ပြည်တွင်းမှ ထွက်ရှိသည့်ဖရဲများ တရုတ်နိုင်ငံမှ ဝယ်လိုအားများနေသောကြောင့် ဈေးနှုန်းမြင့်တက်

ပြည်တွင်းမှ ထွက်ရှိသည့် ဖရဲများကို တရုတ်နိုင်ငံမှ  ဝယ်လိုအားများနေသောကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း  မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ    ဦးနိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

လတ်တလောတွင်  မူဆယ်သို့ ဖရဲကား အစီးရေ ၆၀ ဝန်းကျင်အထိ ဝင်ရောက် လျက်ရှိပြီး တစ်တန်လျှင် ယွမ် ၃၅၀၀ မှ ၆၂၀၀ အထိ ဈေးနှုန်းရှိကာ  ဖရဲ၊ သခွား မွှေးရာသီစတင်ချိန်က တစ်တန်လျှင် ယွမ် ၃၀၀၀ ဝန်းကျင်သာရှိကြောင်း သိရသည်။

ထိုသို့ ဖရဲဈေးကွက်ပြန်လည်ကောင်းမွန် နေသည့်အတွက် COVID-19 ရောဂါအခြေအနေကြောင့် ဈေးကွက်ပျက်ခဲ့သဖြင့်  စိုက်ဧက လျှော့ချစိုက်ပျိုးခဲ့သူများက ပြန်လည် စိုက်ပျိုးလာကြကြောင်း သိရသည်။

စိုက်ပျိုးသူတွေက အခုတော့  အမြတ်ရရှိမှု များတယ်ဆိုပြီး ပြန်စိုက်လာကြတယ်။ နောက်ပိုင်း ဖရဲပေါ်လာရင်တော့ တရုတ် နိုင်ငံဝမ်တိန်မှာ ကားများများဝင်ဖို့အဆင် မပြေလောက်ဘူး။  အခု ကုန်တင်ယာဉ် ၁၀၀  အောက်ဆိုတော့  အဆင်ပြေသေးတယ်။ ၁၀၀ ကျော်သွားရင်  အခက်အခဲ တွေရှိမလားစဉ်းစားရမှာပါ။  အခက်အခဲတွေ ရှိလာရင်တော့  ဈေးကွက်ကကျသွားမှာပါဟု ဦးနိုင်ဝင်းကပြောသည်။

လတ်တလောတွင် ဝမ်တိန်သို့ ဝင်ရောက်သည့် ဖရဲကားအစီးရေ ၁၀၀ အောက်ဖြစ် နေသောကြောင့် သယ်ယူ ပို့ဆောင်ရာတွင် အဆင်ပြေသော်လည်း      ယာဉ်အစီးရေ များပြားလာပါက အခက်အခဲရှိနိုင်ကြောင်း   သိရသည်။                                      

နေနေ