၁-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ မြန်မာနိုင်ငံ တပ်မတော်(ရေ) စစ်ရေယာဉ်များ ပူးပေါင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများဆောင်ရွက်မှုအခြေအနေ

မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ

၁-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်များကို အားပေးလုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၁  ရက်

ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်တော်(ရေ)က စစ်ရေယာဉ်များဟာ ဒီနေ့ညနေပိုင်းမှာတော့ မြန်မာနိုင်ငံက စစ်ရေယာဉ်များနဲ့အတူ ပင်လယ်ပြင်မှာ လေ့ကျင့်ရေးဆောင်ရွက်မယ့် ဧရိယာကို ထွက်ခွာပြီး  ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ရေးလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိပါတယ်။ မနက်ဖြန်အထိ လေ့ကျင့်မှာဖြစ်ပါတယ်။ အာ့မှာတော့ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများအတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိတဲ့ အချိန်မှာလည်း ရန်ကုန်မြို့က အထင်ကရ နေရာတွေကို လှည့်လည်လေ့လာတာတွေ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေ ပြုလုပ်တာတွေ၊ နှစ်နိုင်ငံ သင်္ဘောများအပြန်အလှန် လည်ပတ်တာတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ အစိုးရချင်း၊ တပ်မတော်ချင်းဆက်သွယ် ဆက်ဆံရေး  ခိုင်မြဲအောင်မြင်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

          ဒီနေ့ နယ်စပ်ဒေသတွေမှာတော့ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသား အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၃၅ ဦးကို တရုတ်နိုင်ငံက တာဝန်ရှိသူများထံ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အားလုံး ၁၀၅၁၇ ဦးရှိပြီး ဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို နှစ်နိုင်ငံတာဝန်ရှိသူများအနေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

          တိုက်ပွဲဖြစ်စဉ်များအနေနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ လောက်ကိုင်မြို့ ကို MNDAA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်မှု ဆောင်ရွက်ခဲ့ပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကို လာရောက်ပစ်ခတ်ခဲ့တာရှိပါတယ်။ Drop Bomb နဲ့ လာရောက်ချခဲ့တာ ရှိပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ဒီနေ့မှာ ကော့ကရိတ်မြို့ရဲ့ နေရာ ၈ နေရာကို KNU PDF အကြမ်းဖက်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာရှိပါတယ်။ ဒီနေရာမှာတော့ တိုက်ပွဲတစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပါတယ်။ KNU PDF အဖွဲ့က ကျဆုံးထိခိုက်ဒဏ်ရာရရှိမှု များပြားတယ်ဆိုတာ သိရပါတယ်။ ကော့ကရိတ်မြို့ရဲ့ အခြေအနေကတော့ ခုချိန်မှာ ချောင်းမြောင်းပစ်ခတ်တာ အဝေးမှ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးဘဲ ရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ထွန်အိုင်စခန်းကို Drop Bomb များနဲ့ လာရောက်တိုက်ခိုက်တာရှိပါတယ်။

          ဒီနေ့မှာတော့ အမျိုးသားဒီမိုကရေစီပါတီသစ်က ဥက္ကဌတာဝန် ထမ်းဆောင်နေတဲ့ ဦးသန်းထွန်းကို ရန်ကုန်မြို့မှာ PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဒီ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ဆိုတာသည် ယခင်ကတည်းကတိုင် တပ်မတော်အစိုးရ လက်ထက်ကတည်းက တပ်မတော်နဲ့ အတိုက်အခံပြုလုပ်ပြီးတော့ ဒီမိုကရေစီ အရေးကို ကြိုးပမ်းတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ သို့သော် ဒီအချိန်မှာ အမြင်မတူတာနဲ့ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး သတ်ဖြတ်တဲ့ ပုံစံမျိုးဘဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ဖော်ဆောင်တဲ့ လမ်းကြောင်းတွေ၊ အယူအဆတွေ၊ အတွေးအခေါ်တွေ အမျိုးမျိုးရှိမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာမှ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာမှာ ငါယူဆတဲ့ လမ်းကြောင်း၊ ငါလုပ်ကိုင်တဲ့ဟာဘဲ မှန်တယ်၊ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထား တာသည် မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို များစွာ အနှောက်အယှက်ဖြစ်စေပါတယ်။

          ကျွန်တော်ပြောခဲ့ သလိုပါဘဲ။ မဲမသမာမှုကြောင့် တပ်မတော်ကနေ တာဝန်ယူခဲ့ရတယ်။ မဲမသမာမှုကိုလည်း လုပ်ခဲ့တယ်။ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ပြောခဲ့တယ်။ တရားဥပဒေ အရရင်ဆိုင် ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ NUG PDF အဖွဲ့တွေအနေနဲ့ နေရာမျိုးစုံ၊ မီဒီယာမျိုးစုံ ကနေပြီး သူတို့နဲ့ အတွေးအခေါ် မတူတဲ့သူမှန်သမျှကို ဆန့်ကျင်ဖို့၊ သတ်ဖြတ်ဖို့ အမြဲတမ်း လှုံဆော်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံ ပြည်သူလူထုအနေနဲ့ စဉ်းစားကြည့်ပါ။ ဒီလိုမျိုး အတွေးအခေါ်မျိုး ရှိတဲ့သူတွေဟာ ကျွန်တော်တို့ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီစနစ်၊ ကျွန်တော်တို့ ပြည်သူလူထုလိုလားနေတဲ့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဒီလက်နက်ကိုင် အကြမ်းဖက်သူတွေက တည်ထောင်ပေးမယ်လို့ ယုံကြည်ပါသလား၊ ယုံကြည်တယ်ဆိုရင် ဒီလောက် မိုက်မဲတဲ့ ယုံကြည်မှုမျိုးတော့ ရှိမှာမဟုတ်ဘူးလို့ဘဲ ကျွန်တော်ပြောလိုပါတယ်။

          ဒီမိုကရေစီ စနစ်ဆိုတာသည် ပြည်သူလူထုရဲ့ဆန္ဒကို အကြမ်းဖက်တဲ့နည်း၊ ခြိမ်းခြောက်တဲ့နည်း မပါဘဲနဲ့ ဖော်ဆောင်ရတဲ့ စနစ်ဖြစ်ပါတယ်။ ပြည်သူလူထုကနေ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေက ဒီမိုကရေစီ နည်းလမ်းတကျရှိနေတဲ့ တရားဥပဒေတွေရဲ့ နည်းလမ်းတကျနဲ့ ဖော်ဆောင်ရတာမျိုး ဖြစ်ပါတယ်။ ဒါမှသာလျင် အောင်မြင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ် ကို အားပေးနေတယ်ဆိုရင် မိမိရဲ့စိတ်ထဲမှာ တစ်ကယ်ကော ဒီမိုကရေစီလိုချင် တာလားဆိုတဲ့ ဆန်းစစ်မှုမျိုး ဆန်းစစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုလိုလားတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို လျောက်လှမ်းတဲ့ နေရာမှာ နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့သလိုပါဘဲ။ ကျွန်တော်တို့ တပ်မတော်သည် ပြည်သူလူထုနဲ့ တစ်သားတည်း ရှိပါတယ်။

          တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို စတင် ဦးဆောင် ဖော်ဆောင်တဲ့သူ ဖြစ်ပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နဲ့ ခိုင်မာ စေခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ ရည်မှန်းချက်တွေဖြစ်တဲ့အတိုင်းဘဲ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စု စနစ်ကို  အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို မလွဲမသွေလျှောက်လှမ်းတည်ထောင် သွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။