၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော် ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော် ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ ၉ 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော် ကြက်တောင်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ တတိယနေရာနှင့်  ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ ndoor Stadium (C)နှင့်(B) အားကစားရုံများ၊ သက်ဆိုင်ရာ  အားကစားနည်းအလိုက် သတ်မှတ်ထားသည့်    ကွင်းရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြိုင်ပွဲဝင်အားကစား မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြ၊ ဆရာ၊ဆရာမများနှင့်   ကျောင်းသားမိဘများ တက်ရောက်အားပေးကြည့်ရှုကြသည်။

  ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပသည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများ အပြီးတွင် အမျိုးသားအသင်းလိုက် ပထမဆုကို ရန်ကုန်၊ ဒုတိယဆုကို မန္တလေး၊ တတိယဆုကို မွန်ပြည်နယ်အသင်းတို့က အနိုင်ရရှိကြပြီး အမျိုးသမီးအသင်းလိုက် ပထမဆုကို မကွေး၊ ဒုတိယဆုကို ရှမ်း၊ တတိယဆုကို မွန်ပြည်နယ်အသင်းတို့ကရရှိကြရာ ဆုများကို ဒုတိယဝန်ကြီး  ဒေါက်တာဇော်မြင့်က ချီးမြှင့်ပေးအပ်သည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ကျင်းပသည့် ကြက်တောင်ပြိုင်ပွဲတွင် အမျိုးသား အသင်းလိုက်ပထမဆုကို ရန်ကုန်၊ ဒုတိယဆုကို ဧရာဝတီ၊ တတိယဆုကို ကရင်ပြည်နယ်အသင်းတို့ကရရှိကြပြီး အမျိုးသမီးအသင်းလိုက် ပထမဆုကို ပဲခူး၊ ဒုတိယဆုကို ဧရာဝတီ၊ တတိယဆုကို ရှမ်းပြည်နယ်အသင်းတို့က ရရှိကြရာ ဆုများကို  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာမိုးဇော်ထွန်းက ချီးမြှင့်ပေးအပ်သည်။

   ထို့ပြင် ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A)ရုံ၌  အမျိုးသား၊ အမျိုးသမီး  ဘော်လီဘောပြိုင်ပွဲများကို ကျင်းပရာ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ကရင်က စစ်ကိုင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီက ပဲခူးကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ကချင်က ကရင်ကို ၃ ပွဲ ၂ ပွဲဖြင့် လည်းကောင်း၊ နေပြည်တော်က ပဲခူးကို ၃ ပွဲ ၁ပွဲ ဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။ 

 ဘောလုံးပြိုင်ပွဲများကို    ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘောလုံးလေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့်  ကွင်းအမှတ်(၃)တို့တွင် ယနေ့နံနက် ၇ နာရီမှစတင်၍ အမျိုးသား၊ အမျိုးသမီး ဘောလုံးပွဲစဉ်များကို  ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။