မွန်ပြည်နယ်ဒေသထွက် ဆားကြမ်း တန် ၆၀၀ ကျော် တင်ပို့ရန် ပြည်ပနိုင်ငံများမှ ကမ်းလှမ်းထားပြီး ပို့ကုန်လိုင်စင် ပြုလုပ်နေ

 

 

မွန်ပြည်နယ်ဒေသထွက် ဆားကြမ်း တန် ၆၀၀ ကျော် တင်ပို့ရန် ပြည်ပနိုင်ငံများမှ ကမ်းလှမ်းထားပြီး ပို့ကုန်လိုင်စင် ပြုလုပ်နေ

 

မော်လမြိုင်  ဒီဇင်ဘာ  ၂

    မွန်ပြည်နယ်ဒေသထွက်  ဆားကြမ်း တန် ၆၀၀ ကျော်တင်ပို့ရန် ပြည်ပနိုင်ငံများမှ ကမ်းလှမ်းထားပြီး   လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသို့ တန် ၄၀ တင်ပို့နိုင်ရန်  ပို့ကုန်လိုင်စင်ပြုလုပ်နေကြောင်း သတ္တုတွင်းဦးစီးဌာန   မွန်ပြည်နယ် ဆားလုပ်ငန်းဌာနခွဲ ဦးစီးမှူး ဦးခင်ဝင်း၏ ပြောပြချက်အရ သိရသည်။

    ရေးမြို့နယ် ပလိုင်ကီးကျေးရွာမှ ထွက်ရှိသည့် နေလှန်းဆားကြမ်းကို တင်ပို့ရန် တောင်ကိုရီးယား ကုမ္ပဏီတစ်ခုနှင့်   နားလည်မှုစာချွန်လွှာ (MoU)  လက်မှတ်ရေးထိုးခြင်းကို စက်တင်ဘာလ နောက်ဆုံးပတ်က ဆောင်ရွက်ထားပြီး   နမူနာအဖြစ် တန် ၂၀ ပါရှိသည့် ကွန်တိန်နာတစ်လုံးအား   စမ်းသပ်တင်ပို့ပြီးနောက် လက်ရှိတွင် ထပ်မံတင်ပို့ရန် စီစဉ်နေခြင်းဖြစ်ကြောင်း   သိရ သည်။

    “တောင်ကိုရီးယားနိုင်ငံက    ထပ်ပြီး တင်ပို့ဖို့ ကမ်းလှမ်းထားတာကြောင့်  ဆားကြမ်း တန် ၄၀ တင်ပို့ဖို့  ပြင်ဆင်နေပါတယ်။ နောက်ထပ် သဘောတူညီချက်ရရင် ဆက်ပြီးတင်ပို့မှာပါ။   ပို့ကုန်လိုင်စင်ကတော့ ပြုလုပ်နေတုန်းပါပဲ” ဟု ဦးခင်ဝင်းက ပြောသည်။

    ထို့ပြင် သြဂုတ်လအတွင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှထွက် ရှိသည့်ဆားကြမ်း တန် ၂၀ ပါရှိသော ကွန် တိန်နာတစ်လုံးကို ဂျပန်နိုင်ငံသို့ စမ်းသပ် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

    “ဂျပန်နိုင်ငံကို  ဧပြီလနဲ့  ဇူလိုင်လက ဆားကြမ်းနမူနာ တင်ပို့ခဲ့ပြီး ကွန်တိန်နာ တစ်လုံးထပ်မှာလို့ တင်ပို့ထားတယ်။ နောက်ထပ်  တန် ၆၀၀ ထပ်မှာထားတာရှိတယ်။   စာချုပ်နဲ့တော့ အတိအကျ မဟုတ်သေးဘူး” ဟု ဦးခင်ဝင်းကပြောသည်။

    လက်ရှိ  ဆားထုတ်လုပ်သည့်  ရာသီချိန်ဖြစ်ပြီး အဆိုပါလုပ်ကွက်များမှ  ဆားများ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊  မွန်ပြည်နယ်ရှိ ဆားလုပ်ကွက်များမှ ထွက်ရှိသည့် ဆားကြမ်းများကို  ဒေသတွင်းသာမက  တနင်္သာရီ တိုင်းဒေသကြီး၊    ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အထိ    ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။

    မြန်မာနိုင်ငံ၏ ဒုတိယအများဆုံးဆား ထုတ်လုပ်သည့် ပြည်နယ်တစ်ခုဖြစ်သည့် မွန်ပြည်နယ်၌  ဆားကြမ်းနှင့်  ဆားချော ထုတ်လုပ်သည့် စက်ရုံ ၁၂ ရုံအထိရှိကြောင်း သိရသည်။