ကျိုင်းတုံမြို့နှင့် တောင်ငူမြို့တို့၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲများ ပြုလုပ်

 

ကျိုင်းတုံမြို့နှင့် တောင်ငူမြို့တို့၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲများ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရ(ဝစီပိတ်) ကျောင်းတိုက်၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ပိုင်းတွင်ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကထိန်အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ  နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာပါလထံမှ ကထိန်အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အလားတူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း/ တပ်ဖွဲ့ မိသားစုများ၏ စုပေါင်း မဟာ ဘုံကထိန်အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းဧချမ်း ဓမ္မာရုံ၌ ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ သူရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ သံဃာတော်များထံ ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကြာနီကန်ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း/တပ်ဖွဲ့ မိသားစုများ လှူဒါန်းသည့် စုပေါင်းမဟာဘုံကထိန်တွင် ကထိန်လျာမြတ်သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝက မ္မအလှူငွေ၊ စုစုပေါင်းလှူဒါန်းငွေ ၄၅၅၃၉၅၇၂ ကျပ် တန်ဖိုးရှိ ပဒေသာပင်(၃၂)ခုကို  တောင်ငူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ကာ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။