လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့

 

လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့

 

(ပြည်သူ့ကျန်းမာရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ဂုဏ်ပြုဆောင်းပါး)

 

    ကျန်းမာခြင်း၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာခြင်းဆိုသည်မှာ   အနာရောဂါတစ်ခုခု မရှိရုံမျှသာမက ကာယသုခ၊ စိတ္တ သုခ၊ မိတ္တသုခတို့နှင့်ပြည့်စုံခြင်း ဟူ၍ ဖွင့် ဆိုထားသည်။  ခန္ဓာကိုယ် ကျန်းမာရေးနှင့်စပ်လျဉ်း၍    လူ၏ဘဝအစ မိခင်၏ ဝမ်းကြာတိုက်တွင်   သန္ဓေသားဖြစ်ချိန်မှ စတင်၍    သက်ကြီးဘိုးဘွားအရွယ်ထိ မျှော်မှန်းလူ့သက်တမ်း    မြင့်မားစွာဖြင့် ကျန်းမာသန်စွမ်းစွာနေထိုင်နိုင်ရေး၊ စိတ်၏ကျန်းမာရေးနှင့် ပြည့်စုံစေရေးနှင့်   လူမှု အသိုင်းအဝိုင်းတွင် မိတ်ဆွေသင်္ဂဟများနှင့် ပျော်ရွှင်စွာ အတူတကွနေထိုင်နိုင်ရေးတို့ သည်   လူတိုင်းအတွက်  လိုအပ်လှသည့် အာရောဂျံပရမံလာဘံဟူသော ကျန်းမာ ခြင်းသည်    အဓိကကျသည့်လာဘ်ကြီး တစ်ပါးဖြစ်သည်။ ယနေ့ ကမ္ဘာ့နိုင်ငံများ၌ နိုင်ငံအလိုက် သက်ဆိုင်ရာနိုင်ငံသားများ၏ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက် မှုစနစ်ပုံစံအမျိုးမျိုးဖြင့် မြှင့်တင်ပေးလျက် ရှိရာတွင် အဆိုပါ ကျန်းမာရေးစနစ်အမျိုး မျိုး၏ အဓိက မရှိမဖြစ်အခြေခံအုတ်မြစ်မှာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု  လုပ်ငန်းများဖြစ်သည်။

ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၏ အဓိကဦးတည်အုပ်စုသည်   နိုင်ငံတော် အတွင်းရှိ မြို့ပြများနှင့်  ကျေးလက်ဒေသ များအားလုံး၌      မှီတင်းနေထိုင်သည့် တိုင်းရင်းသားများအပါအဝင်   နိုင်ငံသူ၊ နိုင်ငံသားအားလုံးဖြစ်သည်။   ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ၏  အဓိကရည်ရွယ်ချက်များမှာ  ပြည်သူတို့၏ မျှော်မှန်း သက်တမ်းမြင့်မားရေး၊ လူတိုင်းသက်တမ်း စေ့ အသက်ရှည်စွာဖြင့် ကျန်းမာစွာနေထိုင် ရေးနှင့် နိုင်ငံတော်၏ ကျန်းမာရေးအဆင့် အတန်း  တိုးတက်မြင့်မားလာစေရေးတို့ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ပဏာမကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ပြည်သူ အားလုံး၏ ကျန်းမာရေးအသိပညာမြင့်မား လာရာမှ  ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် နေထိုင်ရေး၊ ကူးစက်ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများကို ကြိုတင်ကာကွယ်တားဆီး ရေး၊ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေများတွင် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရေး၊  ရောဂါတစ်စုံတစ်ခု ဖြစ်ပွားလာပါက နေထိုင်ရာဒေသအတွင်းရှိ    ကျေးလက်ကျန်းမာရေး ဌာနခွဲများ၊ ကျေးလက်ကျန်းမာရေး ဌာနများမှ တစ်ဆင့် အရည်အသွေးပြည့်ဝသည့်  ကုသမှုများကို    စောစီးစွာရရှိရေးနှင့်   လိုအပ်ပါက အချိန်မီ လူနာကိုညွှန်းပို့ရေး၊ ရောဂါပျောက် ကင်းသက်သာလာပါကလည်း အချိန်တိုအတွင်း ပြန်လည်သန်စွမ်း ကျန်းမာစေရေး တို့ကို ကိုယ်ဝန်ဆောင်စဉ်မှစတင်၍ သက်ကြီးဘိုးဘွားအရွယ်ထိ ဘဝတစ်သက်တာလုံး ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ လူမှုရေးဦးတည် ချက်တစ်ရပ်ဖြစ်သည့်   တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက်  ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးကို ကျန်းမာရေးဝန်ကြီးဌာနမှ အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်သည့် ပြည်သူ့ကျန်းမာရေး ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေး၊  ကိုယ်ဝန်ဆောင်နှင့်  မျိုးဆက်ပွား ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊    အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများ၊ ဆယ်ကျော်သက် အရွယ်နှင့်     ပျိုဖော်ဝင်ကျန်းမာရေး၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး၊ သက်ကြီးဘိုးဘွား ကျန်းမာရေး၊  ကူးစက်ရောဂါနှင့် မကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး၊  သဘာဝဘေးနှင့် အရေးပေါ်အခြေအနေတွင် ကျန်းမာရေး ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများဖြစ်ကြသည်။ အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသ   အောက်ခြေအဆင့်မှ စတင်၍  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့်    ပြည်သူ့ကျန်းမာရေး ကဏ္ဍမြှင့်တင်ရေး အလေးပေး ဆောင်ရွက်လျက်ရှိပြီး  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ   တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခြင်း၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အအုံသစ်များကို ဘဏ္ဍာ နှစ်အလိုက်  တိုးမြှင့်ဆောက်လုပ်ပေးခြင်း၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲများ၌   ဝန်ထမ်းအိမ်ရာများ  ထည့်သွင်း ဆောက်လုပ်ပေးခြင်း၊ အခြေခံဆေးနှင့် ဆေးပစ္စည်းများ  ဝယ်ယူ ဖြည့်တင်းပေးခြင်း၊ ပညာရှင်ဘွဲ့ ချီးမြှင့်ငွေပေးအပ်ခြင်း၊ ဝတ်စုံစရိတ်၊ ညစာစားစရိတ် တို့ကို  ခေတ်နှင့်အညီ တိုးမြှင့်ခံစားခွင့်ပြုပေးခြင်း၊  ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် လည်းကောင်း၊  တီဘီဆေးများ၊  HIV ရောဂါကုသဆေးနှင့်   ဆေးပစ္စည်းများ၊ မိခင်ကလေး ကျန်းမာရေးနှင့်အာဟာရ ဖွံ့ဖြိုးရေးအတွက်  အခြေခံဆေးနှင့်ဆေးပစ္စည်းများ၊ သွေးတိုး၊  ဆီးချို၊ နှလုံးရောဂါ ကုသဆေးများနှင့်   အရေးပေါ်ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရေးအတွက် လည်းကောင်း နှစ်စဉ် ဘဏ္ဍာငွေများ တိုးမြှင့်၍ ခွဲဝေချထားပေးလျက် ရှိသည်။

ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို မြှင့်တင်ရာတွင်  ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း စသည့် ပဏာမကျန်းမာရေး စောင့်ရှောက် မှုများ၏  အရည်အသွေးကိုမြှင့်တင်ခြင်း၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှုများ၏ လွှမ်းခြုံမှုကို တစ်နိုင်ငံလုံး ကျေးလက်ဒေသ များအထိ လူတိုင်းလက်လှမ်းမီရရှိစေရန် ဆောင်ရွက်ခြင်း၊   ပဏာမကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများကို   ရယူရာတွင် ပြည်သူတို့၏  ကိုယ်ပိုင်ငွေကြေးကုန်ကျမှု နည်းပါးစွာ    သာတူညီမျှရရှိစေရေး တို့ကိုပြည်သူအားလုံးရရှိစေရန်   ဆောင်ရွက် ခြင်းသည်     လူတိုင်းလက်လှမ်းမီသည့်

သာတူညီမျှ  ကျန်းမာရေး စောင့်ရှောက်မှု စနစ် (Universal Health Coverage – UHC)) ၏ လုပ်ငန်းစဉ်များဖြစ်သည်။

လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေး စောင့်ရှောက်မှုစနစ် လုပ်ငန်း စဉ်များသည်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ဦးစားပေး၍ အကောင်အထည်ဖော်ဆောင် ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးရည်မှန်းချက် ပန်းတိုင် (Sustainable Development Goals-SDGs))တွင်ပါရှိ သည့်   ကျန်းမာရေးကဏ္ဍနှင့် သက်ဆိုင်သော ပန်းတိုင်အမှတ်စဉ် - ၃ (Goal - 3)) ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့် ဘဝရရှိစေရေး ပန်းတိုင်ပါ ရည်မှန်းချက်များကို ၂၀၃၀ ပြည့်နှစ်တွင်   ပြည့်မီရေးအတွက် အဓိကအရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ Universal Health Coverage - UHCလုပ်ငန်းစဉ် တွင် ၉၀  ရာခိုင်နှုန်းပါရှိသည့် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (Primary Health Care – PHC))ကို မြှင့်တင်ခြင်းဖြင့်   ၂၀၃၀  ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ လူ့အသက်သန်းပေါင်း ၆၀ ကို  ကယ်တင်နိုင်မည်ဖြစ်ပြီး   ကမ္ဘာတစ်ဝန်းလုံး၏   ပျမ်းမျှလူ့သက်တမ်းကို ၃ ဒသမ ၇ နှစ်အထိ ပိုမိုရှည်လျားစေရန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ 

နိုင်ငံတော်အစိုးရ၏ ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး၍ လမ်းညွှန်ပံ့ပိုးမှုများက ိုရယူကာ   ကျန်းမာရေးဝန်ကြီးဌာနသည်   မြန်မာ့ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက် ၂၀၃၀ (Myanmar Health Vision – 2030))  နှင့်အညီ  အမျိုးသား ကျန်းမာရေးစီမံကိန်း အဆင့်ဆင့်ကို ရေးဆွဲ၍ မြန်မာနိုင်ငံ၌ ကျန်းမာရေးအာမခံစနစ် တစ်ရပ်ပေါ်ပေါက်လာစေရေး ဆောင်ရွက်မှုများ အပါအဝင် လူတိုင်းလက်လှမ်းမီသည့်သာတူညီမျှ  ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို  ၂၀၃၀ ပြည့်နှစ်တွင် ရရှိစေရေး အကောင်အထည်ဖော်  လျက်ရှိရာတွင် အဆိုပါလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း   (Myanmar Sustainable Development Plan -MSDP) ၏  မဏ္ဍိုင် (၃)၊  ရည်မှန်းချက် (၄) ၏မဟာဗျူဟာ (၄ ဒသမ ၂) ဖြစ်သည့် ဆင်းရဲသူများကို အလေးထားသည့် လူတိုင်းလက်လှမ်းမီသော   ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မည့် ကျန်းမာရေးဝန်ဆောင်မှုစနစ်များ ခိုင်မာအားကောင်းစေရေးနှင့် သက်ဆိုင်ရာ နည်းပညာနယ်ပယ်အလိုက် ပန်းတိုင်နှင့် ရည်မှန်းချက်များကို ရောက်ရှိ နိုင်ရေးအတွက်  မရှိမဖြစ်အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို  မြှင့်တင်လျက် ရှိရာတွင်  ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှု စနစ်များကို  ခေတ်နှင့်အညီဆောင်ရွက်ခြင်း၊ အရည်အသွေးပြည့်ဝသည့် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုများပေးအပ်ခြင်း၊  ဘဏ္ဍာငွေများကို  အလေအလွင့်မရှိ စနစ်တကျသုံးစွဲခြင်း၊ အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို  မွေးထုတ်ခြင်း၊  ဆေးဝါး၊ ဆေးပစ္စည်း၊  ကာကွယ်ဆေး စသည်တို့ကို   စနစ်တကျ ဝယ်ယူဖြည့်ဆည်းခြင်း၊ ခေတ်မီ ကျန်းမာရေး နည်းစနစ်များကို အသုံးပြုခြင်း၊ ကျန်းမာရေးသတင်း အချက်အလက်စနစ်ကို အဆင့်မြှင့်တင်ခြင်းနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊   ကုလသမဂ္ဂအဖွဲ့အစည်းများ၊  ပြည်တွင်းပြည်ပ   အစိုးရမဟုတ်သော  အဖွဲ့အစည်းများ၊  လူမှုရေးအဖွဲ့အစည်း များ၊  ပြည်သူလူထုများ ပူးပေါင်းပါဝင်မှုတို့ကို  ဦးစားပေး၍   ဆောင်ရွက်လျက်ရှိ သည်။

ပြည်သူ့ကျန်းမာရေးကဏ္ဍကို    အထူးအလေးပေး   ဆောင်ရွက်မှုများကြောင့် ၁၉၉၀ ပြည့်နှစ်တွင် မိခင်သေဆုံးမှုနှုန်းသည် အရှင်မွေးတစ်သိန်းတွင် ၄၅၃ ဦးရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၁၇၉ ဦးအထိ ၆၀ ရာခိုင်နှုန်းကျဆင်းလာခြင်း၊ အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင်  အရှင်မွေး ၁၀၀၀  ဦးတွင်  ၈၂ ဦးရှိခဲ့ရာမှ  ၂၀၂၁ ခုနှစ်တွင် ၄၂ ဦး အထိ  ၅၃ ဒသမ ၂  ရာခိုင်နှုန်း  ကျဆင်း လာခြင်း၊ မွေးကင်းစကလေး သေဆုံးမှုနှုန်း သည် ၂၀၀၀  ပြည့်နှစ်တွင်   အရှင်မွေး ၁၀၀၀  ဦးတွင် ၃၇ ဦးရှိခဲ့ရာမှ  ၂၀၂၁ ခုနှစ်တွင်  ၂၂  ဦးအထိ ၄၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းလာခြင်း၊ တီဘီရောဂါ ဖြစ်ပွားမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၅  ခုနှစ် တီဘီရောဂါဖြစ်ပွားနှုန်း၏ ၂၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ခဲ့ခြင်း၊  HIV/AIDS နှင့် ငှက်ဖျားရောဂါများ ဖြစ်ပွား/သေဆုံးမှုကို    သိသိသာသာ လျှော့ချနိုင်ခဲ့ခြင်း၊ ပြည်သူ့ကျန်းမာရေး အောင်မြင်မှုမှတ်တိုင်များအဖြစ် ၁၉၈၆  ခုနှစ်တွင် မြန်မာနိုင်ငံ အနေဖြင့်    ဆာဆာကာဝါဆု ရရှိခဲ့ခြင်း၊ ၂၀၀၃ ခုနှစ်တွင်  အနာကြီးရောဂါကင်းဝေးသည့် နိုင်ငံအဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစ ကလေး    မေးခိုင်ရောဂါကင်းဝေးသည့် နိုင်ငံအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ပိုလီယိုရောဂါကင်းစင်သည့် နိုင်ငံအဖြစ် လည်းကောင်း၊၂၀၂၀ ပြည့်နှစ်တွင် မျက်ခမ်းစပ်ရောဂါအား ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ကင်းဝေးသည့်နိုင်ငံအဖြစ် လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံထားသူများ အတွက်     အီလက်ထရောနစ်စနစ်ဖြင့် မှတ်တမ်းများ ဆောင်ရွက်မှု  (Vaccine Information Management System) အတွက်  Digital Government Award  ရရှိခြင်းတို့ဖြစ်သည်။ အဆိုပါအောင်မြင်မှု မှတ်တမ်းများမှသည်    ရှေ့ဆက်လက်၍ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည်အထိ အောင်မြင် မှုများရရှိစေရေးအတွက် ပြည်သူ့ကျန်းမာရေး ကဏ္ဍကို အထူးအလေးပေး၍ မြှင့်တင် ဆောင်ရွက်ရန် လိုအပ်လှပေသည်။ 

၂၀၂၃  ခုနှစ်  ဒီဇင်ဘာလ  ၆ ရက် နှင့် ၇  ရက်တို့တွင်ကျင်းပမည့်   မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) သည် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်     မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်နေကြ သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အတွေ့အကြုံများကို ဖလှယ်ရန်၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာပြည်သူ့ ကျန်းမာရေး  ပူးပေါင်းဆောင်ရွက်မှု ကွန်ရက်ကိုမြှင့်တင်ရန်၊ လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှကျန်းမာရေး ောင့်ရှောက် မှုစနစ်    ရရှိစေရေးဆောင်ရွက်ရာတွင် နည်းပညာသစ်များနှင့် နည်းလမ်းသစ်များ ကိုဆွေးနွေးဖော်ထုတ်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (SDGs) ပါ ရည်မှန်းချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ပါ ရည်မှန်းချက်များ ပြည့်မီရေးနှင့် စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေး ပြဿနာများကို အောင်မြင်စွာကျော်လွှားနိုင်မည့် နည်းလမ်းကောင်းများကို    လေ့လာရန်၊ အနာဂတ်တွင် ပြည်သူ့ကျန်းမာရေးအတွက် ဦးဆောင်မည့်သူများအား ပြုစုပျိုးထောင် ရန်ဟူသော ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်သည်။

နိုင်ငံတော်၏    ပြည်သူ့ကျန်းမာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုး၍    ပြည်သူတို့၏ မျှော်မှန်းသက်တမ်းမြင့်မားပြီး လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာဖြင့် ကျန်းမာ စွာနေထိုင်နိုင်ရာမှ    ပြည်သူအားလုံး   ကိုယ်စီ အာရောဂျံပရမံလာဘံ ဟူသည့် ကျန်းမာခြင်း လာဘ်ကြီးရရှိစေရေးအတွက်  အားကောင်းသည့် အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါ၍ မြန်မာနိုင်ငံပြည်သူ့ကျန်းမာ ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ဂုဏ်ပြုကြိုဆိုပါကြောင်း   ရေးသားတင်ပြအပ်ပါသည်။    ။

ဒေါက်တာသန်းနိုင်စိုး