နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်လက် လွှဲပြောင်းပေးအပ်

နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်လက် လွှဲပြောင်းပေးအပ်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာလ - ၃၀

    နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက် ရှိပါသည်။

    ထိုသို့လွှဲပြောင်း ပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း တရုတ် နိုင်ငံသား အမျိုးသား ၁၈၂ ဦး၊ အမျိုးသမီး ၃၀ ဦး၊ စုစုပေါင်း ၂၁၂  ဦးကို စိစစ်ဖော်ထုတ် ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၉၂၁၆ ဦး၊ အမျိုးသမီး ၁၁၆၆ ဦး၊ စုစုပေါင်း ၁၀၃၈၂  ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက် ခဲ့ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

    နိုင်ငံတော်အစိုးရ အနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက် ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။