နိုင်ငံတော်အနေဖြင့် သက်မွေးပညာရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိ

 

နိုင်ငံတော်အနေဖြင့် သက်မွေးပညာရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၃၀

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  သယံဇာတရေးရာ ဝန်ကြီး ဦးရွှေစင်နှင့် တာဝန်ရှိသူများ၊ နယ်မြေခံ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ  တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ နယ်မြေခံ တပ်နယ်မှူး၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း)ကျောင်းအုပ်ကြီးတို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ပြည်ထောင်စုဝန်ကြီးက  အစိုးရစက်မှုလက်မှု သိပ္ပံ(ရမည်းသင်း) ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရ စက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာများပက်ဖျန်း၍ အစိုးရစက်မှု လက်မှုသိပ္ပံအတွင်းရှိ  စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများနှင့် မြို့ပြအင်ဂျင်နီယာ၊  လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာအလုပ် ရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 

ယင်းနောက်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်စေရန် သက်မွေးပညာရေးသည် အခြေခံကျသဖြင့်   နိုင်ငံတော်အနေဖြင့် သက်မွေးပညာရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အထူးအလေးပေး ဆောင်ရွက်လျက် ရှိကြောင်း၊  စက်မှု၊  စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ၊ စက်မှုလက်မှု သိပ္ပံများကို စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ် ပေးလျက်ရှိပြီး အရည်အသွေးပြည့်မီသော လူသားအရင်းအမြစ်များ မွေးထုတ်ပေး ရန်လိုအပ်ကြောင်း ပြောကြားသည်။  ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးက ကျေးဇူးတင်စကား ပြောကြား၍ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ရမည်းသင်း)သို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အင်ဂျင်နီယာဘွဲ့ကြို သင်တန်းများတွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှု ဆောင်ရွက်နေသည့် အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးကြပြီး လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်နှင့် အလုပ် ရုံတို့ကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းအားပေးသည်။

ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် အစိုးရစက်မှုလက်မှု သိပ္ပံ(ရမည်းသင်း)၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ပဲခူး)နှင့်  အစိုးရစက်မှုလက်မှု သိပ္ပံ(မိတ္ထီလာ)တို့ကို တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။