အလှူဒါန ပြုကြများသူငါ

မြန်မာတို့သည်အလှူဒါနပြုရန်အလွန်စိတ်ထက်သန်ကြသည်။ အလှူဒါနနှင့်ပတ်သက်၍ အမှတ်တရဖြစ်စရာ အသုံးအနှုန်းအရေးအဖွဲ့ များစွာရှိသည်။ ပေး၍မကုန်လှူ၍မခန်း၊ မရှိလို့မလှူ မလှူလို့မရှိ၊ တစ်မူးရလို့တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား၊ ထမင်းရည်ချောင်းစီး လှူဒါန်းသည် စသည်ဖြင့် ဒါနစေတနာကို အထင်အရှား ဖော်ပြလျက်ရှိသည်။ ပုဂံခေတ်မှယနေ့တိုင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည့်အလျောက် ရတနာသုံးပါးကို ရည်မှန်းကာ ဘုရားတည်၊ ကျောင်းဆောက်၊ ရဟန်းခံ၊ ရှင်ပြု၊ ဆွမ်းကျွေး စသည့် ကောင်းမှုကုသိုလ်များကို ပြုလျက်ရှိကြသည်။

ပုဂံခေတ်က မြန်မာတို့၏ လှူဒါန်းမှုအင်အားကြီးမားပုံကို ခန့်မှန်းကြည့်နိုင်သော သာဓကတစ်ခုကို ဖော်ပြလိုသည်။ ပုဂံခေတ်တွင် အနန္တသူရ ဟူ၍ထင်ရှားသော မဟာသေနာပတိအမတ်ကြီးနှင့် ဇနီးတို့သည် သာသနာငါးထောင်တိုင်အောင် မိမိတို့၏ကောင်းမှုများ တည်တံ့စေရန် ရည်ရွယ်၍ အစီအမံအမျိုးမျိုးချမှတ်ကာ အလှူကြီးပေးခဲ့သည်။ အာမနာ အရပ်တွင်  ကျောင်းပတ်ပတ်လည် ထန်းပင်များစိုက်ပြီး အုတ်တံတိုင်းနှစ်ထပ်ရံသည်။

အုတ်တံတိုင်းအတွင်းမှာ ဂူဘုရားတစ်ဆူတည်သည်။ စင်္ကြံမှာလည်း တင့်တယ်လှပသည်။ ဂူဘုရားဌာပနာရာတွင် အသေးစိတ် စီမံဆောင်ရွက်သည်။

ဘုရားရှင်၏ သရီရဓာတ်တော်ကို စန္ဒကူးကြုတ်ထဲမှာ ထည့်သည်။ စန္ဒကူးကြုတ်ကိုဖန်ကြုတ်၊ စန္ဒကူးနီကြုတ်၊ ရွှေကြုတ်၊ ငွေကြုတ်၊ အမျက်ရတနာကြုတ်၊ ဆင်စွယ်ကြုတ်၊ ကြေးနီကြုတ်ထဲသို့ အဆင့်ဆင့်ထည့်ပြီး ကြေးနီကြုတ်ကို ကျောက်ပုထိုးထဲထည့်သည်။ ကျောက်ပုထိုးကိုဆေးရေးပြီး ကြေးချည်ဖြင့်ရစ်ပတ်သည်။ ဂူဘုရားကိုရွှေအထွတ်တင်ပြီး ရွှေထီးဆောင်းသည်။ အမျက်ရတနာများဖြင့်လည်း တန်ဆာဆင်သည်။ ရွှေဆင်းတု၊ ငွေဆင်းတု၊ ကျောက်ဖြူဆင်းတုများလည်း ပူဇော်သည်။ ရွှေထီး၊ ငွေထီးလည်းဆောင်းသည်။ ဤသို့ အစီအမံအမျိုးမျိုးပြုပြီးမှ ဂူဘုရားမှာ ဌာပနာသည်။  ဂူဘုရားလေးမျက်နှာမှာ ဆင်းတုတော်လေးဆူနှင့်အတူ အဆန်းတကြယ်စီမံသည်။

ဇာတ်ငါးရာပန်းချီများလည်း ဂူဘုရားနံရံမှာရေးဆွဲသည်။

တရားနာရန်ဓမ္မသာလာ၊ တရားဟောပလ’င်၊ သံဃာတော်များသီတင်းသုံးရန် ကျောင်းကြီးနှင့်အရံကျောင်းများ၊ သံဃာတော်များအတွက် အုတ်ရေတွင်းနှင့် လေးထောင့်ကန်နှစ်ဆင့်၊ ရေကန်ပတ်ဝန်းကျင်တွင် ဥယျာဉ်ကြီး၊ အရပ်လေးမျက်နှာမှ လာသော ပရိသတ်များအတွက် တန်ဆောင်းကြီး၊ အုတ်ဇရပ်၊ သံဃာတော်များအတွက် ကပ္ပိယကုဋီ၊ အုတ်ရေတွင်းဟူသောအဆောက်အအုံများကိုဆောက်လုပ်ကာ ခမ်းနားကြီးကျယ်စွာ လှူဒါန်းခဲ့သည်။ ရှေးခေတ်က စနစ်တကျ အလှူတစ်ခု၏ ပုံရိပ်ဖြစ်သည်။

ဗုဒ္ဓဘာသာစတင်ထွန်းကားသည့် ကာလမှစ၍ ပစ္စုပ္ပန်သံသရာအကျိုးအတွက် ရည်မှန်းလှူဒါန်းသော ဒါနကောင်းမှုများသည် မြန်မာတို့၏ ဘာသာတရားကိုင်းရှိုင်းမှု၊ စေတနာသဒ္ဓါ တရားထက်သန်မှုကို အလေးအနက် ဖော်ညွှန်းလျက်ရှိသည်။ တပ်မတော်သည် ရှေးအစဉ်အလာ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့၏ ကောင်းမွေကိုဆက်ခံသည်။ အဆိုပါ နိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်တို့၏ ဘာသာသာသနာကို ချီးမြှင့်မြှောက်စားမှုအတိုင်းလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ သာသနာတိုးတက် ပြန့်ပွားရေးအတွက် လုပ်ဆောင်လျက်ရှိသည်မှာလည်း  ရေတွက်၍ မကုန်နိုင်အောင်  များပြားလှပေသည်။ နှစ်ပေါင်း ၂၈၂ နှစ်သက်တမ်းကြာမြင့်ပြီ ဖြစ်သည့် အုံတုံပင်(မနောရမ္မာ) ရွှေကျောင်းတော်ကြီးအား ရှေးမူမပျက်ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းများ ပြုလုပ်ဟူသော သတင်းကောင်းတစ်ခု ကြားသိလိုက်ရသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် သနပ်ပင်အုပ်စု ဗိမ္မာန်မကျေးရွာရှိ မြန်မာနှစ် ၁၁၀၀ ပြည့် (ခရစ်နှစ် ၁၇၃၈)တွင် ဆောက်လုပ်ခဲ့သော အုံတုံပင်(မနောရမ္မာ) ရွှေကျောင်းတော်ကြီးသည် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ပျက်စီး ယိုယွင်းလာပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို စက်တင်ဘာ ၂၂ ရက်က စတင်၍ ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၅ ရက်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့သည်။

မနောရမ္မာဆိုသည်မှာ စိတ်နှလုံးပျော်မွေ့ဖွယ်ရာဖြစ်၍ အဆိုပါ ကျောင်းသို့ရောက်ရှိသူတိုင်း စိတ်နှလုံးချမ်းမြေ့ကြသည်။ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော မဟာဓမ္မရာဇာဓိပတိ လက်ထက်တွင် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဒေသအခေါ် အုံတုံကျောင်းဟု အမည်တွင်သည်။ အဆိုပါ ကျောင်းတော်ကြီးကို တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ငွေကျပ်သိန်းပေါင်း ၃၇၀ ကျော်အကုန်အကျခံ၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပခန်းကြီး)မှ တာဝန်ရှိသူများနှင့်အတူ ရှေးမူမပျက်  ပြန်လည်ထိန်းသိမ်းပြုပြင်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းတော်ကြီးရှိ ရှေးဟောင်းမြန်မာ့အနုပညာ လက်ရာများကို ပြုပြင်ထိန်းသိမ်းပေးခြင်းအားဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ကြည့်ရှုလေ့လာနိုင်ကြပြီ ဖြစ်ပေရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အလှူဒါနကို သာဓုခေါ်ဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။