တန့်ယန်းခရိုင်ရှိ မြို့နယ်များ၌ မိုးသီးနှံမြေပဲ ဧက ၂၅၆၀ ရိတ်သိမ်းပြီးစီး

တန့်ယန်းခရိုင်ရှိ မြို့နယ်များ၌ မိုးသီးနှံမြေပဲ ဧက ၂၅၆၀ ရိတ်သိမ်းပြီးစီး

 

    ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် အတွင်းရှိ မြို့နယ်များတွင် မိုးသီးနှံမြေပဲဧက ၂၅၆၀ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

    ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် အတွင်းရှိ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ် မြို့နယ်တို့တွင် မိုးသီးနှံမြေပဲများကို  ယခုနှစ် အောက်တိုဘာလ ဒုတိယပတ်မှစတင် ရိတ်သိမ်းလျက်ရှိရာ နိုဝင်ဘာလ၂၈ ရက်တွင် စိုက်ပျိုးဧက ၂၅၆၀ အနက်ဧက၂၅၆၀ လုံး ရိတ်သိမ်းပြီးစီးပြီဖြစ်၍ ရာနှုန်းပြည့် ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

“တန့်ယန်းခရိုင်အနေနဲ့ ဒေသတွင်း စားသုံးဆီဖူလုံစေဖို့အတွက် ဆီထွက်သီးနှံ မြေပဲလျာထားဧက ၂၆၃၀ အနက် ၂၅၆၀ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စိုက်ပျိုးဧက အားလုံး ရိတ်သိမ်းပြီးပါပြီ။

    ဆောင်းသီးနှံမြေပဲစိုက်ပျိုးမယ့် တောင်သူတွေ အတွက် လိုအပ်တဲ့မျိုးစေ့တွေ၊ သွင်းအားစုတွေ အချိန်မီရရှိစေဖို့အတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးနေပါတယ်။ တစ်ဧကအထွက်နှုန်းကောင်းမွန် စေဖို့အတွက် မြေပဲစံပြစိုက်ကွင်းတွေကိုလည်း မြို့နယ်အလိုက် ဖော်ဆောင်စိုက်ပျိုး ပေးသွားမှာပါ”ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။

    တန့်ယန်းခရိုင်အတွင်းရှိ  တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် မိုးသီးနှံမြေပဲ ရိတ်သိမ်းပြီးစီးမှုမှာ တန့်ယန်းမြို့နယ်၌ ဧက ၂၁၃၀၊   မိုင်းရယ်မြို့နယ်၌ ဧက ၄၃၀ တို့ဖြစ်ကြောင်း၊ မြေပဲတစ်ဧက အထွက်နှုန်းအနေဖြင့် တန့်ယန်းမြို့နယ်၌ ၂၂  ဒသမ ၉၈ တင်း၊ မိုင်းရယ်မြို့နယ်၌ ၂၁ ဒသမ၂၃ တင်းတို့ဖြစ်ကြောင်း သိရသည်။