သံတမန် အမတ်နှင့်ဝန်ကြီးများ စာရင်းကြေညာလိုက်သော ဂျိုးဘိုင်ဒင်နှင့် စိန်ခေါ်မှုများရှိနေသည့် ကာကွယ်ဆေးအချိုးညီညီရရှိရေး

နိုဝင်ဘာ ၃ ရက်က  အမေရိကန်ပြည်ထောင်စု

သမ္မတရွေးကောက်ပွဲပြီးဆုံးခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲ သမ္မတဒေါ်နယ် ထရမ့်က ၎င်းရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ အနိုင်ရရှိရေးကိုပင် ဆက်လက်ကြိုးစားနေဆဲဖြစ်သည်။

၎င်း၏ပါတီမှ ရီပတ်ပလီကန်နိုင်ငံရေးသမားများကို ၎င်းသမ္မတဖြစ်လာရေး ဆက်လက်တွန်းအားပေးကြရန် တိုက်တွန်းထားသကဲ့သို့ ရွေးကောက်ခံ ဂျိုးဘိုင်ဒင်အစိုးရသို့လည်း အာဏာလွှဲပြောင်းရေး အခန်းကဏ္ဍ များတွင် မပါဝင်ရန် တားမြစ်ထားပြန်သည်။ သို့သော် လည်း ဂျိုးဘိုင်ဒင်နှင့် ဟဲရစ်တို့က အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း အာဏာလွှဲပြောင်းရယူရန် ဆောင်ရွက်ခဲ့ပြီး ယခုသံတမန်ရေးနှင့် ဝန်ကြီးနာမည် စာရင်းကိုပင် ကြေညာလိုက်ပြီဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် ယခင်က ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ  အန်တိုနီဘလင် ကန်ကို အဆိုပြုထားပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီကို အမျိုးသားလုံခြုံရေးကောင်စီ တာဝန်နှင့် ရာထူးသစ်အဖြစ် သမ္မတ၏ ရာသီဥတုဆိုင်ရာ အထူးသံတမန်အဖြစ် စာရင်းတင်သွင်းထားသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို ဂျိုးဘိုင်ဒင်က အရေးကြီးကိစ္စရပ်တစ်ခုအဖြစ် ထည့်သွင်း သတ်မှတ်ထားကြောင်း ဖော်ပြနေသကဲ့သို့  ဥရောပအသိုင်းအဝိုင်းက ဂျိုးဘိုင်ဒင်နှင့် လက်တွဲလုပ်ကိုင်ရေး   လုပ်ငန်းစဉ်များဘက်ကိုသာ ဦးစားပေးဆောင်ရွက်နေကြပြီဖြစ်သည်။

COVID-19 ရောဂါကို ဥရောပ၌သာမက ကမ္ဘာ ပေါ်တွင် ရှားရှားပါးပါး အကောင်းဆုံးကိုင်တွယ်ထားနိုင်သည့် နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်ကလည်း ဂျိုးဘိုင်ဒင်နှင့် နိုဝင်ဘာ ၂၃ ရက်က ဖုန်းမှတစ်ဆင့်စကား ပြောခဲ့ပြီး နယူးဇီလန်၏ ထိရောက်သော COVID-19 ရောဂါကုသရေးနည်းပညာများနှင့် အချက်အလက်များ ဖလှယ်ရေး နှစ်နိုင်ငံသဘောတူညီခဲ့ကြသည်။

ဂျိုးဘိုင်ဒင်က အာဒန်ကို ကလေးတစ်ဖက်နှင့်နိုင်ငံ တာဝန်ကိုမလစ်ဟင်းစေရန် အကောင်းဆုံးထမ်းဆောင် နေသည့်အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ချီးကျူးထားကာ အာဒန်၏ဒုတိယသက်တမ်း နယူးဇီလန်၌ ထပ်မံ အနိုင်ရသည့်အတွက် ဂုဏ်ယူကြောင်းပြောထားသည်။

နယူးဇီလန်နည်းတူ ဥရောပအင်အားကြီးနိုင်ငံများဖြစ်သည့် ဂျာမနီနှင့်ပြင်သစ်တို့ကလည်း ဂျိုးဘိုင်ဒင် ခေတ်ကိုရောက်လာရန် မျှော်လင့်နေကြကာ သဘာ၀ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ တိုက်ဖျက်ရေးကို ဦးစားပေးအဖြစ် အိုဘားမားလက်ထက် ဂျိုးဘိုင်ဒင်ဒုတိယ သမ္မတဖြစ်စဉ်ကတည်းက သတ်မှတ်ထားခဲ့ သောကြောင့်ဖြစ်သည်။

သို့သော် ထရမ့်လက်ထက်တွင် ကုလသမဂ္ဂရာသီ ဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP21) မှ အမေ ရိကန် နုတ်ထွက်ခဲ့ပြီး မကြာသေးမီကပင် အမေရိကန်၌ ကာဗွန်ထုတ်လွှတ်မှု ၅ ရာခိုင်နှုန်းလျော့ကျလာ ကြောင်း အထောက်အထားမရှိ ထရမ့်ကပြောထားသေးသည်။ ထို့ကြောင့် ဥရောပသမဂ္ဂက ဂျိုးဘိုင်ဒင်ခေတ် သို့ ရောက်လိုနေသည်မှာ ထူးဆန်းလှသည်တော့မဟုတ်ပေ။ ဂျိုးဘိုင်ဒင်ကလည်း ပြန့်ကျဲနေသည့် မဟာ မိတ်များကို ပြန်လည်စုစည်းရန် စိတ်အားထက်သန်နေသူဖြစ်သောကြောင့် ၎င်းအတွက် ဥရောပသမဂ္ဂက ပထမဦးစားပေးဖြစ်သည်။

အမိမြေလုံခြုံရေးဌာန အကြီးအကဲအဖြစ် ထိုဌာနတွင်ပင် ဒုတိယဝန်ကြီးဟောင်းအဖြစ်  တာဝန်ထမ်းဆောင်ခဲ့ သည့် ကျူးဘားအမေရိကန်ရှေ့နေ အဲလက်ဂန်ဒရိုမေရိုကတ်ကို ရွေးချယ်ထားကာ အာဖရိကန်-အမေရိကန် နိုင်ငံခြားရေးရာကျွမ်းကျင်သူ သံတမန်ဟောင်း လင်ဒါသောမတ်ဂရင်းဖီးကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အဖြစ် လျာထားသည်။

အမျိုးသားထောက်လှမ်းရေး (CIA) ဒါရိုက်တာအဖြစ် ထိုဌာနတွင်ပင် ဒုတိယအကြီးမားဆုံး တာဝန်ထမ်း ဆောင်ခဲ့သူ အဗ်ရယ်ဟိုင်းနက်စ်ကို  ရွေးချယ်ထားပြီး အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ဂျိတ်ခ် ဆူလီဗန် ကို လျာထားကြောင်း ဂျိုးဘိုင်ဒင်က ဒီလာဝဲ၌ ရှိသည့် ၎င်း၏နေအိမ်မှ အာဏာလွှဲပြောင်းရေးတစ်စိတ် တစ်ပိုင်းအဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းကျော် စမ်းသပ်အောင်မြင်ထားခဲ့ကြ သည့် အတွက် ဆေးကုမ္ပဏီများကလည်း အရေးပေါ် ကုသရေးမှတ်ပုံတင်များ ကျလာတော့မည်ဖြစ်ကာ မကြာမီ ကာကွယ်ဆေးထိုးနိုင်တော့မည့် အခြေအနေသို့လည်း ရောက်ရှိနေပြီဖြစ်သည်။ အမေရိကန်ဆေး ကုမ္ပဏီ ဖိုင်ဇာနှင့် ဂျာမနီဆေးကုမ္ပဏီ ဘိုင်အိုတတ်ချ်တို့  ကာကွယ်ဆေးက နောက်ဆုံးအတည်ပြုချက်များမှာ  ၉၅  ရာခိုင်နှုန်းအထိ ထိရောက်သောကြောင့် ခရစ္စမတ်မတိုင်မီဖြန့်ဝေနိုင်ရန် ကြိုးစားနေကြကာ မကြာသေးမီ ကပင် အစမ်းကြိုတင်ပို့ဆောင်ရေးလုပ်ငန်းများကို ထိုကုမ္ပဏီနှစ်ခုကစတင်ခဲ့သည်။

တစ်ဖန် မိုဒါးနားကလည်း ကာကွယ်ဆေးထိရောက်မှု ၉၄ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် အရေးပေါ် ကုသရေးခွင့်ပြုချက်တင်ထားပြီဖြစ်ကာ နောက်ဆုံးစမ်းသပ်မှု ရလဒ်ထွက်လာသည့်ဆေးက အောက်စဖို့ဒ် တက္ကသိုလ်ကာကွယ်ဆေးဖြစ်သည်။ အသက် ၆၀ နှင့် ၇၀ ကျော်တွင် ဆေး၏ တုံ့ပြန်နိုင်စွမ်းအားပိုမို ကောင်း ကြောင်း သိသိသာသာ တွေ့ခဲ့ရသောကြောင့် အစိုးရိမ်ရဆုံး အသက်ကြီးပိုင်းများအတွက် ခိုင်မာသည့် အာမခံချက် တစ်ခုရှိလာပြီဖြစ်သည်။

နိုဝင်ဘာ ၂၃ ရက်ကကျင်းပခဲ့သည့် ဂျနီဗာ သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အကြီးအကဲ တက်ဒရော့ဂီဘရီရေးဆပ်က ကာကွယ်ဆေးလျင်မြန်စွာရရှိလာသည့်အတွက် အားထုတ်ခဲ့ကြ သည့်ကုမ္ပဏီများကို ချီးကျူးဂုဏ်ပြုကြောင်း နှင့် ထိုနည်းတူဆေးကို မျှမျှတတဖြန့်ဝေပေးရန်က လည်း အရေးတကြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

နိုင်ငံတိုင်းက ဦးစားပေးစနစ်ဖြင့် ကာကွယ်ဆေး လိုချင်သည်မှာမှန်သော်လည်း ဆင်းရဲသည့် နိုင်ငံများ ကာကွယ်ဆေးတန်းတူညီမျှရရှိရန် စိန်ခေါ်ချက်များစွာ ရှိနေသည့်အတွက် နိုင်ငံကြီးများ၏ အထောက် အပံ့များစွာ ဆက်လက်လိုအပ်လာဦးမည်ဖြစ်သည်။ထို့ကြောင့် WHO က ၂၀၂၀ ပြည့်နှစ် နှစ်လယ်တွင် ACT   ဟုခေါ်သော တခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကာကွယ်ဆေးကဏ္ဍဖြန့်ချိရေးအနာဂတ်

အစီအစဉ်အပြင် ကုသရေးနှင့် တန်ပြန်ဆောင်ရွက်ရေးအချိန်နှင့် တစ်ပြေးညီဖြစ်ရန် အစီအစဉ်ချမှတ် အကောင်အထည်ဖော်ခဲ့သကဲ့သို့ COVAX ဟုခေါ်သောကာကွယ်ဆေး တန်းတူညီမျှရရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။

COVAX တွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံအထိ ပူးပေါင်းပါဝင်နေပြီး ဥရောပသမဂ္ဂနိုင်ငံများက ရန်ပုံငွေအဓိက ထည့်ဝင်ထားကာ အမေရိကန်၌ ဂျိုးဘိုင်ဒင်တက်လာလျှင် ထိုအဖွဲ့ထဲပါဝင်လာပြီး ရန်ပုံငွေပင်ပံ့ပိုး လာနိုင် သည်။ WHO အကြီးအကဲက ယခုကဲ့သို့ အချိန်တိုအတွင်း ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်နိုင်ခြင်းက ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်ပြီး အလုံးစုံအောင်မြင်ရန် အားလုံး ရှေ့ဆက်လက်တွဲညီညီ ဆောင်ရွက်သွား နိုင်ရေးလိုအပ်သည်ဟု သတိပေးထားကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။

ရှိန်းထက်

Ref;CNN