ဘဏ်များတွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းထားသည်များ

ဘဏ်များတွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

မေး။   ဒီရက်ပိုင်းအတွင်း ဘဏ်တွေရှေ့မှာ ပြည်သူတွေ ငွေထုတ်ယူနိုင်ဖို့အတွက် တန်းစီ နေတာ နေရာတော်တော်များများမှာ တွေ့ရပါတယ်။ ဘာကြောင့်လို့ ပြောချင်ပါသလဲ။

ဖြေ။   လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာမှုနဲ့ စီးပွားရေး တည်ငြိမ်မှုကိုမလိုလားတဲ့ သတင်းမီဒီယာများ၊ အကြမ်းဖက်အုပ်စုများနဲ့ ၎င်းတို့ကို ထောက်ခံအားပေးသူများက လူမှုကွန်ရက် စာမျက်နှာများမှာ သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသားမှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး ယင်းသတင်းများအနက် နယ်ဘဏ်ခွဲအချို့မှာ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက် တိုက်ခိုက်လုယက် ဖျက်ဆီးမှုတွေကို အခွင့်ကောင်းယူပြီး အဆိုပါသတင်းတွေကို ဓာတ်ပုံများနဲ့တကွဖော်ပြပြီး ပြည်သူတွေက ဘဏ်များမှ   ငွေထုတ်ယူလို့မရတော့သယောင် သွေးထိုးလှုံ့ဆော် ရေးသားမှုတွေကြောင့် ပြည်သူများစိုးရိမ် ပူပန်မှုမြင့်တက်ပြီး ဘဏ်များမှငွေတွေကို လိုသည်ထက်ပို၍ ထုတ်ယူနေခြင်းဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ 

မေး။   အခုလတ်တလော အခြေအနေတွေအရ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေမှာ အများပြည်သူ ငွေသားထုတ်ယူမှုအပေါ် ကန့်သတ်လိုက်ပြီဆိုတာ ဟုတ်ပါသလား။

ဖြေ။   မဟုတ်ပါဘူး။ ပြည်သူတွေရဲ့အပ်နှံငွေအပေါ် ငွေထုတ်ယူနိုင်ဖို့အတွက် ဘဏ်တွေက  ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ပြည်သူမှအပ်နှံထားတဲ့   ငွေများအဆင်ပြေပြေ ထုတ်ယူနိုင်ရေးအပေါ်  ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။

မေး။   Special Account  တွေကနေ အချိန်မရွေး ငွေကြိုက်သလောက် ထုတ်ယူ နိုင်တယ်လို့ နားလည်ထားပါတယ်။ ဒီရက်ပိုင်း  Special Account တွေကို ငွေထုတ်ယူမှုကန့်သတ်လိုက်ကြောင်း   သတင်းတွေထွက်ပေါ်နေပါတယ်၊ မှန်ပါသလား။ မြေပြင်မှာ ငွေသွားထုတ်တဲ့ အခါမှာ တန်းစီနေရပြီး ကိုယ့်အလှည့်ရောက်တဲ့ အခါမှာ လိုချင်သလောက် မရခြင်း၊ နောက်ရက်မှ လာထုတ်ဖို့ ထပ်မံချိန်းဆိုခြင်းတွေ   ကြုံတွေ့နေရတဲ့အပေါ် ဘာများ ပြောချင်ပါသလဲ။

ဖြေ။   အပ်နှံငွေရဲ့ အနေအထားအရ New Account (Special Account) ဆိုရင် ငွေသားထည့်သွင်းခဲ့တဲ့  ပမာဏအတိုင်း ငွေသားထည့်သွင်းခဲ့တဲ့ ဘဏ်တွေမှာပြန်လည် ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ယူသူများရင် ဘဏ်အနေနဲ့ ၎င်းတို့ရဲ့ ငွေသိုလှောင်ခန်း အကျယ်အဝန်းပေါ် မူတည်ပြီး ငွေသားများထားရှိရတဲ့အတွက် ထုတ်ပေးဖို့ ငွေပမာဏကို စီစဉ်ဖို့လိုအပ်တာကြောင့် မိမိငွေထုတ်ယူလိုတဲ့ ပမာဏကို ဘဏ်ကို ကြိုတင်အသိပေးအကြောင်းကြားထားရင် အဆင်ပြေမှာဖြစ်ပါတယ်။

မေး။   မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ   ငွေထုတ်ကန့်သတ်ချက် မထားရှိဘဲ ငွေသားထုတ်ပေးခြင်းတွေကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပါရှိပေမယ့် လက်တွေ့သွားရောက် ထုတ်ယူတဲ့အခါမှာ အချို့ပုဂ္ဂလိကဘဏ်တွေမှာ ကန့်သတ်ချက်တွေ ရှိနေလို့ ဒီအပေါ်မှာ ဘာများ ပြောကြားလိုပါသလဲ။

ဖြေ။   အများပြည်သူအနေနဲ့ မိမိအပ်နှံထားတဲ့ အပ်နှံငွေအမျိုးအစားအပေါ် မူတည်ပြီး ဘဏ်က ငွေထုတ်ယူရာမှာကွဲပြားမှုများ ရှိနိုင်ပါတယ်။  Special Account ဆိုရင် မိမိငွေသား ထည့်သွင်းခဲ့တဲ့ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပါတယ်။  ငွေစုဘဏ်စာရင်း (Saving  Account)  ဆိုရင် တစ်ပတ်တစ်ကြိမ် ငွေထုတ်ယူမှု ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။   စာရင်းသေအပ်ငွေ (Fixed Deposit) ဖြစ်ရင် သက်တမ်းပြည့်မယ့်အချိန်မှသာ  ငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။   Saving Account  အပါအဝင်  အပ်ငွေစာရင်းအဟောင်းတွေနဲ့ပတ်သက်ရင် ဘဏ်များမှငွေထုတ်ယူရာမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ ငွေသားစီမံခန့်ခွဲမှု အဆင်ပြေစေရေး အစီအစဉ် သတ်မှတ်ချက်ပါအတိုင်း ငွေသားထုတ်ယူမှုအပြင် ပြည်သူများအနေနဲ့ ဒစ်ဂျစ်တယ် နည်းလမ်းတွေဖြစ်တဲ့ မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းများ၊ Account Transfer များနဲ့ ဘဏ်ဝန်ဆောင်မှုများကို   အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။

မေး။   ပြည်တွင်း/ပြည်ပမီဒီယာများနဲ့ လူမှုကွန်ရက်တွေမှာ  သွေးထိုးလှုံ့ဆော်မှုနဲ့ ဝိသမလောဘသားများရဲ့ ကိုယ်ကျိုးစီးပွားရှာ သွေးထိုးမှုတွေကြောင့်   ပုံမှန်ပြန်လည် လည်ပတ်နေတဲ့ ဘဏ်တွေမှာ ပြည်သူတွေ စိုးရိမ်တကြီးငွေတွေ ထုတ်ပါတယ်။ ဘဏ်တွေ မပြိုလဲဖို့နဲ့   ပြည်သူတွေရဲ့အပ်နှံငွေတွေ မဆုံးရှုံးစေဖို့ ဗဟိုဘဏ်က ဘယ်လိုအာမခံချက်တွေ ပေးဖို့ရှိပါသလဲ။

ဖြေ။   ဗဟိုဘဏ်ကအပြည့်အဝ အာမခံထားပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကာလမှာ သာမက ကောလာဟလဖြစ်တိုင်း ဗဟိုဘဏ်က   ပြည်သူများရဲ့ အပ်နှံငွေအပေါ် အပြည့်အဝ အာမခံရှိတာကို အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်၊ ဘဏ်တွေက အဆိုပါ အပ်နှံငွေများ ပြန်လည်ထုတ်ပေးနိုင်ဖို့ ဗဟိုဘဏ်မှာ အနည်းဆုံးထားရှိရမယ့် သီးသန့် ငွေလိုအပ်ချက်ကို အပ်နှံထားရှိလျက်ရှိရာ လက်ရှိမှာ ဘဏ်များက အနည်းဆုံးလိုအပ် ချက်ထက်ပိုပြီး ဗဟိုဘဏ်ထံ အပ်နှံထားပါတယ်။ ဒါ့အပြင် ပြည်သူလူထုကို ငွေပြန်လည်ထုတ်ပေးနိုင်ဖို့ ငွေကြေးလွယ်ကူမှု အချိုးများနဲ့လည်း စောင့်ကြပ်ထိန်းကျောင်းလျက်ရှိရာ ဘဏ်များအနေနဲ့ အပ်နှံငွေတွေ အပြည့်အ၀ ပြန်လည်ထုတ်ပေးဖို့ အဆင်သင့်ရှိပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေကို စောင့်ကြည့်ကြပ်မတ်လျက် ရှိတာကြောင့် ဘဏ်တွေအနေနဲ့လည်း အဆင်ပြေချောမွေ့စွာ သတ်မှတ်စည်းကမ်းချက်များနဲ့အညီ   ဆက်လက်ဝန်ဆောင်မှု ပေးလျက်ရှိတဲ့အတွက် ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပုံမှန်အတိုင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ရန် လိုအပ်ပါတယ်။

မေး။   ဘဏ်ကငွေတွေ အလုအယက်ထုတ်အောင် ကောလာဟလတွေ ထုတ်ပြီး ရွှေနဲ့ ဒေါ်လာဈေးကို ဆွဲတင်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူမယ့် အစီအစဉ်များ ရှိပါသလား။

ဖြေ။   ဘဏ်တွေမှာ ငွေကြေးခဝါချမှု ဗဟိုအဖွဲ့က သတ်မှတ်ထားတဲ့ ငွေကြေးကျပ်သန်း ၁၀၀ ထက်ကျော်လွန်ပြီး ထုတ်ယူတဲ့ပမာဏ အားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)ထံပေးပို့ရတယ်၊ အခု ငွေထုတ်များနေတဲ့သူတွေ အားလုံးကို ဗဟိုဘဏ်၊ စသုံးလုံး၊ FIU တို့က အနီးကပ် ကြီးကြပ်စောင့်ကြည့်နေတာဖြစ်တဲ့အတွက် ဈေးကစားမှုများမှာ ပါဝင်ပတ်သက်နေရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်ပါတယ်။ ဘဏ်တွေထံမှ ပြည်သူတွေ ငွေထုတ်ယူဖို့ လှုံ့ဆော်ရေးသား၊ ဝါဒဖြန့်နေသူတွေကိုလည်း ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ဖော်ထုတ်အရေးယူပြီး  ထိရောက်ဟန့်တားသော ပြစ်ဒဏ်များချမှတ်နိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနဲ့   ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

မေး။   ပြည်သူတွေက စိုးရိမ်ပူပန်မှုတွေ မြင့်တက်မှုအပေါ်   ဗဟိုဘဏ်အနေနဲ့ မည်သည့်သတင်းစကား ပါးလိုပါသလဲ။

ဖြေ။   မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှု လျှော့ချပြီး ဒစ်ဂျစ်တယ် ပေးချေမှုများ တိုးတက်စေဖို့အတွက် ဒစ်ဂျစ်တယ်ပေးချေမှု နည်းလမ်းတွေဖြစ်တဲ့ အီလက် ထရွန်နစ်ကတ်များဖြင့် လည်းကောင်း၊ ဘဏ်များရဲ့ မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း Pay များ၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်း Wallet များ အသုံးပြုပြီး အများပြည်သူအနေနဲ့  ဒစ်ဂျစ်တယ်နည်းလမ်းတွေ အသုံးပြုပြီး လုံခြုံစိတ်ချရတဲ့ စရိတ်စက သက်သာစွာနဲ့ အကျွမ်းတဝင် ကောင်းမွန်စွာ လည်ပတ်ပြီး  ငွေပေးချေမှုပြုလုပ်နိုင်ဖို့ကို ပြည်သူတွေကလည်း သုံးစွဲနေပြီး တိုးတက်မှုများလည်း နေ့စဉ်တွေ့ရှိနေရပြီဖြစ်ပါတယ်။ ဘဏ်စနစ်ကို ကောင်းမွန်စွာ အသုံးပြုနေတဲ့ လုပ်ငန်းရှင်ကြီးများနဲ့ ကုန်သည်များသာမက ကျေးလက်ဒေသရှိ ပြည်သူများကလည်း (ဥပမာ KBZ Pay)ကို လူကြီးလူငယ်များက အကျွမ်းတဝင် အသုံးပြုနေပြီဖြစ်ပါတယ်။ လက်ရှိ ကောလာဟလနဲ့ ငွေကြေးစနစ်ကို မတည်ငြိမ်အောင် နှောင့်ယှက်နေတဲ့ အဖျက်မီဒီယာတွေကြောင့်   ပြည်သူများအနေနဲ့ အဖျက်မီဒီယာများရဲ့  သွေးထိုးလှုံ့ဆော်မှုတွေကို ယုံကြည်ပြီး ငွေသားကိုင်ဆောင်မှုကို ပြန်လည်လိုက်ပါဖို့ မလိုအပ်ဘဲ ပုံမှန်အတိုင်း မိမိတို့ရဲ့ဘဏ်စနစ်နဲ့ ငွေပေးချေမှုများကို ဆက်လက်သုံးစွဲဖို့ လိုအပ်ပါတယ်။

ဘဏ်စနစ် ခိုင်မာယုံကြည်မှုရှိဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆုံးရှုံးနိုင်ခြေများကို အခြေခံပြီး စောင့်ကြပ်ကြီးကြပ်နေတဲ့အတွက် အများပြည်သူရဲ့ အပ်နှံငွေတွေ ဆုံးရှုံးမှုမရှိနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အပြည့်အဝ အာမခံပါတယ်၊  ဘဏ်များနဲ့ ဗဟိုဘဏ်မှာ ငွေသားအလုံအလောက်ရှိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ဟာ  ဘဏ်ခွဲအချင်းချင်း ချိတ်ဆက် ဝန်ဆောင်မှုပေးတဲ့  (Core Banking System) ကို အသုံးပြုလျက်ရှိပါတယ်။

ဘဏ်ခွဲတစ်ခုခုရဲ့ ဝန်ဆောင်မှုအကြောင်း အမျိုးမျိုးကြောင့် ရပ်တန့်သွားရင်လည်း ပြည်သူတွေအနေနဲ့  အပ်ငွေတွေထုတ်ယူ မရတော့တဲ့ အခြေအနေမျိုး ဖြစ်ပေါ်သွားမှာ မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ရယူ နိုင်ပြီး မိမိအပ်နှံထားတဲ့အပ်ငွေ အမျိုးအစားအလိုက် ငွေသား ထုတ်ယူနိုင်ပါတယ်။

ဘဏ်များမှာ ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်းသည်   မည်သည့်အခြေအနေ၊ မည်သည့်အချိန်တွင်မဆို မိမိရဲ့ငွေပဲဖြစ်ပြီး အဆိုပါငွေများဟာ ကိန်းဂဏန်းအတိအကျ၊ ပိုင်ရှင်အမည် အတိအကျနဲ့ရှိနေပြီး  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ တာဝန်ယူမှုနဲ့ အကာအကွယ်ပေးမှု အပြည့်အဝရရှိနေမှာ ဖြစ်ပါတယ်။

ယခင်အတွေ့အကြုံများအရ ကောလာဟလများကြောင့် ပြည်သူများက ဘဏ်များမှ ငွေတွေစုပြုံထုတ်ယူခဲ့မှုအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကောင်းမွန်စွာ စီမံထိန်းကျောင်းနိုင်ခဲ့ပြီး ဘဏ်များရဲ့ဝန်ဆောင်မှုများ ကောင်းမွန်စွာ ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။

ပြည်သူတွေ စိုးရိမ်ပူပန်မှုလွန်ကဲပြီး ငွေများကို   လိုသည်ထက်ပိုမို ထုတ်ယူပြီး လက်ဝယ်ထားရှိခြင်းကြောင့် လုယက်၊ ဓားပြတိုက်ခြင်းများ ခံရနိုင်ပြီး မိမိတို့ငွေများ ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

ဘဏ်များရဲ့ ပြင်ပမှာ ငွေသားတွေလိုသည်ထက် ပိုမိုရောက်ရှိ လည်ပတ်နေခြင်းအားဖြင့် အိမ်ခြံမြေဈေး၊ ရွှေဈေး၊ ငွေဈေးကစားသူတွေရဲ့ လှည့်ကွက်မှာ  ပါဝင်ခဲ့ရင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူလူထုသာလျှင် အခက်အခဲ ဒုက္ခရောက်နိုင်ပြီး စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုကို ပျက်ပြားစေနိုင်မှာဖြစ်တဲ့အတွက်  အဖျက်သမားများရဲ့ သတင်းမီဒီယာများက အခြေအမြစ်မရှိ ရေးသားဖော်ပြနေတာကို စဉ်းစားချင့်ချိန်ပြီး ပြုမူဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ ယခင်ကလို ဘဏ်များထံမှ မိမိငွေတွေကို ရာခိုင်နှုန်း တစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်းများကို ပြန်လည်ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ နေ့စဉ် အချိန်နှင့်အမျှ  ဘဏ်များရဲ့ ငွေသွင်း/ ငွေထုတ်အပ်နှံငွေ အခြေအနေတွေကို စောင့်ကြည့် ထိန်းကျောင်းနေတာကြောင့် ပြည်သူလူထုအနေနဲ့    ကောလာဟလအပေါ် နားယောင်နေဖို့ မလိုအပ်ဘဲ ယုံကြည်စွာနဲ့ အများပြည်သူအကျိုးကိုကြည့်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ပြောကြားလိုပါတယ်။

လုံခြုံမှုရှိပြီး လူအများ သုံးစွဲနိုင်တဲ့ ATM တွေမှာလည်း ငွေများ ဖြည့်တင်းပေးထားပြီး ငွေကြေးစနစ်ကို ထိန်းချုပ်ရာမှာလည်း နိုင်ငံတကာနည်းတူ စည်းမျဉ်းစည်းကမ်းအတိုင်း အသေးသုံးငွေများကို ATM များမှာ သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် လည်းကောင်း၊ ပြည်တွင်းသုံး ကတ်စနစ်ဖြင့် လည်းကောင်း၊ CBM Net System ဖြင့်လည်းကောင်း   တစ်ဘဏ်မှတစ်ဘဏ် ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာ ငွေလွှဲပြောင်းနိုင်ပြီး ပြည်သူများက Account Transfer နည်းများဖြင့်လည်း ငွေပေးချေမှု နည်းလမ်းများကို   အကန့်အသတ်မရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မေး။   လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်တွေမှာ   ဘဏ်အချို့ကို ဝင်ရောက်တိုက်ခိုက်ပြီး   ငွေကြေးကို လက်နက်ကိုင် အဖွဲ့အစည်းအချို့က သိမ်းသွားတာမျိုးရှိတယ်။ ဒီဖြစ်စဉ်မှာ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး ဘယ်လို စီမံဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ။   အဲဒီဖြစ်စဉ်မှာပါရှိတဲ့ ဘဏ်တွေရဲ့ Customer များက မိမိတို့ ငွေကြေးများကို အထောက်အထားများနဲ့ တင်ပြလာရင် ဘဏ်များအနေနဲ့ ထုတ်ပေးနိုင်ဖို့ စီမံဆောင်ရွက် ထားရှိကြောင်း ပြောကြားလိုပါတယ်။ ဘဏ်များမှာလည်း ၎င်းတို့ရဲ့  Customer များရဲ့ စာရင်းတွေ သိမ်းဆည်းထားပြီးဖြစ်လို့ ဘဏ်များရဲ့  မည်သည့်ဘဏ်ခွဲမဆို  တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။   ။