ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
ရခိုင်ရိုးမထဲ လူရော နွားပါ ခြောက်ည အိပ်ကြရသည်မှာ အလွန်အန္တရာယ်များသည်။ ရိုးမတော၌ ကျားအလွန်ပေါ၏။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းက ထောင်ပေါင်းများစွာသော အိန္ဒိယလူမျိုးတို့သည် ရခိုင်ရိုးမရှိ တောင်ကုတ်တောင် ကြားလမ်းကိုဖြတ်၍ မြန်မာပြည်မှ အိန္ဒိယ သို့ ထွက်ပြေးကြရသည်။ ထိုအထဲမှ လူဦးရေ ၄၀၀၀ ခန့်သည် လမ်းခရီး၌ သေဆုံးကြသည်။
ထိုသေဆုံးသူများထဲတွင် ရောဂါဘယကြောင့် သေဆုံးသူများနှင့် ကျားကိုက်ခံရ၍ သေဆုံးသူများ အမြောက်အမြားရှိသည်။ ထိုသေဆုံးသူအားလုံးကို ကျားတွေက ရှင်းပစ်သည်ဟု ဂျိမ်းကလပ်ရေးသားထားသော (Man is the Prey) စာအုပ်တွင် မှတ်တမ်းပြုထားသည်။
နောက်လေးနှစ်ကြာသောအခါ အနောက် အာဖရိကစစ်တပ် ထိုဒေသကို ဖြတ်သန်းသွားရာ စစ်သား ၁၄ ဦး ကျားကိုက်ခံရ၍ ကျဆုံးသွားကြောင်း ရေးသားခဲ့သည်။
တောင်ကုတ် တောင်ကြားလမ်းလိုပင် အမ်း၊ မင်းဘူးတောင်ကြားလမ်းသည်လည်း ကျားအလွန်ပေါသည်။ ထို့ကြောင့်လည်း နွားဝိုင်းဖြင့် အမ်းမှ မင်းဘူးကို ဖြတ်ကျော်ကြသော နွားဝိုင်းသမားများမှာ လူရော နွားပါ နှစ်စဉ်လိုလို တစ်ဖွဲ့မဟုတ် တစ်ဖွဲ့ လူသော်လည်းကောင်း၊ နွားသော်လည်းကောင်း ကျားကိုက်ခံ၊ ကျားစာဖြစ်ခဲ့ကြရသည်။
သို့သော် သူတို့ နွားဝိုင်းသမားတွေက မိရိုးဖလာ အလုပ်ကဲ့သို့ဖြစ်နေသဖြင့် အသက်စွန့်၍ နွားတွေနှင့် အမ်းတောင်ကြားလမ်းမှ မင်းဘူးဘက်ကို ဖြတ်ကျော်၍ ကုန်ရောင်းကုန်ဝယ် လုပ်နေကြရသည်။ အမ်းဘက်က သယ်ယူလာသော ငါးပိ၊ ငါးခြောက်များကို မင်းဘူးဘက်တွင် ရောင်းချ၍အပြန်တွင် မင်းဘူးဘက်က သူတို့ဆီတွင်မရှိသော ထန်းလျက်၊ အညာ စောင်၊ သနပ်ခါး၊ ရှားစေးများကို တင်သွား တတ်ကြသည်။ နွားဈေးကောင်းလျှင် နွားကိုပါ မင်းဘူးဘက်မှာ ရောင်းချကြသည်။
လွန်ခဲ့သော လေး၊ ငါးနှစ်က နွားဝိုင်း သမားများ ကျားကိုက်ခံရသည်မှာ စံချိန် တင်လောက်အောင် သည်းထိတ်ဖွယ်ရာ ကောင်းလှသည်။ ငါးပိ၊ ငါးခြောက်ကုန်တင်၍ အမ်းဘက်က ရိုးမကို တက်လာကြရာ ကမြည်းကန်နှင့် ကြက်ရေစမ်းကြားတွင် တောင်ကြားလမ်းအတိုင်း ချီတက်လာကြသော နွားဝိုင်းသမားများထဲက နွားတစ် ကောင်ကို ပထမဦးဆုံး ကျားကိုက်သည်။ ကျားက နွားကုပ်ပိုးကို ခုန်အုပ်ကိုက်ရာ နွားကုပ်ပိုးတွင် ဝန်တင်ဘူးတောင်း တစ်ဖက်တစ်လုံး ဆွဲထားသည့်အပြင် နွားလည်ပင်း နှင့် နွားကျောကုန်း မပေါက်အောင် ခေါင်းအုံးအပါးလေး တစ်ဖက်တစ်လုံးစီကိုလည်း ဟိုဘက်သည်ဘက် ညှပ်ခံထားရာ ထိုဘူး တောင်းနှစ်လုံးကို ထိန်းပေးထားသော သစ် ဝါးအထိန်း ကိရိယာလည်း ပါလေသဖြင့် နွားကို ခုန်အုပ်ကိုက်သော ကျားမှာ နွား လည်ပင်းကို မကိုက်မိဘဲ ဘူးတောင်းနှင့် ခေါင်းအုံးကို ကိုက်မိပြီး နွားရော ကျားပါ လမ်းဘေးချောက်ကမ်းပါးထဲ လုံးထွေးကျသွားကြသည်။
ထိုသို့ နွားနှင့်ကျားတို့ လုံးထွေးပြီး ကျသွားသည်ကိုမြင်၍ လူတွေက အော်ဟစ် ကြချိန်မှာပင် ဘယ်အချိန်က ချောင်းမြောင်း လိုက်လာသည်မသိသော ကျားတစ်ကောင် က နောက်က နွားဝိုင်းသမားတစ်ယောက်ကို ဝင်ကိုက်ပြန်သည်။ လူတွေ အော်ဟစ်ကြ၊ နွားတွေလန့်ပြီး မြည်ကြနှင့် ရိုးမကြီးတစ်ခွင်မှာ ချက်ချင်း ဝရုန်းသုန်းကားဖြစ်သွားသည်။ နွားဝိုင်းသမားများမှာ နွားအကောင် ၁၀၀ နီးပါးကို ထိန်းမရတော့။
ကျားကိုကြောက်ပြီး နွားတွေက အကုန်နီးပါး အမ်းဘက်ကို ပြန်ပြေးသွားကြသည်။
နွားတွေက အကြောက်လွန်ပြီး ထွက်ပြေးကြသောအခါ နွားပေါ်တင်လာကြသော ငါးပိ၊ ငါးခြောက် ဘူးတောင်းတွေမှာလည်း ပြုတ်ကျကျန်ခဲ့ကြသည်။ ကျားကိုက်မခံရသော နွားတွေကမူ အံ့သြဖွယ်ရာ သူတို့၏ သခင်အိမ်ကို နေ့ချင်းတန်းတန်းမတ်မတ် ရောက်သွားကြသည်။
ထိုနှစ်က နွားဝိုင်းသမားတွေမှာ ကျားကိုက်ခံရပြီး လူနှစ်ယောက်နှင့် နွားခုနစ်ကောင် ရိုးမထဲ သေကျန်ခဲ့သည်။ ထိုကဲ့သို့ တစ်ဖွဲ့မဟုတ် တစ်ဖွဲ့ နှစ်စဉ်လိုလို ကျားကိုက်ခံလာကြရခြင်းမှာ လူသား၊ နွားသား စားဖူးသွားသော ကျားများသည် ပို၍ရဲတင်း သောင်းကျန်းလာကြခြင်းကြောင့် ဖြစ်သည်။
ဤသို့ ရိုးမထဲက ကျားရန်ကို ကြောက်ရသလို ရိုးမထဲတွင် ဓားပြအန္တရာယ်ကလည်း ဘူးလေးရာဖရုံဆင့် ပေါ်လာပြန်သည်။ ထိုအခါ သူတို့နယ်ကို အုပ်ချုပ်နေကြသော ရဲဘော်ဖြူများကို အကူအညီ တောင်း၍ သေနတ်ထမ်း လိုက်ပို့ခိုင်းကြရသည်။ သို့သော် ရဲဘော်ဖြူများ သေနတ် ထမ်းလိုက်ပို့နေကြသည့် ကြားထဲကပင် ချီတက်နေကြသော ရိုးမလမ်း၌လည်းကောင်း၊ နေ့ဝက်ခရီးနား၍ နွားများကို ရေတိုက် အစာကျွေး ထိန်းကျောင်းနေကြချိန်၌ လည်းကောင်း ရိုးမကျားကြီးတွေ၏ လစ်လျှင်လစ်သလို ဝင်ကိုက်ခြင်းကို ခံကြရပြန်သည်။ ဤသည်ကို ရိုးမနေ မုဆိုးများကတော့ တောစည်းပေါက်၍ဟု ပြောကြ သည်။
ကုန်ခဲ့သော နှစ်ကမူ နွားဝိုင်းသမားများ နွားကိုယ်စီကိုမောင်း၍ ရိုးမကို ဖြတ်ကျော်လာကြရာ နတ်ရေကန်စခန်းမရောက်မီ နွားတစ်ကောင်ကို ကျားက ခုန်အုပ်ကိုက်သည်။
ဆက်လက်ဖော်ပြပါမည်။