နိုင်ငံတော်နှင့် တပ်မတော်အတွက် အားသစ်လောင်းကြမည့် အောင်စစ်သည်တို့၏ စကားသံများ

 

နိုင်ငံတော်နှင့် တပ်မတော်အတွက် အားသစ်လောင်းကြမည့် အောင်စစ်သည်တို့၏ စကားသံများ

 

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၅)  သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို  ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် စစ်ရေးပြကွင်းတွင် ကျင်းပရာ အဆိုပါ သင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြ အရာရှိကြီးများ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အားသစ်လောင်းသူတို့၏ စကားသံများကို ဖော်ပြလိုက်ရပါတယ်-

ဗိုလ်မှူးကြီးတင်ခိုင် (နည်းပြအရာရှိချုပ်)

    စစ်တက္ကသိုလ် နည်းပြအရာရှိချုပ် အနေနဲ့ လေ့ကျင့်ရေးအပိုင်းကို   အဓိကတာဝန်ယူ ဆောင်ရွက်ရပါတယ်။  စစ်တက္ကသိုလ် ဗိုလ်လောင်းတွေကို လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့  အရာရှိကောင်းတွေ ဖြစ်လာစေဖို့အတွက်  ၄ နှစ်တာ ကာလပတ်လုံး အနီးကပ်ကြပ်မတ် သင်ကြားလေ့ကျင့်ပေးပါတယ်။ ဗိုလ်လောင်းတွေကို  စစ်ပညာ တတ်ကျွမ်းစေဖို့အတွက် ပထမနှစ်မှ စတုတ္ထ နှစ်အထိ  စစ်နည်းဗျူဟာ သင်ခန်းစာတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်သင်ခန်းစာတွေကို စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးပါတယ်။ ဒါ့အပြင် ဗိုလ်လောင်းတွေကို စိတ်ဓာတ်ပိုင်းနဲ့  ခန္ဓာကိုယ်ပိုင်းကြံ့ခိုင်အောင် လေ့ကျင့်သင်ကြား ပေးရုံသာမကဘဲ အထွေထွေဗဟုသုတ တိုးပွားစေရန်အတွက် စစ်တက္ကသိုလ်ကို ရောက်ရှိတဲ့အချိန်က စတင်ပြီး  ကျောင်းဆင်းတဲ့အချိန်အထိ သွားလာနေထိုင် ပြောဆိုမှုတွေနဲ့ ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေကို  အနီးကပ်သင်ကြား လေ့ကျင့်ပေးပါတယ်။

ကိုယ်ခန္ဓာကြံ့ခိုင်  သန်စွမ်းစေဖို့အတွက် နံနက်၊ ညနေ ကြံ့ခိုင်ရေးအချိန်တွေမှာ ကိုယ်ခန္ဓာကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေအပြင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ရေကူး၊ လက်ဝှေ့၊ ကျွမ်းဘားနဲ့ မြန်မာ့သိုင်းလေ့ကျင့်ခန်းတွေကို ကျွမ်းကျင်တဲ့  နည်းပြဆရာတွေနဲ့  စနစ်တကျ သင်ကြားလေ့ကျင့်ပေးပါတယ်။ ကျွန်တော့်အနေနဲ့ စာပေသင်ကြားပြသမှုတွေအပြင် အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတတ်ဖို့ အတွက် နည်းပြများမှ သင်တန်းကာလ ၄  နှစ်အတွင်း  တပ်မတော်နဲ့ဆိုင်တဲ့ ဗဟုသုတများ အနေနဲ့  အထက်အောက် ပြေပြစ်စွာ ဆက်ဆံရေးဘာသာရပ်၊ တပ်တိုင်း ရဲဘော်တိုင်းတွင်ရှိရမယ့်  အခြေခံအရည်အချင်း (၅)ပါးဘာသာရပ်၊ ဒို့တာဝန် အရေးသုံးပါးနဲ့ ယုံကြည်ချက်၊ ခံယူချက်မြင့်မားရေး ဘာသာရပ်၊ တိုက်လိုခိုက်လိုစိတ် ပြင်းပြရေးဘာသာရပ်၊ အရေအတွက်မှ အရည်အချင်းသို့ ဘာသာရပ်၊ တပ်တွင်း/ တပ်ပြင်စည်းရုံးရေး ဘာသာရပ်၊ ပြည်သူ့ရဲ၊ ပြည်သူ့စစ်များနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဘာသာရပ်၊    ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ပါ   တပ်မတော်၏ အခန်းကဏ္ဍ ဘာသာရပ်စတဲ့ ဘာသာရပ်များကို စနစ်တကျ သင်ကြားပေးပြီး မျှဝေပေးပါတယ်။

စာပေပညာအပြင် အသိပညာဗဟုသုတ တိုးတက်စေရေးအတွက်  စိတ်ပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာများကို ထပ်တိုး မျှဝေသင်ကြားပေးပါတယ်။  ဒါ့အပြင် နိုင်ငံတော်တွင်   စစ်ရေးနှင့်သက်ဆိုင်သော ပညာရပ်များနဲ့ နည်းပညာ ဆန်းသစ် တီထွင်မှုများကိုပါ အစဉ်တစိုက် မျက်ခြည်မပြတ်နိုင်အောင် လေ့လာသင်ကြားစေပြီး မျှဝေပေးပါတယ်။  ယနေ့ခေတ်ဖြစ်ပေါ်လျက်ရှိသော စစ်ရေး၊ နိုင်ငံရေး အခြေအနေများ/သုံးသပ်ချက်များကို ကျောင်းစာကြည့်တိုက်တွင်  နေ့စဉ်လေ့လာ ဖတ်ရှုစေရေး ဆောင်ရွက်လျက်ရှိပါတယ်။  ကျွန်တော့်အနေနဲ့  နိုင်ငံတော်အတွက်  အားသစ်လောင်းကြမယ့်   အောင်စစ်သည်တွေအတွက် ဂုဏ်ယူစကား ပြောရမယ်ဆိုလျှင်၄ နှစ်တာကာလအတွင်း အမိစစ်တက္ကသိုလ်ကြီးက သင်ကြားပေးလိုက်တဲ့ ဘဝတစ်သက်လုံးစာ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပညာရပ်များနဲ့ အတွေ့အကြုံကောင်းများစွာကို အသုံးချပြီး   နိုင်ငံတော်အတွက် အားထားရတဲ့ လက်ရုံးရည်၊  နှလုံးရည် ပြည့်စုံတဲ့ တပ်မတော် အရာရှိကောင်းများအဖြစ် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သွားကြပါလို့ ဂုဏ်ယူစွာ ပြောကြားလိုပါတယ်။  ဒီနေ့မှာ  ကျောင်းဆင်းသွားပြီး နိုင်ငံတော်နဲ့တပ်မတော်အတွက် အားသစ်လောင်းမယ့် အရာရှိတွေကို မွေးထုတ်ပေး နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ နေရာဒေသအသီးသီးမှာ   ထမ်းဆောင်ကြမယ့်  အရာရှိငယ်တွေ အနေနဲ့ အမိစစ်တက္ကသိုလ်က ၄ နှစ်တာ  လေ့ကျင့် သင်ကြားပေးခဲ့တဲ့   ပညာရပ်တွေကို မမေ့မလျော့ဘဲ  လက်တွေ့နယ်ပယ်မှာ အကျိုးရှိရှိ   မှန်ကန်စွာ အသုံးချကြပါ။ အထက်ကပေးအပ်တဲ့ အမိန့်နဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး   နိုင်ငံတော်ရဲ့ဂုဏ်၊ တပ်မတော်ရဲ့ ဂုဏ်၊  အမိစစ်တက္ကသိုလ်ရဲ့ ဂုဏ်ကို    မြှင့်တင်နိုင်အောင်ကြိုးစားကြပါလို့   မှာကြားလိုပါတယ်။

ဗိုလ်လောင်း သူရိန်ဦး ၊  (အောင်စစ်သည်ဆု)

    ကျွန်တော့်အဖေကိုယ်တိုင်က တပ်မတော်သားတစ်ယောက်ဖြစ်တဲ့အတွက် အဖေရဲ့တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ချင်လို့ စစ်တက္ကသိုလ် တက်ရောက်ခဲ့တာပါ။ အောင်စစ်သည်ဆုကို ရရှိဖို့အတွက် သင်တန်း၄ နှစ်တာ ကာလပတ်လုံး စစ်တက္ကသိုလ်မှချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လိုက်နာနေထိုင်ပြီး စာပေပညာ၊ စစ်ပညာများအား  နည်းပြအရာရှိများ သင်ကြားပေးတဲ့အတိုင်း စနစ်တကျလိုက်ပါ သင်ယူကြိုးစားခဲ့ပါတယ်။ ယခုလိုဆုကို ရရှိခဲ့တဲ့အတွက်    ကျွန်တော့်ရဲ့မိဘများနဲ့ သင်ကြားပြသပေးခဲ့တဲ့ နည်းပြအရာရှိများနဲ့ ဆရာများအတွက်  ဝမ်းသာဂုဏ်ယူမိပါတယ်။ တပ်မတော်မှာ အရာရှိတစ်ယောက် အနေနဲ့ ပထမဆုံး တာဝန်ထမ်းဆောင်ရမှာ စိတ်လှုပ်ရှားမိပါတယ်။  စစ်တက္ကသိုလ်က သင်ကြားပေးတဲ့ ပညာရပ်တွေကို အကျိုးရှိရှိနဲ့အသုံးချပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထားပြုရတဲ့ အရာရှိကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

ဗိုလ်လောင်းဟိန်းထက်အောင်  (လေ့ကျင့်ရေးထူးချွန်ဆု)

    ကျွန်တော် စစ်တက္ကသိုလ် တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထားရတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ်လာဖို့ အတွက် တက်ရောက်ခဲ့ရခြင်း ဖြစ်ပါတယ်။ လေ့ကျင့်ရေးထူးချွန်ဆုရရှိဖို့အတွက် ၄ နှစ်တာ ကာလပတ်လုံး စစ်တက္ကသိုလ်မှ ချမှတ်ထားသော    စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာနေထိုင်ခဲ့ပြီး စစ်ဗျူဟာ သင်ခန်းစာများမှာလည်း စာတွေ့၊ လက်တွေ့တွေမှာ နည်းပြအရာရှိများ၏ သင်ကြားပေးမှုအတိုင်း  အကောင်းဆုံးဖြစ်အောင် ကြိုးစားလေ့ကျင့် ဆောင်ရွက်ခဲ့တဲ့အတွက် ဒီဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အပတ်စဉ်ရဲ့   ဂုဏ်ဆောင်လေ့ကျင့်ရေး ထူးချွန်ဆုရရှိခဲ့တဲ့အတွက် ဂုဏ်ယူကျေနပ် ဝမ်းမြောက်မိပါတယ်။ ရှေ့လျှောက်လည်း နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထားပြုရတဲ့   အရာရှိကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားသင်ယူနေထိုင် သွားပါမယ်။   ခုလိုဆုရရှိအောင် သင်ကြားပြသပေးတဲ့   နည်းပြဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို ဒီကျောင်းတော်ကြီးက  သင်ပေးလိုက်တဲ့ ပညာတွေကို  အလကားမဖြစ်စေဘဲ ကျရာနေရာ  နိုင်ငံနဲ့လူမျိုးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားပါမယ်။

ဗိုလ်လောင်းဇေလင်းမောင် ၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)

    ဒီဆုကိုရရှိဖို့ ၄ နှစ်တာကာလအတွင်း ကျောင်းတော်ကြီးက ချမှတ်ထားတဲ့ စာပေပညာရပ်တွေကို   သင်ကြားပို့ချပေးတဲ့ နည်းပြအရာရှိများ၏  သင်ကြားပေးမှုအတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသင်ယူခဲ့ခြင်းကြောင့် ဒီဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။  ဒီဆုကိုရရှိခဲ့တဲ့အတွက်   မိဘညီအစ်ကိုမောင်နှမများနဲ့ နည်းပြအရာရှိ၊  ဆရာများက ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အမိစစ်တက္ကသိုလ်မှ   ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းများအား တိကျစွာ လိုက်နာပြီး   နိုင်ငံတော်နဲ့ တပ်မတော်အပေါ် ယုံကြည်အားကိုး အားထားပြုရတဲ့ အရာရှိကောင်းများ ဖြစ်အောင်     ကြိုးစားသွားမှာဖြစ်ပါတယ်။

ဗိုလ်လောင်းချမ်းငြိမ်းလွင် ၊စာပေထူးချွန်ဆု(သိပ္ပံ)

    ကျွန်တော့်အနေနဲ့  စစ်တက္ကသိုလ်ကို တက်ရောက်ခဲ့တာကတော့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ချင်တဲ့ စိတ်နဲ့ တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော် ရရှိခဲ့တဲ့ဆုကတော့   စစ်တက္ကသိုလ်၊ အမှတ်စဉ်(၆၅)ဗိုလ်လောင်းသင်တန်းရဲ့ စာပေထူးချွန်ဆု(သိပ္ပံ)ဖြစ်ပါတယ်။ စာပေထူးချွန်ဆု ရရှိဖို့အတွက် ပထမနှစ်မှစပြီး နောက်ဆုံးနှစ်အထိ  စာတွေ့၊  လက်တွေ့သင်ခန်းစာတွေကို နည်းပြအရာရှိ၊ ဆရာ၊ ဆရာမများရဲ့ သင်ကြားမှုတွေကို နေ့စဉ်ပုံမှန်ကျက်မှတ်ခဲ့ပြီး ကျွန်တော့်ရဲ့ကိုယ်ပိုင် အားလပ်ချိန်မှာလည်း   သင်ကြားခဲ့တဲ့ စာတွေကို   သေချာပြန်လည် ကျက်မှတ်ခဲ့ခြင်းကြောင့်  ဒီဆုကိုရရှိခဲ့ခြင်း ဖြစ်ပါတယ်။  ယခုလို  ကျောင်းဆင်းအရာရှိ တစ်ယောက်ဖြစ်လာပြီဆိုတော့ ကျွန်တော့်ရဲ့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ချင်တဲ့ စိတ်ကတော့ ယခင်ကထက် နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်ချင်တဲ့စိတ် ပိုမိုဖြစ်ပေါ်လာပါတယ်။

ဗိုလ်လောင်းဟန်ဘုန်းမြတ် ၊ စာပေထူးချွန်ဆု (ကွန်ပျူတာ)

    ယခုလို ဆုရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ အမှတ်စဉ်(၆၅) ဗိုလ်လောင်းသင်တန်း ကိုယ်စားဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ၄ နှစ်တာကာလအတွင်းမှာ ယခုလိုစာပေ ထူးချွန်ဆုရရှိအောင်  စာပေပညာအား သင်ကြားပေးသည့် နည်းပြအရာရှိများ၏ သင်ကြားပို့ချမှုများကို စနစ်တကျ လိုက်ပါသင်ယူခဲ့ပြီး  ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။ တာဝန်ကျတဲ့နေရာမှာ   ပေးအပ်လာတဲ့တာဝန်များကို  ကျေပွန်စွာ ထမ်းဆောင်ပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထားပြုရတဲ့  အရာရှိကောင်းတစ်ဦး ဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားထမ်းဆောင်သွားပါမယ်။    ။