လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် တစ်လအတွင်း ပင်လယ်ပန်းကဏန်း ပိဿာချိန် ၇၅၀၀၀ အထိတင်ပို့ ရောင်းချနိုင်ခဲ့

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် တစ်လအတွင်း ပင်လယ်ပန်းကဏန်း ပိဿာချိန် ၇၅၀၀၀ အထိတင်ပို့ ရောင်းချနိုင်ခဲ့

 

    ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့  ပြီးခဲ့သည့်တစ်လအတွင်း ပန်းကဏန်းပိဿာချိန် ၇၅၀၀၀ အထိတင်ပို့ရောင်းချရကြောင်း   လပွတ္တာမြို့နယ်  ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင်  ဒေါ်ချို ကပြောသည်။

    လပွတ္တာမြို့နယ်မှ  ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်   စက်တင်ဘာလအတွင်း ပင်လယ်ပန်းကဏန်း ပိဿာချိန်  ၄၇၀၀၀  အထိသာတင်ပို့ ရောင်းချနိုင်ခဲ့ပြီး  အောက်တိုဘာလက ပန်းကဏန်းပိဿာချိန် ၇၅၀၀၀ အထိ  တင်ပို့ရောင်းချရကြောင်း၊ အဆိုပါ ပင်လယ်ပန်းကဏန်းများအား  ရန်ကုန်မြို့သို့ ပုံမှန်တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။  “ပန်းကဏန်းတွေက ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေကနေ ရရှိတာဖြစ်ပါတယ်။  လပွတ္တာမြို့နယ်ကနေ ထွက်တဲ့    ပင်လယ်ပန်းကဏန်းတွေ အပါအဝင် ရေထွက်ကုန်တွေကို  လက်ရှိမှာ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ ရောင်းချနေတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ပင်လယ်ပန်း ကဏန်းတွေ ပိဿာချိန် ၇၅၀၀၀ အထိ တင်ပို့ရောင်းချ ရပါတယ်။    လပွတ္တာမြို့နယ်ဘက်ကနေထွက်တဲ့   ရေထွက်ကုန်တွေကို ရန်ကုန် ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ကဏန်းတွေ အဝယ်လိုက်နေတာကလည်း ပြည်တွင်း၊   ပြည်ပဈေးကွက်ရှိလာတာကြောင့်လို့ သိရပါတယ်။   ကဏန်းတွေ ဝယ်ယူအားကောင်းလာတော့  ရေလုပ်ငန်းရှင်တွေက  အရောင်းအဝယ်လုပ်ငန်းပိုမို လုပ်ကိုင်လည်ပတ်လာပါတယ် ဟု လပွတ္တာမြို့နယ်  ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် ဒေါ်ချိုကပြောသည်။

လပွတ္တာမြို့နယ်မှ  ပင်လယ်ပန်းကဏန်းများအား ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက် ရှိပြီး  အဆိုပါပင်လယ်ပန်း ကဏန်းများ ဝယ်ယူ အားကောင်းလာခြင်းကြောင့် ရေလုပ်သားများ၊ ကုန်သည်များနှင့် ကုန်တင်ကား အငှားလိုက်သည့်   လုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။