စာရေးသူသည် ၁၉၅၄ ခုနှစ် မတ်လတွင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအဆင့်(တစ်ဘာသာအမှတ် ၅၀ အထက်)ဖြင့် အောင်ခဲ့ပြီးယင်းနှစ် ဇွန်လမှာပင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပါသည်။ စာရေးသူတို့ တက္ကသိုလ်စတင်တက်ရောက်စဉ်က ရန်ကင်းကောလိပ်တွင် တက်ရောက်ခဲ့ရပြီး ၁၉၅၅ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်(ပင်မ)တွင် ပညာဆည်းပူးခဲ့ပါသည်။
စာရေးသူက သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သိပ္ပံတွဲယူခဲ့ပါသည်။ ယင်းဘာသာတွဲဖြင့် ဥပစာတန်း(က) အောင်မြင်ပါမှ အင်ဂျင်နီယာဘွဲ့၊ သစ်တောသိပ္ပံဘွဲ့၊ စိုက်ပျိုးရေး သိပ္ပံဘွဲ့တက်ခွင့် ရရှိပါသည်။ သတ်မှတ်သည့် အမှတ်မရရှိပါက ရိုးရိုးသိပ္ပံဘွဲ့သာရပါသည်။ ဝိဇ္ဇာပြောင်းယူချင်လည်း ယူခိုင်းပါသည်။
စာရေးသူတို့ တက္ကသိုလ်တက်စဉ် ပါမောက္ခချုပ်မှာ ဒေါက်တာထင်အောင်ဖြစ်ပါသည်။ ပါမောက္ခချုပ်ဆရာကြီးသည် အင်္ဂလန်အပါအဝင် တက္ကသိုလ်များမှဘွဲ့ငါးဘွဲ့ရရှိသူဖြစ်၍ အရှေ့တောင်အာရှတွင် စံနမူနာယူထိုက်သည့် ဆရာကြီးတစ်ဦးဖြစ်ပါသည်။
ဆရာကြီးလက်ထက်တွင် သင်္ချာ၊ အင်္ဂလိပ်စာ စသည့် ဌာနများရှိ ကထိက၊ လက်ထောက်ကထိကဆရာများမှာလည်း အိန္ဒိယနွယ်ဖွား အများအပြား ပါဝင်သဖြင့် မြန်မာစာမှလွဲပြီး သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ၊ ဇီဝဗေဒဘာသာအားလုံးကို အင်္ဂလိပ်လိုပို့ချပါသည်။
စာရေးသူတို့ ရန်ကုန်တက္ကသိုလ်၌ စာသင်ကြားချိန်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးခါစအချိန်ဖြစ်ပြီး ပြည်တွင်းစစ်မီး စတင်တောက်လောင်ချိန်လည်းဖြစ်ပါသည်။ ရန်ကုန်-မန္တလေးသို့ မီးရထားဖြင့် ခရီးသွားလျှင်လည်း ရန်ကုန်မှ မန္တလေးခရီးစဉ်တွင် ပျဉ်းမနားဘူတာတွင်လည်းကောင်း၊ မန္တလေးမှ ရန်ကုန်သို့လာလျှင် တောင်ငူဘူတာတွင် လည်းကောင်း ညအိပ်ရပါသည်။ ကံမကောင်းလျှင် ရထားမိုင်းဗုံးထောင်ခြင်းလည်း ကြုံရပါသည်။
ထိုခေတ်ထိုအခါက ငွေတန်ဖိုးရှိသဖြင့် မီးရထားခမှာလည်း ပျဉ်းမနားမှ ရန်ကုန်သို့ ၁၀ ကျပ် ၅၀ ပြားသာရှိပါသည်။ စာရေးသူတို့တက္ကသိုလ်ထမင်းစရိတ်နှင့် ကျောင်းအဆောင်ခမှာ ငွေကျပ် ၆၀ သာဖြစ်သဖြင့် မူလတန်းပြ ဆရာတစ်ဦး၏သားဖြစ်သူ စာရေးသူအနေဖြင့် တက္ကသိုလ်တွင် တစ်လ ငွေကျပ် ၁၀၀ ဖြင့် ငါးနှစ်တိုင်တိုင် နေထိုင်ခဲ့သည်ကိုလည်း ဂုဏ်ယူရသည် ဖြစ်ပါသည်။
ထိုစဉ်က တက္ကသိုလ်ပညာရေးစနစ်မှာ စာချည်းသက်သက် သင်ကြားခြင်းမဟုတ်ဘဲ လူမှုရေး၊ ပေါင်းသင်း ဆက်ဆံရေးနှင့် တက္ကသိုလ်ကျောင်း၏ ဂုဏ်သိက္ခာကို စောင့်ထိန်းရာလည်း ပါဝင်ပါသည်။
ထိုကာလတွင် ဇွန်လမှ ဒီဇင်ဘာလအတွင်းတွင် စကားရည်လုပွဲ၊ ကျပန်းစကားပြောခြင်းနှင့် ဉာဏ်ကြီးရှင်ဖြေဆိုပွဲကျင်းပပေးပြီး မြို့နယ်/ခရိုင်အသင်းအဖွဲ့များ၏ မောင်မယ်တက္ကသိုလ်ကြိုဆိုပွဲ၊ ပညာရည်ချွန်ဆုပေးပွဲ၊ နှစ်ပတ်လည် ထမင်းစားပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲများကိုလည်း နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပါသည်။ မြို့နယ်/ခရိုင်အသင်းများအနေဖြင့် ပဲခူး၊ ကျိုက်ခေါက်၊ ဂျိုးဖြူ စသည့်နေရာများကိုလည်း လေ့လာရေးခရီးထွက်သည်လည်းရှိကြပါသည်။
ကျောင်းဆောင်ထမင်းစားပွဲနှင့် မီးထွန်းပွဲများတွင်လည်း ထိုစဉ်က နာမည်ကြီးအငြိမ့်များ ဖြစ်သည့် ဣန္ဓာရုံအငြိမ့်၊ ရွှေလိပ်ပြာအငြိမ့်၊ ယူတီစီရွှေနှင်းဆီအငြိမ့်နှင့် ကောလိပ်မြိုင်အငြိမ့် စသည်တို့ဖြစ်ပါသည်။
၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင် ဆိုဗီယက်ပြန်နွဲ့နွဲ့စန်း၊ ယိုးဒယားပြန်အမာစိန် စသည့်အငြိမ့်များလည်း ထင်ရှားခဲ့ပါသည်။
တက္ကသိုလ်တွင် စာပေပညာသာမက အနုပညာနှင့်ပတ်သက်၍ လူပုံဆွဲနည်းကို ပန်းချီဆရာကြီးဦးငွေခိုင်၊ ဦးဘလုံလေးတို့က သင်ကြားပြသပေးခဲ့ပါသည်။ ဉာဏ်ကြီးရှင်ဖြေဆိုပွဲတွင် လှတာ၊ ယဉ်တာ၊ ချောတာကို ခွဲခြားဖြေဆိုပေးရန်မေးခွန်း၊ ချစ်တာ၊ ကြိုက်တာ၊ မြတ်နိုးတာကို ခွဲခြားဖြေဆိုရန်မေးခွန်းနှင့် ရည်းစားထားတာ၊ အိမ်ထောင်ဘက်ရွေးတာ တူပါသလားဆိုတဲ့ မေးခွန်းကိုလည်းကောင်း ဗဟုသုတရစေသကဲ့သို့ တဝါးဝါးပွဲကျစေသည့် မေးခွန်းများလည်း ဖြစ်ပါသည်။
နှစ်ပတ်လည်ဆုပေးပွဲအခမ်းအနားများသို့လည်း ရုပ်ရှင်မင်းသား၊ မင်းသမီးအချို့နှင့် ဂီတအဆိုတော်များဖြစ်သည့် ဂီတလုလင်မောင်ကိုကို၊ ဗိုလ်ကလေးတင့်အောင်တို့အပြင် မာမာအေး၊ တင်တင်မြနှင့်အဆိုတော်ထားတို့လည်း အများဆုံး ကူညီသီဆိုပေးခဲ့ပါသည်။ ထိုအချိန်က ငွေပေးရန်မလိုပါ။
ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားဘဝတွင် မိမိဝါသနာပါရာကို သလဲသီးကဲ့သို့ အကန့်အကန့်ဖြင့် ကျင့်ကြံနေထိုင်ကြပါသည်။ တက္ကသိုလ်ကျောင်းသားများလည်း အခမ်းအနားများတွင် တိုက်ပုံအင်္ကျီနှင့် ဗန်ကောက်လုံချည်မြန်မာဝတ်စုံဖြင့် လည်းကောင်း၊ အင်္ဂလိပ်ဝတ်စုံဖြစ်သည့် ဘောင်းဘီရှည်၊ လည်စည်း၊နက်ကတိုင်တို့ ဝတ်ဆင်ပြီး တက်ရောက်သကဲ့သို့အမျိုးသမီးကျောင်းသူများ အနေဖြင့်လည်း မြန်မာဝတ်စုံဖြစ်သည့် အင်္ကျီလက်ရှည်၊ ချိပ်ထဘီတို့ ဝတ်ဆင်ကာ တက်ရောက်လေ့ရှိပါသည်။ ယခုခေတ်ကဲ့သို့ ဆံပင်ဆေးဆိုးခြင်း၊ ကုပ်ဝဲဆံပင်ထားခြင်းမျိုး မရှိခဲ့ပါ။ စာပေသင်ကြားပေးသည့် ဆရာများ အနေဖြင့်လည်း မြန်မာဝတ်စုံ သို့မဟုတ် အနောက်တိုင်းဝတ်စုံ ဝတ်ခဲ့ရပါသည်။ တက္ကသိုလ်ဆရာမများအနေဖြင့်လည်း အင်္ကျီလက်ရှည်နှင့် ပဝါခြုံပြီး စာသင်ကြားရပါသည်။
ရန်ကုန်မြို့ထဲသို့ ရုပ်ရှင်ကြည့်ရန်သော်လည်းကောင်း၊ ဈေးဝယ်ရန်သော်လည်းကောင်း သွားလိုလျှင် တက္ကသိုလ်နှင့် သိမ်ကြီးဈေးသို့ပြေးဆွဲသည့် နဂါးတံဆိပ်တပ်ဘတ်စကားများကိုစီးကြပါသည်။ အမျိုးသမီးဆောင်များဖြစ်သည့် ပြည်လမ်းပေါ်ရှိ ဘင်တန်(သီရိ)ဆောင်နှင့် မာလာဆောင်တို့မှ ကျောင်းသူများကတော့ မင်္ဂလာဒုံနှင့်သိမ်ကြီးဈေး ပြေးဆွဲသည့် တောင်ပံတံဆိပ်ပါ ဘတ်စကားများကို စီးကြပါသည်။
ဘတ်စကားစီးခမှာ တစ်ဦးလျှင် ငွေကျပ် ၂၅ ပြားသာ ဖြစ်ပါသည်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် သိက္ခာရှိရှိ ဝတ်စားဆင်ယင် ထုံးဖွဲ့သွားလာသလို တစ်ဦးနှင့်တစ်ဦးလည်း ရိုင်းပင်းကူညီကြပါသည်။
စာရေးသူတို့ တက္ကသိုလ်မှာရှိစဉ် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များဖြစ်သည့် တရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်း၊ ယူကိုစလပ်သမ္မတ မာရှယ်တီးတိုး၊ ယိုးဒယား(ထိုင်း)ဝန်ကြီးချုပ် စွန်ဂရမ်၊ ရုရှားဝန်ကြီးချုပ် ဘူဂါရင်နှင့် အတွင်းရေးမှူး ခရူးရှက်တို့ တက္ကသိုလ်လာရောက် လေ့လာကြစဉ်တွင် တက္ကသိုလ်တပ်ရင်းအဖွဲ့၏ ကြိုဆို အလေးပြုခြင်းကို ခံယူကြပါသည်။ ထိုစဉ်က တက္ကသိုလ်တပ်ရင်း၏ တပ်ရင်းမှူးမှာ ပါမောက္ခဒေါက်တာ သာလှဖြစ်ပြီး တပ်ခွဲမှူးမှာ ဗိုလ်ကြီးကျော်ငြိမ်း(မဆလခေတ်တွင်) ပညာရေးဝန်ကြီးတို့ ဖြစ်ကြပါသည်။
စာရေးသူတို့တက္ကသိုလ်တက်စဉ်မှာပင် တက္ကသိုလ် ငွေရတုသဘင်အထိမ်းအမှတ်ပွဲ (အမှန်မှာ ၁၉၄၅ ခုနှစ်မှာ ကျင်းပရန်ဖြစ်) ကျင်းပခဲ့ပါသည်။ ဝိဇ္ဇာခန်းမရှေ့တွင် ကျောင်းသားများ အိုးစည်ဒိုးပတ်ဖျော်ဖြေမှုများ၊ တစ်ခန်းရပ်ပြဇာတ်များနှင့် အရိပ်ပြ ပြဇာတ်များတင်ဆက်ခဲ့ပါသည်။ အရိပ်ပြပြဇာတ်ဆိုတာကတော့ ဇာတ်ခုံပေါ်ရှိ ပိတ်ကား၏နောက်ကျောမှ မီးဆလိုက်ထိုးပြီး အရိပ်များဖြင့် ကပြတင်ဆက်ရခြင်း ဖြစ်ပါသည်။
အရိပ်ပြဇာတ်လမ်းကို ဦးဆောင်တင်ဆက်သူမှာ ကိုမြတ်လေး(နောင်ရုပ်ရှင်သရုပ်ဆောင်)ဖြစ်ပါသည်။ ပြဇာတ်နာမည် ကတော့ ဆံမြိတ်လည်းပြေ၊ ပန်းလည်းကြွေ ဖြစ်ပါသည်။ ယင်းငွေရတုအခမ်းအနားမှာပင် တက္ကသိုလ်ရောက် ချင်းတွင်း(မုံရွာ)ကျောင်းသားများ၏ ဒိုးပတ်တီးမှုတ်တင်ဆက်မှုကလည်း အသက်ဝင်သဖြင့် ပရိသတ်များ၏ အားပေးမှုကို အပြည့်အဝခံရပါသည်။ ထို့ကြောင့်ပင် ယင်းအချိန်က နာယကအဖြစ် ဆောင်ရွက်သူ ဦးအောင်လှက (မင်းတို့ ကျောင်းသားတွေမှဟုတ်ရဲ့လားဟု) ချီးမွမ်းထောမနာပြုခြင်း ခံရပါသည်။
ထိုစဉ်က တပ်မတော်သို့ ပြန်တမ်းဝင်အရာရှိဖြင့် ဝင်သွားသူ လေးဦးရှိပါသည်။ ၎င်းတို့ကတော့ဒေါ်သန်းမြင့် (ကုန်သွယ်ရေးညွှန်ကြားရေးမှူး)၊ ဒေါ်ခင်လှသီ(ဖောင်ကြီးကျောင်းနည်းပြ)နှင့် အမည်မသိနှစ်ဦးတို့ဖြစ်ပါသည်။ ယင်းကာလမှာပင် တက္ကသိုလ်မောင်မယ်နှင့် အလေးမပြိုင်ပွဲကျင်းပရာ မောင်တက္ကသိုလ်အဖြစ်ကို ကျော်တင့်(သစ်တော)က ရရှိပြီး အင်းယားဆောင်မှ မနုနုရီက မယ်တက္ကသိုလ်ဘွဲ့ ဆွတ်ခူးခဲ့ပါသည်။ အလားတူပင် ရုပ်ရှင်သရုပ်ဆောင် ဖြစ်သွားသူများကတော့ မယ်ဗမာမစိန်အေးနှင့် နော်လီဇာဘင်ဆင်အပြင် ဝါဝါ၀င်းရွှေတို့ဖြစ်ကြပါသည်။ ရုပ်ရှင်မင်းသားဖြစ်သွားသူကတော့ ကိုနေဝင်း (ဘောလုံးသမား ကောလိပ်ဂျင်နေဝင်း)ရှားရှားပါးပါး ဖြစ်ပါသည်။
ကျောင်းထွက်သွားသည့် အခါမှာတော့ တက္ကသိုလ်ကျောင်းသူအများစုဟာ ဝိဇ္ဇာဘာသာရပ်ဖြင့်ဘွဲ့ရကာ ပညာရေးဌာနတွင် ဆရာမများဖြစ်ကြပြီး ကျောင်းသားများကတော့ တပ်မတော်ပြည်သူ့ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးဌာနနှင့် သစ်တော၊ စိုက်ပျိုးရေးဝန်ထမ်းများဖြစ်သွားကြပါသည်။ ထိုအချိန်က အသက် ၂၀ ဝန်းကျင်ရှိ တက္ကသိုလ်ကျောင်းသားများသည် ယခုအခါအသက် ၈၀ ကျော် ၉၀ အတွင်းသို့ ရောက်ရှိနေပြီး အိုမင်းမစွမ်းဖြစ်နေကြပါသည်။ လူကအိုသော်လည်း စိတ်ကနုပျိုဆဲ၊ အမိတက္ကသိုလ်ကို တမ်းတလွမ်းမိဆဲဖြစ်ပါသတည်း။ ။
တက္ကသိုလ်လှမြင့်(ပျဉ်းမနား)