြီး၌ ပဲတီစိမ်းသီးနှံ စိုက်ဧကသုံးသောင်းနီးပါးစိုက်ပျိုး

မကွေးတိုင်းဒေသကြီးအတွင်း ဆောင်းကာလတွင်ကြားသီးနှံအဖြစ် ပဲတီစိမ်းသီးနှံကို စိုက်ဧကလေးသောင်းကျော် စိုက်ပျိုးရန်လျာထားခဲ့ပြီး    လက်ရှိတွင်  စိုက်ဧက သုံးသောင်းနီးပါး စိုက်ပျိုးပြီး ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းမြတ်ထံမှ   သိရသည်။

ပြီးခဲ့သည့်မိုးရာသီကာလက ပဲတီစိမ်းသီးနှံကို စိုက်ဧက ငါးသိန်းကျော်စိုက်ပျိုးရန် လျာထားခဲ့သော်လည်း မိုးရွာသွန်းမှုနောက်ကျခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်းတို့ကြောင့် စိုက်ဧက ၁၇၅၁၉၃ ဧကသာ စိုက်ပျိုးနိုင်ခဲ့သည်။

ပဲတီစိမ်းသီးနှံစိုက်ပျိုးမယ့် တောင်သူတွေအနေနဲ့ ဒေသနဲ့ကိုက်ညီပြီး ရာသီဥတုနဲ့ ပိုးမွှားရောဂါဒဏ်ကို    ခံနိုင်ရည်ရှိတဲ့ ဈေးကွက်ဝင်သော  အထွက်နှုန်းကောင်းတဲ့မျိုးတွေကို    ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ အထွက်နှုန်းကောင်းတဲ့ မျိုးတွေဖြစ်တဲ့ စိုက်ပျိုးရေး(၁)၊ ရေဆင်း(၉)၊ ရေဆင်း(၁၀)၊ ရေဆင်း(၁၄) စတဲ့မျိုးတွေက အပင်ပေါက်ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းထိသေချာတဲ့မျိုးတွေဖြစ်ပါတယ် ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းမြတ်ကပြောသည်။

အခုဆောင်းကာလမှာကြားသီးနှံအနေနဲ့ ပဲတီစိမ်း၊ မြေပဲသီးနှံတွေကိုစိုက်ပျိုးထားပါတယ်။ ပဲတီစိမ်းသီးနှံက မြေတွင်းအစိုဓာတ်လိုအပ်ချက်ရှိတာကြောင့်    တစ်ပတ်ကိုနှစ်ကြိမ်မှ   သုံးကြိမ်ထိ ရေသွင်းပေးရပါပါတယ်။  အပင်ဖြစ်ထွန်းမှုအားကောင်းပြီး သီးနှံအထွက်ကောင်းဖို့  မြေသြဇာလည်းကျွေးရတယ်။ ဒီနှစ်က မိုးနှောင်းကောင်း ခဲ့တာကြောင့်   ဆောင်းမှာစိုက်တဲ့သီးနှံတွေအောင်မြင်ဖြစ်ထွန်းကြမှာပါဟု မင်းဘူးမြို့နယ် ရေမျက်ကျေးရွာနေ တောင်သူကိုအေးသောင်းကပြောသည်။

ပြီးခဲ့သည့်မိုးရာသီတွင်  မိုးရွာသွန်းမှုနောက်ကျခြင်းများရှိသော်လည်း  မိုးနှောင်းတွင်မိုးကောင်းစွာရွာသွန်းခဲ့သဖြင့် ဆောင်းကာလကြားသီးနှံများဖြစ်သည့်    နှမ်း၊ ကုလားပဲ၊ နေကြာ၊ ပဲတီစိမ်း၊ မြေပဲ စသည့်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။          

ဘုန်းလကျ်ာ(မင်းဘူး)