၄-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

သူရဲကောင်းစစ်သည်များအတွက် ဒဿမအကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းအလေးပြုခြင်း အခမ်းအနားကျင်းပခဲ့မှု၊ နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် စစ်သည်များမှ ဆက်သွယ် တင်ပြလာမှုဆိုင်ရာ အခြေ အနေများ၊ US Department State Website ၏ Country Reports on Terrorism 2022 အမည်ဖြင့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံအလိုက် အကြမ်းဖက်မှုဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ PDF အကြမ်းဖက်အဖွဲများက ၅၇ ရာခိုင်နှုန်းကျော်၊ KNLA နှင့် KNDF သောင်းကျန်းသူအဖွဲက ၁၄ ရာခိုင်နှုန်းကျော် ကျူးလွန်ခဲ့ကြောင်း ဖော်ပြခဲ့မှု၊ တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို လွှဲပြောင်းပေးမှုနှင့် မီဒီယာများမှ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် နည်းအမျိုးမျိုးဖြင့် ဝေဖန်တိုက်ခိုက်မှုများ၊ ၄-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မုန်းမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၄ ရက်

     သူရဲကောင်းစစ်သည်များအတွက် ဒသမအကြိမ်မြောက်(၁၀)ကြိမ်မြောက်ပေါ့ အောက်မေ့ဖွယ်ဂါရဝပြု အလေးပြုခြင်းအခမ်းအနားကို မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ သူရဲကောင်းစစ်သည်များဗိမာန်မှာ ပြုလုပ်ခဲ့တယ်။ နိုင်ငံတော်နဲ့ တပ်မတော်ကို ချစ်မြတ်နိုးတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ စစ်မှုထမ်းဟောင်းတွေ အင်အားများပြားစွာ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့သူတွေအနေနဲ့ နိုင်ငံတော်ရဲ့ တည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက်ကာကွယ်ပေးနေတဲ့ တပ်မတော်နဲ့ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တပ်မတော်ကို ကိုယ်ရောစိတ်ပါ အားပေးထောက်ခံမှုပြုတာတွေ၊ လိုအပ်လာရင် သူတို့ကိုယ်တိုင် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်မယ်ဆိုတဲ့ ဆန္ဒပြုချက်တွေ၊ ပြီးရင် တပ်မတော်ဆေးရုံတွေနဲ့ တပ်မတော်နဲ့သက်ဆိုင်တဲ့ နေရာတွေမှာ သွားရောက် အမှုထမ်းတာတွေကို စိတ်အားတက်ကြွဖွယ်မြင်ကွင်းအဖြစ် ကျွန်တော်တို့မြင်ခဲ့ရပါတယ်။ အလားတူပါဘဲ ကျွန်တော်တို့ စစ်သားဆိုတာကလည်း တစ်ခါစစ်သားဖြစ်ဖူးရင် အမြဲတမ်း စစ်သားဆိုတဲ့ စိတ်ဓာတ်မျိုး ခံယူထားတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်မှုထမ်းဟောင်းတွေ၊ ကျန်းမာရေး အခြေအနေအရ တပ်မတော်က ထွတ်ခွင့်ရထားတဲ့ စစ်သည်တော်ဟောင်းတွေ၊ ခွင့်မဲ့၊ စစ်ပြေးဖြစ်နေတဲ့ စစ်သည်တွေ စတဲ့သူတွေက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်လိုတယ်ဆိုပြီး သူတို့တတ်နိုင်တဲ့ဘက်ကပေါ့ စစ်ဆင်ရေးတာဝန်၊ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ချင်ပါတယ်ဆိုပြီး စာရေးပြီးဆန္ဒပြုလာတာတွေ၊ တပ်မှူးတွေနဲ့ လူကိုယ်တိုင်တွေ့ပြီး ဆန္ဒပြုလာတာတွေကို အများအပြားပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့လည်း နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် အကြမ်းဖက် လက်နက်ကိုင်နေတဲ့ PDF တွေကို ချေမှုန်းနေတယ်။ ဒါကြောင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ခွင့်ပြုရင်တပ်မတော်မှာ ပြန်လည် တာဝန်ထမ်းဆောင်လိုကြောင်း၊ ခွင့်မဲ့၊ စစ်ပြေး စစ်သည်တွေအနေနဲ့လည်း ဆက်သွယ်တင်ပြလာမှုတွေရှိပါတယ်။ ဒါကြောင့် သတ်မှတ်ကာလနဲ့ အကြုံးဝင်တဲ့ စစ်သည်တွေကို သက်ဆိုင်ရာ ဒါမှမဟုတ် နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံပေးမှာ ဖြစ်ကြောင်းနဲ့ စစ်မှုထမ်းရန်ဆန္ဒပြုတဲ့ သာမန်ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီး မနေ့က ကျွန်တော်တို့ ကြေငြာချက်ထုတ်ခဲ့ပါတယ်။ ဒီလိုကြေငြာချက်ထုတ်တဲ့အခါမှာတော့ ထုံးစံအတိုင်းပါဘဲ ပြည်ဖျက် မီဒီယာတွေအနေနဲ့ရော  တစ်ချို့သောဟန်ဆောင်ထားတဲ့ မီဒီယာတွေပေါ့။ ဟန်ဆောင်ထားတဲ့ မီဒီယာတွေဆိုတာကတော့ ကျွန်တော်ဆိုလိုတာက တပ်မတော်ကို ချစ်သယောင်၊ နိုင်ငံတော်ကိုချစ်သယောင်နဲ့ ဟန်ဆောင်ထားတဲ့ မီဒီယာတွေလည်း ရှိပါတယ်။ သို့သော် သူကသိတော့သိသာပါတယ်။ အခြေအနေအခွင့်အရေးပေးလာတာနဲ့ တစ်ပြိုင်နက် သူကတပ်မတော်ကို ထိုးနှက်တာပေါ့။ အဲဒီမှာ ဝေဖန်မှုတွေရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်နှစ်ပိုင်းခွဲပြီး ပြောဖို့ရှိတယ်။

     နံပါတ်(၁)ကတော့ စကားလုံး ရှင်းရှင်းလင်းလင်းနဲ့ ပြောရရင် စာအုပ်ကြီးအတိုင်း ကျွန်တော်ပြောမှာပေါ့ဗျာ။ ဥပဒေအတိုင်းပြောမှာပေါ့။ ဒါကတော့ စစ်စည်းကမ်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ လက်ဆွဲစာစောင်အမှတ်(၂)မှာ စစ်ပြေးမှုဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတာရှိတယ်။  စစ်ပြေးမှုဆိုတာက ယေဘုယျအားဖြင့် တပ်သို့ ပြန်လာရန် ရည်ရွယ်ချက်မရှိသောခွင့်မဲ့ပျက်ကွက်ခြင်း၊ ထပ်ပြောရမယ်ဆိုရင် တပ်သို့ ပြန်လာရန် ရည်ရွယ်ချက်မရှိတဲ့ ခွင့်မဲ့ပျက်ကွက်ဖြစ်ခြင်းကို ဆိုလိုတာဖြစ်တယ်။ တပ်ကို ပြန်လာဖို့၊ စစ်မှုထမ်းဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဒါကို စစ်ပြေးမှု မမြောက်ဘူးလို့ ဆိုလိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မ‌နေ့က ဒီဇင်ဘာလ(၃)ရက်နေ့ရဲ့ အရှေ့ပိုင်းမှာ ခွင့်မဲ့ပျက်ကွက် ကြေငြာခံထားရသူများ တပ်မှာ စစ်မှုထမ်းရန်ရည်ရွယ်ချက်နဲ့ ပြန်လာမယ်ဆိုရင် စစ်ပြေးမှုအဖြစ်မသတ်မှတ်ဘဲ ခွင့်မဲ့ ပျက်ကွက်မှုအဖြစ်သာ သတ်မှတ်ပြီး စစ်သည်တွေကို စစ်မှုထမ်းရန် လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

     နံပါတ်(၂)ကတော့ စိတ်ဓာတ်ရေးရာအပိုင်းပေါ့။ စိတ်ဓာတ်ရေးရာ အပိုင်းအနေနဲ့ ဒီကြေငြာချက်မထွက်ခင်ကတည်းက ဒီလိုလာပြီး စာနဲ့ဆန္ဒပြုတာတွေ လူကိုယ်တိုင်တွေ့ပြီး ဆန္ဒပြုတဲ့လူတွေ (၅၀၀)ကျော်လောက်ရှိတယ်။ လက်ရှိအခြေအနေ ကိုကြည့်ပြီး ကျွန်တော်အစောပိုင်းကပြောသလို တစ်ခါစစ်သားဖြစ်ခဲ့ဖူးရင် တစ်သက်လုံး စစ်သားဆိုတဲ့ Once A Soldier Always A Soldier ဆိုတဲ့ စိတ်ဓာတ်၊ ရဲဘော်စိတ် Esprit de Corps ပေါ့။ ရဲဘော်အချင်းချင်းအပေါ်မှာ ထားရှိတဲ့ သံယောဇဉ်တရား၊ မေတ္တာတရား၊ သစ္စာစောင့်သိမှုတရားတွေ အဲဒီစိတ်ဓာတ်တွေ ကျွန်တော်တို့စစ်သည်တိုင်း စစ်သည်တော်အသစ်တွေရော၊ စစ်သည်တော်အဟောင်းတွေမှာရော ရှိပါတယ်။ ပြီးရင် မြန်မာစကားပုံအရ လက်သည်း ဆိတ်လက်ထိပ်နာပေါ့။ ဒါတွေအရ ခွင့်မဲ့စစ်ပြေးတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ဆေးကျန်းမာရေးအခြေအနေကြောင့် ထွက်ခွင့်ကျထားတဲ့သူတွေက ဆက်သွယ်လာကြပါတယ်။ ဒီနေ့နေ့လည်ပိုင်းအထိ တပ်မတော်မှာ စစ်မှုထမ်းဆောင်နိုင်ဖို့ ဆက်သွယ်လာတဲ့ လူပေါင်း ထောင်နဲ့ချီပြီး ရှိသွားပြီဖြစ်ပါတယ်။ ဒီအထဲမှာ တစ်ချို့ စိတ်ဓာတ်ပြင်းထန်တဲ့ သူတွေဆိုရင် အသက်ကြီးနေပေမယ့်လည်း သူ့ကိုစစ်ဆင်ရေး တာဝန်ဘဲပေးပါ ကျန်တဲ့တာဝန် မထမ်းဆောင်ချင်ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ လုံခြုံရေး တာဝန်ဘဲ ပေးအပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောလိုတာကတော့ စစ်သည်များ၊ စစ်သည်တော်ဟောင်းများအနေနဲ့ နိုင်ငံရဲ့ဒီလိုအခြေအနေမျိုးမှာ ရဲဘော်စိတ် Esprit de Corps နဲ့ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ဖို့၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ဖို့ ဒီလိုမျိုးဆက်သွယ်လာတာတွေကို အလေးအနက်ထားပါတယ်။ ဂုဏ်ယူပါတယ်၊ ဂုဏ်ပြုပါတယ်လို့ ပြောကြားလိုပါတယ်။ နောက်တစ်ခုကတော့ ထူးထူးခြားခြား ဒီနေ့ အမေရိကန်ရဲ့ West Department State Website ရဲ့ Country Report Of Terrorism 2022 ဆိုပြီး စာတမ်းတစ်ခု ထွက်လာတာရှိတယ်။ နိုင်ငံအလိုက် အကြမ်းဖက်မှုအစီရင်ခံစာပေါ့ဗျာ။ အဲဒီမှာ PDF တွေအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရဲ့ ၅၇ ရာခိုင်နှုန်းကို ကျူးလွန်နေတယ်၊ KNLA, KNDF အနေနဲ့ ၁၄ ရာခိုင်နှုန်းကျူးလွန်နေတယ်ဆိုပြီး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီအပေါ်မှာတော့ ဘာမှတ်ချက်မှမပေးလိုပါဘူး။ ဒါကတော့ မြေပြင်မှာ ဒီထက်ပိုဆိုးပါတယ်။ မြန်မာနိုင်ငံကို အလုံးစုံပျက်သုန်းရေးအတွက် လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်ပါတယ်။ လူအပေါ်မှာတင် ပြစ်မှုကျူးလွန်တာ မဟုတ်ဘူး။ ပြည်သူလူထုပိုင်တဲ့ အဆောက်အအုံတွေ၊ ပြည်သူပိုင်အဆောက်အအုံတွေ၊ ပြည်သူလူထု ပုဂ္ဂလိက၊ တစ်ဦးချင်းပိုင်တဲ့ ပိုင်ဆိုင်မှုတွေအပေါ်မှာ အကြမ်းဖက်မှုကျူးလွန်နေတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ အမြန်ဆုံးချုပ်ငြိမ်းနိုင်အောင် ဆောင်ရွက်ပေးကြဖို့၊ ဝိုင်းဝန်းပေးကြဖို့ ပြောကြားလိုပါတယ်။

     ဒီနေ့မှာတော့ ကျွန်တော်တို့နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ အမျိုးသား (၁၁၅)ဦး၊ အမျိုးသမီး(၁၂)ဦး၊ ပေါင်း(၁၂၇)ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံ ပြန်လည်အပ်နှံခဲ့ပါတယ်။ စုစုပေါင်း(၁၁၀၇၉)ဦး ရှိပြီဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးကိစ္စများကို ရင်းနှီးချစ်ကြည်စွာ လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို အခြေအနေမျိုးမှာဘဲ တရုတ်စစ်ရေယာဉ်တွေ မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီး လာရောက် လည်ပတ်တာကို နေမထိထိုင်မသာဖြစ်နေတဲ့ အနောက်နိုင်ငံအားပေးနေတဲ့၊ အနောက် နိုင်ငံရဲ့ ထောက်ပံ့မှုပေးနေတဲ့ မီဒီယာများလည်းရှိပါတယ်။ အမျိုးမျိုးဝေဖန်မှုတွေ ရှိပါတယ်။ မည်သို့ပင်ဝေဖန်မှုတွေရှိပါစေ ကျွန်တော်တို့နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို နှစ်ပေါင်းများစွာ အစဉ်တစိုက် စောင့်ထိန်းလာခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ပြည်သူလူထုချင်း၊ အစိုးရချင်း၊ တပ်မတော်ချင်း ရင်းနှီးစွာဆက်ဆံမှုရှိနေတဲ့ နိုင်ငံတွေဖြစ်တယ်ဆိုတာဘဲ ပြောကြားလိုပါတယ်။

     ဒီနေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေအနေနဲ့ ရှမ်းပြည်နယ်(မြောက်)ဘက်ပိုင်း နမ့်ခမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ လောက်ကိုင်မှာတော့ လောက်ကိုင်ရဲ့ အရှေ့ဘက်နဲ့ တောင်ဘက်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာတွေ ရှိပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်နိုင်ဖို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒီနေ့မှာတော့ ကော့ကရိတ် အနားက နေရာတစ်နေရာမှာဘဲ အဝေးကနေ ပစ်ခတ်မှု ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပေါက်တောရဲစခန်းကို အဝေးကနေနှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တာရှိပါတယ်။ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အနီးမှာတော့ မုန်းဘက်မှာ ဖြစ်နေတဲ့ဖြစ်စဉ် ရှိပါတယ်။ အဲဒီမှာ လည်းမျိုးစုံပေါ့လေ မုန်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးပြီတို့ ဘာတို့ပေါ့။ မုန်းဆိုတာ တိုက်နယ်အဆင့်ရှိတဲ့ မြို့ငယ်တစ်ခုဘဲ ဖြစ်ပါတယ်။ အဲဒီမှာရှိတဲ့ တပ်ရင်းနှစ်ရင်းစလုံးကို သိမ်းပိုက်ပြီးပြီလို့ ပြီးရင်မြို့ရဲ့ အဝင်ဘက်ပေါ့ ဟိုဘက်ဖြူးဘက်ကနေဝင်တဲ့ အဝင်ဘက်မှာရှိတဲ့ သံတံတားစခန်းကို သိမ်းပိုက်ပြီးပြီဆိုပြီး သတင်းလွှင့်နေတာတွေရှိပါတယ်။ မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ ဒါနဲ့ပတ်သက်ပြီး နောက်ကွယ်ကနေပြီးတော့ နောက်ကွယ်က NUG ၊ NUG ရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဖွဲ့လည်းရှိပါသေးတယ်၊ နိုင်ငံလည်း ရှိပါသေးတယ်။ နောက်ကွယ်ကနေပြီး အတင်းဖိအားပေးမှုကြောင့် သူတို့အနေနဲ့ မုန်းမြို့ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တာဖြစ်တယ်။ တိုက်ခိုက်တဲ့နေရာမှာ မနေ့ညကတည်းက ရန်သူ့ဘက်က အကျအဆုံးများစွာရှိပါတယ်။

     ဒီနေ့မှာလည်း ကျွန်တော်တို့ မနက်ကတည်းကစပြီး ဆောင်ရွက်နေတာရှိပါတယ်။ လာရောက် တိုက်ခိုက်နေတာရှိတယ်။ မုန်းမြို့ရဲ့အရှေ့ဘက်အစွန်မှာရှိတဲ့ တပ်ရင်းတစ်ရင်းရှိပါတယ်။ ဒီတပ်ရင်းမှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ ဒီနေ့ညနေပိုင်းအထိ အပြန်အလှန်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုရှိနေပါတယ်။ အစောပိုင်းကပြောခဲ့တဲ့ သံတံတားစခန်းနဲ့ နောက်ထပ် တပ်ရင်း တစ်ရင်းမှာတော့ အဝေးကနေ ပစ်ခတ်မှုလောက်ပဲရှိပါတယ်။ ဒီနေ့ကျွန်တော်ပြောချင်တာကတော့ နိုင်ငံတော်ရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ယခင်တုန်းက တပ်မတော်သား ဖြစ်ခဲ့ဖူးတဲ့ တပ်မတော်သားများရဲ့၊ တပ်မတော်သားဟောင်းများရဲ့ စိတ်ဓာတ်၊ တပ်မတော်ကို ချစ်ခင်မြတ်နိုးသူတွေရဲ့စိတ်ဓာတ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ များစွာ ဂုဏ်ယူမိပါ တယ်၊ များစွာ အသိအမှတ်ပြုပါတယ်။ နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲ များအနေနဲ့လည်း ဒီ စစ်သားစိတ်၊ ရဲဘော်စိတ် Esprit de Corps နဲ့ပတ်သက်ပြီး တပ်မတော်သည် အားလုံး တစ်သွေးတည်းတစ်သားတည်းရှိတယ်၊ စစ်သည်များသည် အားလုံးတစ်သွေးတည်းတစ်သားတည်းရှိတယ်ဆိုတာ ပြသနိုင်တဲ့အတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။