တရားမဝင်ပြည်ဖျက်မီဒီယာ ခေတ်သစ်မှ ကောလာဟလသတင်းတု သတင်းအမှားများအား လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသား ဖြန့်ဝေလျက်ရှိ

 

တရားမဝင်ပြည်ဖျက်မီဒီယာ ခေတ်သစ်မှ ကောလာဟလသတင်းတု သတင်းအမှားများအား လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသား ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဒီဇင်ဘာလ ၂ ရက်

    ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းလွှတ်တော်အနီးတွင် ဒီဇင်ဘာ ၁ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းထဲသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းနှင့် တောင်ငူလေတပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လေယာဉ်ထားသည့် ဂိုဒေါင်ရှေ့ကျရောက်ပေါက်ကွဲခဲ့ကြောင်း စသည့် အခြေအမြစ်မရှိသော သတင်းတု သတင်းအမှားများအား ခေတ်သစ်မီဒီယာမှ လုပ်ကြံ ဖန်တီး၍ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

     အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းခဲ့ရာ ရန်ကုန်တိုင်း လွှတ်တော်အနီးတွင်  မည်သည့်ပေါက်ကွဲမှုမျှ မရှိကြောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းဝန်းအတွင်းနှင့် တောင်ငူလေတပ်အတွင်းသို့လည်း Drone ဖြင့် လာရောက်ဗုံးကြဲခြင်း မရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို နေ့ညမပြတ် ထမ်းဆောင် လျက်ရှိပြီး အထက်ပါသတင်းများသည် မဟုတ်မမှန် ကောလာဟလသတင်းများသာ ဖြစ် ကြောင်း သိရှိရသည်။ 

    သို့ဖြစ်ပါ၍ တရားမဝင် ခေတ်သစ်မီဒီယာအပါအဝင် အခြားပြည်ဖျက်မီဒီယာများသည် နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်၊ ဖြစ်ရပ်များအပေါ်အခြေခံ၍  သတင်းတု သတင်းအမှား မြောက်များစွာကို  လူမှုကွန်ရက်စာမျက်နှာများတွင် အချိန်ကိုက် နေ့စဉ် ရေးသားဖြန့်ဝေ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်စိတ်များ ဖြစ်ပေါ်လာအောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသား လုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။