မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ  ၂၅

      ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရင်းတိုက်ပင်ကျေးရွာအုပ်စုရှိ သဲဖြူ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ သဲဖြူရွာ  ဦးကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့က သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၆ ပါး၊ ဒေသခံပြည်သူ ၁၈၆ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်းဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို မှော်ဘီ တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။ 

    အလားတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား ရပ်ကွက်နှင့် ကုသိုလ်တော်ရိပ်သာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

   ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် ၁၁၅ ပါး၊ သာသနာ နွယ်ဝင်သီလရှင် ၃၂ ပါးနှင့် ဒေသခံပြည်သူ ၄၆  ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခြင်း၊ ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေးဖောက်၍ ဆီးချို/သွေးချို စစ်ဆေးခြင်းနှင့် သွေးအုပ်စုများ စစ်ဆေးပေးခြင်းစသည့် ရောဂါရှာဖွေစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ   ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

      ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။