တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၅

    ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သောနယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တောင်ကလေးကျေးရွာသို့  ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျကြိုဆို နှုတ်ဆက်ကြသည်။

     အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် တောင်ကလေးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၇၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။

     ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၉၂ ဦး၊ ခွဲစိတ်ရောဂါ ၂၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၀ ဦး၊ ကလေးရောဂါ ၂၄ ဦး၊ အရိုးရောဂါ ၆၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၉၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၅ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၆ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

     အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  ဓနုဖြူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မဓမ္မာရုံ၌ အခြေပြု၍ ဓနုဖြူမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၈၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

     ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၁၅ ဦး၊ ခွဲစိတ်ရောဂါ ၁၀ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၄၆ ဦး၊ အရိုးရောဂါ ၂၀၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၀ ဦး၊ မျက်စိရောဂါ ၂၁၆ ဦးနှင့် သွားရောဂါ ၃၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၄ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

   ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

၁။ ဒေါ်ပြုံးပြုံးအောင်

ကျွန်မက တောင်ကလေးကျေးရွာကပါ။ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ယခုလိုအခမဲ့လာရောက်ဆေးကုသပေးတဲ့အတွက် မျက်စိလာရောက်ပြသတာပါ။ မျက်စိက ဇာတ်ကြော်တက်လို့ မျက်စိကြည့်ရတာနည်းနည်းဝါးလို့ ဆရာဝန်ကြီးတွေက သေချာစမ်းသပ် ပြီးတော့ ကုသပေးတယ်။ သောက်ဖို့ဆေးဝါးတွေကိုလည်း အခမဲ့ပေးလိုက်ပါတယ်။ တစ်ချို့ ရွာသူရွာသားတွေက ငွေကုန်ကြေးကျအများကြီးခံပြီးတော့ မကုနိုင်တဲ့အတွက် အခုလိုမျိုး တပ်မတော်မှလာရောက်ပြီး အခမဲ့ဆေးကုသပေးတဲ့အတွက် ရွာသူ၊ ရွာသားတွေအတွက် အကုန်လုံးအစဉ်ပြေပါတယ်။ တစ်နေရာထဲမှာ ပါရဂူကြီးတွေအစုံနဲ့ ပြသရတဲ့အတွက်လည်း သူတို့အတွက် အကျိုးကျေးဇူးရှိပါတယ်။ ဒီအတွက်လည်း တောင်ကလေးရွာသူရွာသားတွေ ကိုယ်စား၊ အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ ရွာသူ၊ ရွာသားတွေရဲ့ကိုယ်စား ကျွန်မကကျေးဇူး အများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။

နောက်ထပ်လည်း ယခုလိုဆေးလာကုပေးပါလို့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ကို ဖိတ်ခေါ်ပါတယ်ရှင့်။ ဆေးကုသပေးနိုင်အောင် စီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆရာဝန်များ၊ ပါရဂူကြီးများကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။ ကျွန်မတပ်မတော်သားတွေကို အရမ်းပဲချစ်ပါတယ်။ ယခုလို တိုင်းပြည် မအေးချမ်းတဲ့အချိန်မှာ လာ‌ရောက်ပြီး ရွာသူ၊ ရွာသားတွေ၊ ဒေသခံတွေရဲ့ ကျန်းမာရေးကို အဓိကထားပြီး ဆေးကုသပေးတဲ့အတွက် ကျွန်မက ကျေးဇူးအထူးတင်ရှိပါတယ်။ ယခုဆိုရင် တပ်မတော်သားတွေက မြန်မာတစ်နိုင်ငံလုံး အေးချမ်းသာယာဖို့အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရှေ့တန်းတာဝန်တွေကို ထမ်းဆောင်နေရတယ်လို့ ကြားသိရတဲ့အတွက် ကျွန်မချစ်တဲ့ တပ်မတော်သားတွေအတွက် အရမ်းလည်းဂုဏ်ယူမိပါတယ်ရှင်။ ဘုရားရှစ်ခိုးတိုင်းလည်း တပ်မတော်သားတွေ ဘေးအန္တရာယ်ကင်းရှင်းပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံပြီး လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်ရှင်။ တပ်မတော်ကြီးလည်း ရေရှည်တည်တံ့ခိုင်မြဲပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

၂။ ဦးအေးကိုတင့်

ကျွန်တော်တို့မြို့နယ်က နယ်မြို့လေးလည်းဖြစ်တဲ့အတွက်ကြောင့် မြို့နယ်မှာလည်း ကုတင် ၅၀ နဲ့ ဆရာဝန်အထိုက်အသင့်တော့ရှိပါတယ်။ ဒါပေမဲ့ ယခုလို တပ်မတော်နယ်လှည့် ဆေးကုအဖွဲ့က ပါရဂူတွေ၊ ဆရာဝန်ကြီးတွေလာရောက်တဲ့အပေါ်မှာ ကျွန်တော်တို့က အရမ်းကို ဝမ်းသာအားရဖြစ်မိပါတယ်။ ယခုလည်းအားလုံးမြင်တဲ့အတိုင်း ကျွန်တော်တို့ဒီမှာ လူနာတွေက အုံးအုံးကြွကြွနဲ့ ဒီမြို့နယ်လေးမှာ အားကိုးတကြီးလာရောက်ကုသနေကြတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ ပရဟိတအဖွဲ့တွေ၊ Ambulance အဖွဲ့တွေ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တွေရယ်၊ အရန်မီးသတ်တပ်ဖွဲ့တွေ၊ တခြားပရဟိတအဖွဲ့တွေ အားလုံးစုပေါင်းပြီး မြို့နယ်မှာရှိတဲ့လူနာတွေကို သွားရေး၊ လာရေးက အစ အခက်အခဲမရှိ အားလုံးအဆင်ပြေအောင်နဲ့ နယ်လှည့်ဆေးကုသအဖွဲ့တွေ ရှောရှောရှုရှုကုသနိုင်အောင် ကျွန်တော်တို့ ဝိုင်းဝန်းပူးပေါင်းပြီးတော့ ကြိုးစားဆောင်ရွက်လျှက် ရှိပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဘက်ခေတ်မှာ ဆေးကုဖို့ဆိုတာ ခက်ခဲတာပေါ့။

သွားရေးလာရေးကအစ ကုန်ကျစရိတ်ကြီးမြင့်တာတွေ ဖြစ်တဲ့အခါမှာ ယခုလို နယ်လှည့်ဆေး ကုသရေးအဖွဲ့က လာရောက်ကုသပေးတဲ့အပေါ် ကျွန်တော်တို့က တစ်မြို့နယ်လုံးမှာရှိတဲ့ လူနာတွေကိုစုစည်းပြီးတော့ ခေါ်ပေးတယ်။ ခေါ်ပေးတဲ့အတွက် လူနာတွေကလည်း အရမ်းကို ဝမ်းသာပါတယ်။ တချို့ဆိုရင် အဝေးဆုံးမှာရှိတဲ့ လူနာတွေကတောင် လာရောက်ပြီးကုသနေတာကို တွေ့ရပါတယ်ခင်ဗျ။ ယခုလို ကုသပေးဖို့စီစဉ်ပေးတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်အကြီးအကဲကို အထူးကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက ဆရာဝန်ကြီးတွေ၊ အထူးကုပါရဂူကြီးတွေနဲ့ ပြချင်ရင်တောင် ရန်ကုန်တို့၊ ဟင်္သာတတို့လို ခရိုင်မြို့ကြီးတွေကို သွားရောက်ကုသရတဲ့ အနေအထားကနေ ကျွန်တော်တို့ဆီမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ယခု ဒီနေရာမှာ အထူးကု ပါရဂူကြီးတွေ လာရောက်ကုသပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေကို အရမ်းကို ကျေးဇူးတင်ရှိပါတယ်လို့ ပြည်သူလူထုကိုယ်စားပြောကြားလိုပါတယ်။