လေယာဉ်စစ်ဆေးမှု ကုန်ကျစရိတ်ကို သက်သာစေမယ့် ကမ္ဘာ့အကြီးဆုံး AI စက်ရုပ်

လေယာဉ်စစ်ဆေးမှု ကုန်ကျစရိတ်ကို သက်သာစေမယ့် ကမ္ဘာ့အကြီးဆုံး AI စက်ရုပ်

 

    လေယာဉ်တစ်စင်းရဲ့အပြင်ပန်း သန့်ရှင်းရေးကို ပုံမှန်လုပ်ဆောင်ခြင်းက လေယာဉ်ကို ကြည့်ကောင်းစေရုံသာမကဘဲ လေကိုထိုးခွဲနိုင်စွမ်းလည်း ပိုမိုမြင့်မားတာကြောင့် လောင်စာဆီ သုံးစွဲမှုကို ပုံမှန်ထက် ၂ ရာခိုင်နှုန်း သက်သာစေတာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း အလွန်ကြီးမားလှတဲ့ ခရီးသည်တင်လေယာဉ်များကို  သန့်ရှင်းရေး ပြုလုပ်ခြင်းဟာ အင်မတန်မှ ကုန်ကျစရိတ် ကြီးမားပါတယ်။

ဒါ့အပြင် လေယာဉ်ကို သန့်ရှင်းရေး ပြုလုပ်ခြင်းသာမက လေယာဉ်ရဲ့ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးခြင်းကလည်း အဲဒီလေယာဉ်ကို အကောင်းဆုံး ထိန်းသိမ်းခြင်းဖြစ်ပါတယ်။

သို့သော်လည်း ဒီလိုကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးခြင်းအတွက် ကုန်ကျစရိတ်ကတော့ မနည်းလှပါဘူး။

Norse Atlantic Airways  ဆိုတဲ့လေကြောင်းလိုင်းကတော့ သူတို့ရဲ့လေယာဉ်တွေကို ရေခဲခွာခြင်း၊    ဆေးကြောခြင်းတို့ သာမက အင်ဂျင်ပိုင်းကိုပါ  သန့်ရှင်းရေး လုပ်ပေးနိုင်မယ့် Avinxt ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်ပါပြီ။

Avinxt ကုမ္ပဏီက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိတဲ့ စွမ်းအင် နည်းပညာနဲ့ ဉာဏ်ရည်အတု (AI) ကိုအသုံးပြုပြီး    အလွန်ကြီးမားတဲ့ စက်ရုပ်တစ်မျိုးကို ဖန်တီးဖို့ လုပ်ဆောင်နေပါတယ်။

Avinxtကုမ္ပဏီအနေနဲ့ အဲဒီစက်ရုပ်ကို ၂၀၂၄ ခုနှစ်အတွင်းမှာ စတင်တည်ဆောက် သွားဖို့ပြင်ဆင်လျက်ရှိပြီး   တကယ်လို့များ ဒီစက်ရုပ်ကြီးကို တည်ဆောက်နိုင်ခဲ့ပြီဆိုရင် အရွယ်အစား အလွန်ကြီးမားတဲ့ ခရီးသည်တင်လေယာဉ်များ၊ အသေးစား ပုဂ္ဂလိကပိုင်လေယာဉ်များသာမက စစ်လေယာဉ်များကိုပါ ကိုင်တွယ်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ Norse  လေကြောင်းလိုင်းက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ထားပါတယ်။

Avinxt ရဲ့စက်ရုပ်ဟာ လေယာဉ်များရဲ့  ကျန်းမာကြံ့ခိုင်ရေး အခြေအနေများကို စစ်ဆေးဖို့အတွက် ကင်မရာများနဲ့ AI စနစ်များကို အသုံးပြုမှာဖြစ်ပါတယ်။

နာရီပိုင်းအတွင်းမှာတင် လေယာဉ်ရဲ့ ဘယ်လိုနေရာတွေမှာ အချိုင့်တွေ၊ ပွန်းပဲ့ရာတွေ ရှိနေတယ်ဆိုတာကို စကန်ဖတ်ပြီး လေယာဉ်ကိုယ်ထည် တစ်ခုလုံးကို စေ့စေ့စပ်စပ် စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

တကယ်တော့    ဒီလိုမျိုး လုပ်ငန်းစဉ်ဆိုတာ ရက်သတ္တပတ်ပေါင်း များစွာကြာအောင် လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ Avinxt ရဲ့စက်ရုပ်ကို အသုံးပြုမယ်ဆိုရင် နာရီအနည်းငယ်ပဲကြာမှာပါ။

“Avinxt ရဲ့နည်းလမ်းက ကျွန်တော်တို့ရဲ့ အသုံးပြုမှုကြောင့်  ထွက်ပေါ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို   လျှော့ချပေးနိုင်ရုံသာမကဘဲ ကုန်ကျစရိတ်ကိုပါ ကျဆင်းစေတဲ့ နည်းလမ်းများစွာအနက် တစ်ခုဖြစ်ပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ကိစ္စပါ”    ဆိုပြီး Norse မှထိပ်တန်းတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ သွမ်အန်းနူဟိန်းက ပြောပါတယ်။

Norse Atlantic အနေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ မိတ်ဖက်များကို ရှာဖွေနေခဲ့ကြောင်း၊ ဒါ့အပြင် လေကြောင်းလိုင်းရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်များကို အလိုအလျောက် နည်းပညာနဲ့ လွယ်ကူချောမွေ့စေမယ့် နည်းလမ်းတွေကိုလည်း ရှာဖွေနေကြောင်း၊ အထူးသဖြင့်   ဆောင်းရာသီလို အချိန်မျိုးမှာ လုပ်ငန်းလည်ပတ်မှုများကို အဆင်ပြေပြေနဲ့ လွယ်ကူချောမွေ့စေလိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောထားပါတယ်။

Avinxt ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ပထမဆုံး စက်ရုပ်များကို အော့စလိုလေဆိပ်မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ပြီးမှသာ လန်ဒန်ဂတ်ဝစ်ရှိ Norse ရဲ့ဌာနချုပ်မှာ ဒုတိယမြောက် စက်ရုပ်များကို တည်ဆောက်သွားမှာပါ။

“လေဆိပ်တွေ၊ လေကြောင်းလိုင်းတွေ၊ လေတပ်နဲ့ မြေပြင်လေယာဉ် စစ်ဆေးရေး အဖွဲ့တွေအနေနဲ့ ကာယအားကို အသုံးပြုပြီး အချိန်ပေးရတဲ့၊ ကုန်ကျစရိတ်အလွန်ကြီးမားတဲ့ လုပ်ငန်းစဉ်များကို ဘာကြောင့်လုပ်နေဦးမှာလဲ။ ကျွန်တော်တို့ရဲ့ နည်းပညာအသစ်ကိုအသုံးပြုခြင်းအားဖြင့် အလားတူလုပ်ငန်းတွေကိုပဲ   ပိုမိုမြန်ဆန်စွာ၊ ကုန်ကျစရိတ် သက်သာစွာ၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိစွာ ဆောင်ရွက်နိုင်နေပါပြီ”လို့ Avinxt ရဲ့အမှုဆောင် အရာရှိချုပ် အူဗစ်ထရိုအန်က ပြောပါတယ်။

အခုလိုမျိုးဆောင်းရာသီ ကာလမှာ နှင်းဖုံးနေတဲ့ လေယာဉ်တွေကို  ဆေးကြောခြင်းနဲ့ သာမန်အားဖြင့်  လေယာဉ်ဆေးခြင်းတို့အတွက် အထူးဖော်စပ်ထားတဲ့ အရည်များကို အသုံးပြုရပါတယ်။ အဲဒီအရည်တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။

လေဆိပ်အများအပြားက အဲဒီအရည်တွေကို ပြန်လည်စုဆောင်းပြီး တခြားနည်းနဲ့ အသုံးပြုဖို့အတွက်     လုပ်ဆောင်နိုင်စွမ်း မရှိကြပါဘူး။

နောက်ဆုံးမှာတော့ အဲဒီအရည်တွေက လေဆိပ်အနီးဝန်းကျင်မှာရှိတဲ့ မြေကြီးနဲ့ ရေထဲတို့ကိုသာ စိမ့်ဝင်သွားပြီး ညစ်ညမ်းမှုကိုသာ ဖြစ်ပေါ်စေပါတယ်။

Avinxt ကကျတော့ အဲဒီအရည်တွေကို   ပြန်လည်စုဆောင်းပြီး အသုံးပြုနိုင်ဖို့အတွက်     နေရာတစ်ခုကို သတ်သတ်မှတ်မှတ် ထားရှိထားပါတယ်။

လေယာဉ်ဆေးခြင်း လုပ်ငန်းစဉ်မှာ သူတို့ အသုံးပြုလိုက်တဲ့ရေနဲ့ ဓာတုပစ္စည်း စုစုပေါင်းရဲ့ ၈၀  ရာခိုင်နှုန်းလောက်ကို Avinxt က ပြန်လည်စုဆောင်းနိုင်ပါတယ်။

အကောင်းဆုံး တစ်ချက်ကတော့ စုဆောင်းရရှိထားတဲ့ ရေနဲ့ ဓာတုပစ္စည်းများကို တခြားနေရာများသို့    ပို့ဆောင်စေခြင်း မရှိတာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက်လည်း အကောင်းဆုံး ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။

အခုလိုမျိုး    ဓာတုဆေးရည်တွေကို ပြန်လည်စုဆောင်းပြီး အသုံးပြုနိုင်ခြင်းဟာ လေကြောင်းလိုင်းများ အနေနဲ့ လေယာဉ်မထွက်ခွာမီ လေယာဉ်ကိုယ်ထည်မှာ ရှိတဲ့ နှင်းတွေကိုခွာချဖို့အတွက်  အသုံးပြုရတဲ့ ကုန်ကျစရိတ်ကို   သက်သာစေရုံသာမက သဘာဝ ပတ်ဝန်းကျင်အတွက် များစွာသော အကျိုးကျေးဇူးများကို   ဖြစ်ထွန်းစေတာအမှန်ပါပဲ။

တွက်ချက်မှုတွေအရကြည့်မယ်ဆိုရင် အဲဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာ အသုံးပြုလိုက်တဲ့ အရည်တွေကို   ပြန်လည်စုဆောင်းပြီး အသုံးပြုခြင်းကြောင့် သက်သာသွားမှုဟာ အမြင့်ဆုံးအနေနဲ့ Boeing 787 Dream-liner လေယာဉ်တစ်စင်းကို နှင်းတွေဖယ်ချမှု တစ်ကြိမ်လုပ်တိုင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်ရှိမှု ၁၈၀၀ ကီလိုဂရမ်ကို လျှော့ချပြီးသား ဖြစ်သွားစေပါတယ်။

ဒါကြောင့် မဖြစ်မနေလည်း လုပ်နေရမယ့် လေယာဉ်ဆေးခြင်း၊ စစ်ဆေးခြင်း လုပ်ငန်းများအတွက် အခုလိုမျိုး နည်းပညာတွေ ထွက်ပေါ်လာခြင်းဟာ   တကယ့်ကို အကျိုးရှိပြီး ထိရောက်စေတဲ့နည်းလမ်းများပင် ဖြစ်ပါတော့တယ်။