တစ်နိုင်တစ်ပိုင် မိသားစုစီးပွားရေး အတွက်သာမက ပရဟိတလုပ်ငန်းများအတွက်ပါ အထောက်အကူပြုသည့် ပြည်မြို့မှ  Y2K  ဆေးဂွမ်းလုပ်ငန်း

 

တစ်နိုင်တစ်ပိုင် မိသားစုစီးပွားရေး အတွက်သာမက ပရဟိတလုပ်ငန်းများအတွက်ပါ အထောက်အကူပြုသည့် ပြည်မြို့မှ  Y2K  ဆေးဂွမ်းလုပ်ငန်း

 

    မြန်မာနိုင်ငံတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်သည် “ဝါ” ထွက်ရှိမှု အားကောင်းသော  ခရိုင်တစ်ခုဖြစ်သည့်အလျောက် “ဝါ” စိုက်ပျိုးပြီး “ဝါပင်” မှ ထွက်ရှိသော “ဝါဂွမ်း” ဖြင့် ဘက်စုံသုံး ဂွမ်း၊ ပတ်တီးအမျိုးမျိုးနှင့် ကျန်းမာရေး အထောက်အကူပြု ဆေးဂွမ်းများအား ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ပထမဆုံး ဖြန့်ဖြူးရောင်းချလျက်ရှိသော ပြည်မြို့မှ Y2K ဂွမ်းလုပ်ငန်းမှာ ဈေးကွက်အတွင်း အောင်မြင်လျက်ရှိကြောင်း တွေ့ရသည်။

    လူတို့၏ ကျန်းမာရေးအပါအဝင် လူသုံးကုန်အဖြစ် များစွာအသုံးဝင်လှသော ဂွမ်းကိုအကြမ်းထည် အဆင့်မှသည် သန့်စင်ပြီး ဆေးရုံသုံး ဆေးဂွမ်းများအဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဆုံး ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပုံ၊ ၎င်းတို့၏ကုန်ပစ္စည်းများအား မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးအတွက်သာမက ပရဟိတလုပ်ငန်းများတွင်ပါ ကူညီထောက်ပံ့ခဲ့မှုများ၊ ြှနြ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ Y2K ဂွမ်းလုပ်ငန်းမှ မန်နေဂျာ ကိုဇာနည်နှင့် တွေ့ဆုံ မေးမြန်းထားမှုအား တင်ပြလိုက်ရပါသည်-

မေး။   ။        Y2K အမှတ်တံဆိပ် စတင်ပေါ်ပေါက်လာပုံကို အရင်ဆုံးသိပါရစေ။

ဖြေ။   ။        Y2K အမှတ်တံဆိပ် နာမည်ပေးဖြစ်တာကတော့  Year 2000 မှာ စတင်အကောင်အထည် ဖော်ခဲ့တဲ့အတွက် အဲဒါကိုအစွဲပြုပြီး Y2K ဆိုပြီး ထုတ်လုပ်ဖြစ်တာပါ။ ဒီလုပ်ငန်းဟာ မိသားစုလုပ်ငန်း ဖြစ်တဲ့အတွက် ဆက်ပြီး လုပ်ကိုင်ဖြစ်တာပါ။

မေး။   ။        ဝါကုန်ကြမ်းတွေကို ဘယ်မြို့နယ်ကနေ ဝယ်ယူအသုံးပြုပါသလဲရှင့်။

ဖြေ။   ။        ဟုတ်ကဲ့ပါ။ ဝါကုန်ကြမ်းကိုတော့ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ကနေ ဝယ်ယူပါတယ် ခင်ဗျာ။ ဝါကြီးကနေ စတင်ဝယ်ယူပြီး အဲဒီကနေတစ်ဆင့် ချည်မျှင်ရှည်ဝါနဲ့လည်း  လုပ်ငန်းဆောင်ရွက်ပါတယ်။

မေး။   ။        Y2K နာမည်နဲ့ ပစ္စည်းအမျိုးအစား ဘယ်နှမျိုး ထုတ်လုပ်ပါသလဲရှင့်။

ဖြေ။   ။        Y2K နာမည်နဲ့  ဂွမ်းနဲ့  ပတ်တီးများ ထုတ်လုပ်ပါတယ်။ ပစ္စည်းအမျိုးပေါင်း အနေနဲ့ကတော့ လူတိုင်းဝယ်ယူ အသုံးပြုနိုင်တဲ့ ဈေးနှုန်းတွေဖြစ်တဲ့ ငွေတစ်ရာကျပ်မှစ၍  ငွေတစ်ထောင်နီးပါးအထိ ဘက်စုံသုံးနဲ့ ဆေးရုံသုံးဂွမ်းများ ထုတ်လုပ်ထားပါတယ်။

မေး။   ။        ဝါကုန်ကြမ်းကနေ သန့်စင်ပြီး ဆေးဂွမ်းများ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ရှင်းပြပါဦးရှင့်။

ဖြေ။   ။        ပထမအဆင့်အနေနဲ့  ဝါကုန်ကြမ်းကို အစေ့ထုတ်ပြီး  ဖွရပါတယ်။  ပြီးရင်  ပေါင်းအိုးထဲမှာ Caustic နဲ့ ထည့်ပေါင်းလိုက်တဲ့အခါမှာ Caustic က အစေ့တွေကော အမှုန်အမွှားတွေကော စားသွားပါတယ်။ အချိန်အားဖြင့် အနည်းဆုံး ရှစ် နာရီကြာအောင် ပေါင်းပေးရပါတယ်။ စုပ်ယူမှုအားကောင်းတဲ့ သန့်စင်ပြီးဆေးဂွမ်းများ ရရှိအောင် အချိန်ကြာကြာ ပေါင်းပေးရပါတယ်။ ဒုတိယအဆင့်အနေနဲ့ ပေါင်းပြီးသားဂွမ်းများကို    လျှော်စက်နဲ့ ရေဆေးသန့်စင်ပြီး ပိုးသတ်ဆေးနဲ့  အဖြူပြန်ချွတ်ပါတယ်။ နောက်တတိယအဆင့် အနေနဲ့ ရေခါပြီး ရေနွေးငွေ့စက်နဲ့ အခြောက်ပြန်ခံပါတယ်။  စတုတ္ထအဆင့်အနေနဲ့ကတော့ အခြောက်ခံပြီးသား  ဂွမ်းဖတ်တွေကို  ဂွမ်းဖွစက်နဲ့ ပြန်ဖွတဲ့အခါမှာ အစေ့တွေ ပြုတ်ကျလာပါတယ်။ ပဉ္စမအဆင့်အနေနဲ့ ဖွပြီးသား ဂွမ်းတွေကို ဂွမ်းလုံးဗိုင်းငင်စက်နဲ့ ဂွမ်းဖြတ်စက်ပေါ် တင်ပေးပြီးရင်တော့ ဖြူဖွေးသန့်စင်တဲ့ ဆေးဂွမ်းတွေကို  ရရှိပါပြီ။   နောက်ဆုံး  အဆင့်ကတော့ ထုပ်ပိုးခြင်း လုပ်ပြီးရင်တော့ စတင်ဖြန့်ဖြူး ရောင်းချလို့ရပါပြီ။

မေး။   ။        စက်ရုံက ထုတ်လုပ်တဲ့  ဝါဂွမ်းတွေကို ဘယ်နေရာဒေသတွေကို    ပို့ဆောင်ဖြန့်ဖြူးပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေကို  ဖြန့်ဖြူးပို့ဆောင်ပေးပါတယ်။ အခြားတိုင်းဒေသကြီးတွေမှာ   ဂွမ်းထုတ်လုပ်မှုတွေ ရှိပေမယ့်လည်း    ထုတ်လုပ်ပုံ အရည်အသွေးချင်းတွေ  မတူညီကြတဲ့အတွက် အမှာစာတွေကတော့ ဆက်တိုက် ရှိနေပါတယ်။

မေး။   ။        ဂွမ်းထုတ်လုပ်ရာမှာ ထွက်ရှိလာတဲ့ အလေအလွင့်ဂွမ်းတွေကို ဘယ်လိုနေရာတွေမှာ ပြန်လည်အသုံးချပါသလဲ။

ဖြေ။   ။        အလေအလွင့်ဂွမ်းတွေကလည်း တန်ဖိုးရှိပါတယ်။ ပစ်ပယ်လို့မရပါဘူး။ ခေါင်းအုံး၊ ဖက်လုံးနဲ့ အရုပ်ရောင်းတဲ့သူတွေက လာဝယ်ပြီး ပြန်အသုံးပြုကြတာ များပါတယ်။

မေး။   ။        စက်ရုံအတွင်း တစ်စုံတစ်ရာ မီးဘေးအန္တရာယ် မဖြစ်ပေါ်အောင် ထိန်းသိမ်းမှုအကြောင်း ကိုလည်း သိရှိပါရစေ။

ဖြေ။   ။        ဟုတ်ကဲ့ပါ။ ဂွမ်းဟာ မီးလောင်လွယ်တဲ့ လောင်စာတစ်မျိုးဖြစ်တယ်။ စက်ရုံရဲ့ စက်အပူရှိန်တွေ ဂွမ်းကိုမကူးစက်အောင် လုံခြုံမှုစနစ်တွေဖြစ်တဲ့ Auto Alarm စက်များ ထားရှိခြင်း၊ မီးသတ်ဆေးဘူးများ  လုံလောက်စွာ ထားရှိခြင်းတို့အပြင်  စက်ရုံလုပ်သား ဝန်ထမ်းတွေကို  စက်ရုံအတွင်း  လုံး၀ ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ဖို့ စည်းကမ်း သတ်မှတ်ချက်များ ထားရှိပါတယ်။

မေး။   ။        စက်ရုံစတင်လည်ပတ်စဉ်ကစပြီး လက်ရှိကာလ အကြား ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေရှိရင်လည်း ပြောပေးပါဦး။

ဖြေ။    ။       အခက်အခဲနဲ့  စိန်ခေါ်မှုတွေကတော့ များပါတယ်။ စတင်ထူထောင်စဉ်တုန်းက စက်ပစ္စည်း၊ နည်းပညာတွေ မထွန်းကားသေးတော့ လူအင်အားနဲ့ပဲ  Manual သွားရတော့ အချိန်ကုန်ပါတယ်။

နောက်ပိုင်း သုံးနှစ်လောက်ကြာမှ ငွေကြေးလည်ပတ်မှုနဲ့ နည်းပညာလည်း လေ့လာ၊ စက်ပစ္စည်းတွေလည်း တိုးချဲ့လာနိုင်တဲ့အတွက် အချိန်ကုန်သက်သာစွာ မကည လာနိုင်လာတယ်။  ကိုဗစ်-၁၉  ဖြစ်ပွားဆဲ ကာလတုန်းကဆိုရင် ဖုန်းနဲ့မှာယူတဲ့ အမှာစာတွေ အများကြီးရှိပေမယ့်လည်း သွားပြီးမပို့နိုင်တဲ့အခါမှာ ငွေပြန်အမ်းရတာမျိုး တွေရှိခဲ့ပါတယ်။ အခုလက်ရှိ ကာလမှာတော့   စက်ရုံပုံမှန် လည်ပတ်လာနိုင်ပြီး ဖြန့်ဖြူးရောင်းချရတာ အဆင်ပြေပါတယ်။ ဒီထက်ပိုပြီး စက်ပစ္စည်းတွေ စုံလင်အောင်ဖြည့်တင်းပြီး အဆင်မြှင့်တင်ဖို့လည်း ကြိုးစားနေရပါတယ်။

မေး။   ။        Y2K ကုန်ပစ္စည်းတွေဟာ အများပြည်သူအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်ရှိတယ်လို့ ထင်မြင်ယူဆပါသလဲ။

ဖြေ။   ။        အများပြည်သူအနေနဲ့ ဂွမ်းကို  ဘက်စုံအသုံးပြုလို့ရသလို ဆေးရုံ၊ ဆေးခန်းတွေမှာ မရှိမဖြစ် အသုံးပြုရပါတယ်။  ကျွန်တော်တို့ Y2K  အနေနဲ့ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေး အတွက်သာမကဘဲ ပရဟိတအဖြစ်ပါ လိုအပ်တဲ့ နေရာတွေမှာ ကူညီလှူဒါန်းမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ မီးဘေး၊ သဘာဝဘေးဖြစ်ပွားပြီး ထိခိုက်မှုဖြစ်ပွားသူတွေကို တစ်ဖက်တစ်လမ်းကနေ   ကူညီကယ်ဆယ်ခွင့်ရတဲ့ အတွက်လည်း ဒီလုပ်ငန်းကို လုပ်ကိုင်ရ ကျိုးနပ်တယ်လို့ နှလုံးသွင်းထားပါတယ်။

မေး။   ။        မြန်မာနိုင်ငံရဲ့  MSME  ကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအပိုင်းမှာ အစိုးရအနေနဲ့ Y2K တို့ကို ကူညီပံ့ပိုးပေးမှု အပိုင်းကိုလည်း သိရှိပါရစေ။

ဖြေ။   ။        ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ Y2K ဟာ မိသားစုတစ်နိုင်တစ်ပိုင်  လက်ငုပ်လက်ရင်း လုပ်ငန်းလေးတစ်ခုဖြစ်ပါတယ်။ စတင်လုပ်ကိုင်စဉ်က ရိုးရာဗိုင်းငင်စက်၊ ချည်ပေါင်းစက်၊ မီးဖိုနဲ့  ရေနွေးငွေ့ပေါင်းစက်  စတာတွေနဲ့သမားရိုးကျ လုပ်ကိုင်ခဲ့ရာမှ အခုအခါ MSME ကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအဖြစ် နိုင်ငံတော်အစိုးရက  ကိုယ်ပိုင်မိရိုးဖလာ လုပ်ငန်းလေးတွေကို    အားပေးမြှင့်တင်ပေးတဲ့ အနေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ MSME ချေးငွေ ကျပ်သိန်း ၃၀၀ ကိုလည်း ချေးယူရရှိထားပြီး စက်ရုံအတွက် လိုအပ်နေသေးတဲ့ စက်ပစ္စည်းတွေ ဝယ်ယူဖြည့်တင်းနိုင်ခဲ့ပါတယ်။ MSME ကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကိုယ့်ဒေသရဲ့ ထွက်ကုန်တွေကို ဖော်ထုတ်မြှင့်တင်ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားတဲ့အပြင်  အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပွင့်လန်းလာမှာ ဖြစ်ပါတယ်။

မေး။   ။        အခြားဖြည့်စွက်ပြောကြား လိုတာရှိရင်လည်း ပြောပေးပါဦး။

ဖြေ။   ။        ကျွန်တော်တို့နိုင်ငံမှာ အခုလို MSME ကဏ္ဍဖွံ့ဖြိုးဖို့ဆိုရင် လုပ်ငန်းလုပ်ကိုင်သူများ အများကြီး ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒါမှသာ တိုင်းပြည်

စီးပွားရေးမြင့်မားပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကိုလည်း အများပြည်သူရဲ့ အရေးပေါ် ကျန်းမာရေး ကိစ္စရပ်တွေမှာ လိုအပ်ခဲ့ရင် လှူဒါန်းပေးသွားပါ့မယ်။  ။