၅-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

၅-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၅

ရုရှားနိုင်ငံ၏ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်တို့အား ရုရှားသမ္မတမှပေးအပ်ချီးမြှင့်သည့်ဘွဲ့တံဆိပ်များနှင့်   မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးချက်များ၊ မြန်မာ နိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန် လည်လွှဲပြောင်းပေးမှု အခြေအနေ၊ ၅-၁၂-၂၀၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့နယ်၊ မုန်းတိုက်နယ်ဖြစ်စဉ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက် များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်-

ဒီနေ့မှာတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံတော်လုံခြုံရေးကောင်စီအတွင်းရေးမှုး Mr. Nikolai PATRUSHEV နဲ့ တွဲဖက်အတွင်းရေးမှူး ပြီးရင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အပါအဝင် ရုရှားနိုင်ငံရဲ့ကိုယ်စားလှယ်အဖွဲ့ မြန်မာ နိုင်ငံကို ရောက်ရှိပါတယ်။ အဓိကကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံ တော်ဝန်ကြီးချုပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်ကချီးမြှင့်တဲ့ Order of Alexander Nevsky ဘွဲ့တံဆိပ် လာရောက်ပေးအပ်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ရုရှားသမ္မတနိုင်ငံကချီးမြှင့်တဲ့ ဘွဲ့ တံဆိပ်များ လာရောက်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ရုရှားနဲ့မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ ဆောင် ရွက်နိုင်ခဲ့လို့ ဒီဘွဲ့တံဆိပ်များ ပေးအပ်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်လုံခြုံရေးကောင်စီအတွင်းရေးမှူးကို မြန်မာနိုင်ငံက ဘွဲ့တံဆိပ် ပေးအပ်တဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ သရေစည်သူဘွဲ့ပေးအပ်ခြင်းအခမ်းအနား ဖြစ်ပါ တယ်။ ဆက်လက်ပြီးတော့ ဒီဘွဲ့တံဆိပ်များပေးအပ်ပြီးတဲ့အခါမှာ နှစ်နိုင်ငံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါတယ်။ ဒီ နှစ်နိုင်ငံဆွေးနွေးမှုကတော့ အချိန်နှစ်နာရီနီးပါး ကြာခဲ့ပါတယ်။ ဒီမှာ တော့ နိုင်ငံတကာရေးရာကိစ္စတွေ၊ အာဆီယံရေးရာကိစ္စတွေ အဓိကဆွေးနွေးခဲ့ပါတယ်။ ပြီးရင် နိုင်ငံတကာမှာဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေ၊ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ ပဋိ ပက္ခတွေအပေါ်မှာ နှစ်နိုင်ငံရဲ့အမြင်တွေ၊ နှစ်နိုင်ငံရဲ့သဘောထားရပ်တည်ချက်တွေ ပြီးရင် နိုင်ငံတကာမျက်နှာစာမှာ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်ကနေပြီး အစဉ်အမြဲရပ်တည် သွားမယ်ဆိုတဲ့ ရပ်တည်ချက်တွေ၊ ပြီးရင် မြန်မာနိုင်ငံရဲ့ဒေသတွင်းသဘောထားအမြင်တွေ၊ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်ရေးအတွက် ကဏ္ဍစုံပေါ့ ကဏ္ဍစုံဆိုတဲ့နေရာ မှာ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ ဒီ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍတွေအပြင် ငွေရေးကြေးရေးဆိုင်ရာကဏ္ဍတွေ ပြီးရင် ကုန်သွယ်မှုဆိုင်ရာ ကဏ္ဍတွေ၊ အဓိကကတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ စွမ်းအင်လျှပ်စစ် ကဏ္ဍတွေကို အဓိကထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြီးရင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မှာအရေးကြီးလာမယ့် သံမဏိလုပ်ငန်း၊ ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်း ဒီလုပ်ငန်းတွေကို လည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြီးရင်တော့ မြန်မာနိုင်ငံရဲ့အနာဂါတ်အတွက် ကျန်းမာရေး၊ ပညာရေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်တွေ ပညာတော် သင်နဲ့ပတ်သက်ပြီး ပညာတော်သင်ကိစ္စရပ်တွေ နယ်ပယ်တော်တော်များများကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ယခင်နှစ်တုန်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံ တော်သမ္မတ မစ္စတာဗလာဒီမာပူတင်နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့စဉ်အခါတုန်းကလည်း ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် သဘော ထားကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံအတွက် အရှေ့ တောင်အာရှမှာ ယုံကြည်စိတ်ချရမှုအရှိဆုံးနဲ့ ခိုင်မာမှုအရှိဆုံးနိုင်ငံလို့ သတ်မှတ်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေး၊ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေး ကိစ္စတွေက ရှေ့ဆက်ပြီးတော့တိုးတက်ဆောင်ရွက်သွားမယ့် ကိစ္စတွေဖြစ်ပါတယ်။ နယ်ပယ်စုံ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်ပယ်စုံ၊ ကဏ္ဍစုံ သဘောထားတူညီစွာ ရပ် တည်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နောက်တစ်ခုက ဒီနေ့မှာတော့ ကျွန်တော်တို့နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားများ လွှဲပြောင်းပေးမှုအနေနဲ့ အမျိုးသား(၉၂)ဦး၊ အမျိုးသမီး (၁၂)ဦး၊ စုစုပေါင်း(၁၀၄)ဦးကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ စုစုပေါင်း(၁၁၁၈၃)ဦး လွှဲပြောင်းခဲ့ပြီး ဖြစ်ပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့မြန်မာနိုင်ငံတို့ နီးကပ်စွာပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားလိုပါ တယ်။

ဒီနေ့မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်အနေနဲ့ ပထမဦးဆုံးက ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းတိုက်နယ်မှာဖြစ်တဲ့ကိစ္စဖြစ်ပါတယ်။ အင်အား ၁၅၀၀ လောက်နဲ့ မုန်းတစ်နယ်လုံးကိုသိမ်းပြီးပြီ၊ မုန်းတိုက်နယ်တစ်ခုလုံးကို သိမ်းပြီးပြီ ဆိုတဲ့ ကောလာဟလလွှင့်ထုတ်မှုမျိုးတွေရှိပါတယ်။ ဒီမနက်အထိလည်းရှိတာပါပဲ။ အားရ ပါးရရေးနေတာတွေလည်းရှိတယ်။ အနောက်နိုင်ငံအားပေးမီဒီယာတွေ၊ အနောက်နိုင်ငံက ထောက်ပံ့ပေးတဲ့မီဒီယာတွေ ရေးနေတာတွေရှိပါတယ်။ ဖြစ်စဉ်ကတော့ ဒီဇင်ဘာလ ၃ ရက်နေ့မနက်ပိုင်းကနေစပြီး ဖြစ်ပွားခဲ့တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ မနေ့ကအထိ ပြင်း ပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ တချို့နေရာတွေမှာ မိသားစု တွေကို လုံခြုံစိတ်ချရတဲ့နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရတာတွေရှိပါတယ်။ ဒီ‌နေ့ ဒီဇင် ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာပဲ ရှေ့ကပြောခဲ့တဲ့ အနောက်နိုင်ငံအားပေးမီဒီယာတွေ၊ ပြည်ဖျက်မီဒီယာတွေက အားလုံးသိမ်းပိုက်နိုင်ပြီလို့ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာလည်း ကျွန်တော်တို့ကစနစ်တကျပြန်လည်စုဖွဲ့ပြီးတော့ ကျွန်တော်ပြောခဲ့တဲ့ တပ်ရင်းတစ်ရင်းကိုပြန်လည်ဝင်ရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။ မုန်းဆိုတာကမြို့သေးသေးလေးပါ။ တိုက်နယ်အဆင့်လို့ ကျွန်တော်ပြော ခဲ့ပြီးပါပြီ။ သူတို့အနေနဲ့က ဒီမုန်းဒေသမှာနေရာသုံးနေရာလောက်ကို အင်အားအလုံး အရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တခြားအဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲဆိုတဲ့ ကြွေးကြော်သံတွေရဲ့အောက်မှာ ပြယုတ်တစ်ခု ပြချင်တာလည်းဖြစ်မှာပေါ့။ ဒါ့ကြောင့် ကျွန်တော်ဟိုနေ့ကလည်းပြောခဲ့ပြီးပါပြီ။ သူတို့ ဘယ်လောက်အထိကျဆုံးတယ်၊ ဘယ်လောက်အထိထိခိုက်ဒဏ်ရာရတယ်ဆိုတာ သူတို့ အသိဆုံးဖြစ်မှာပါလို့ ပြောခဲ့ပါတယ်။ ဒီနေ့မှာလည်းဒီလိုပါပဲ မုန်းရဲ့မြောက်ဘက်နဲ့အရှေ့ ဘက်ကို ရန်သူများဆုတ်ခွာထွက်ပြေးပါတယ်။ ဆုတ်ခွာထွက်ပြေးတဲ့အခါမှာလည်း တပ်မတော်အနေနဲ့ လုံခြုံမှုရှိအောင် လိုက်လံချေမှုန်းရတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီမှာ လည်းသူတို့ဘယ်လောက်ကျဆုံးတယ်၊ ဘယ်လောက်ထိထိခိုက်ဒဏ်ရာရတယ်ဆိုတာ သူတို့ပဲအသိဆုံးဖြစ်ပါတယ်။ ဒါတွေက ဘယ်လောက်သေတယ်၊ ဘယ်လောက်ကျဆုံး တယ်၊ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာက ဂုဏ်ယူပြီးပြောနေစရာမရှိပါဘူး။ ကျွန်တော်ပြောသလိုပါပဲ။ ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်မှု၊ ပြည်သူလူထုရဲ့လူမှု့စီးပွားဘဝလုံခြုံမှုကို ထိခိုက်လာရင်တော့ ပြတ်ပြတ်သားသားချေမှုန်းရမှာပဲဖြစ်တယ်လို့ ပြောချင်ပါတယ်။ ရှမ်းပြည်နယ်မြောက် ဘက်မှာတော့ လောက်ကိုင်မြို့ရဲ့အရှေ့ဘက်နဲ့တောင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု တချို့ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့ ထီးချိုင့်မှာ နေရာသုံးနေရာလောက် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်ခဲ့ပါတယ်။ ထီးချိုင့်ရဲ့ဒီနေရာသုံးနေရာမှာလည်း ရန်သူအနေနဲ့ ထိခိုက်ဒဏ်ရာရမှုများပြားပြီး ဆုတ်ခွာထွက်ပြေးရတယ်ဆိုတာ ကျွန်တော်တို့တွေ့ရှိရပါ တယ်။ ကျွန်တော့်အနေနဲ့ပြောလိုတာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရပ်တည်ချက် သည် နိုင်ငံတော်ဝန်ကြီးချုပ် ပြောပြီးတဲ့အတိုင်းပဲ၊ ပြောထားတဲ့အတိုင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို လိုက်နာကျင့်သုံး နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်နီးနားချင်းတွေအပေါ်မှာထားရှိတဲ့မူဝါဒသည် ကျွန်တော်တို့ရဲ့နယ်မြေ၊ မြန်မာနိုင်ငံရဲ့ပိုင်နက်နယ်မြေကိုအသုံးပြုပြီး အိမ်နီးနားချင်း နိုင်ငံတွေရဲ့ အကျိုးစီးပွားကိုထိခိုက်စေမယ့်အလုပ်တွေ၊ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကိုထိခိုက်စေမယ့်လုပ်ငန်းတွေကို လုံးဝလက်မခံဘူးလို့ အတိအလင်းပြောကြား ပြီးဖြစ်ပါတယ်။ အားလုံးနဲ့မိတ်ဆွေဖြစ်ရေးမူဝါဒပဲရှိပါတယ်။ အားလုံးနဲ့ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူဝါဒပဲ ရှိပါတယ်။ ဒါတွေကို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒ အဖြစ် အစဉ်တစိုက်လက်ခံကျင့်သုံးခဲ့တာဖြစ်ပါတယ်။ နောင်မှာလည်း လက်ခံကျင့်သုံး သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ သဘောထားရပ်တည်ချက်အမှန်ကို သိတဲ့နိုင်ငံများအနေနဲ့ ယနေ့အထိ မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ပြီးဆောင်ရွက်ပေး နေတာရှိပါတယ်။ ဒါကြောင့် ဒီနိုင်ငံများ၊ နိုင်ငံကြီးများကို ကျွန်တော်တို့အနေနဲ့ လေးစားပါ တယ်၊ တန်ဖိုးထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။