ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စက်ရုံများအား ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စက်ရုံများအား ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဒီဇင်ဘာ  ၉

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ    ယနေ့နံနက်ပိုင်းတွင်    ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ရေထွက်ကုန်လုပ်ငန်းများ ထုတ်လုပ်တင်ပို့ လျက်ရှိသည့် Golden Bay Limited  နှင့် ရွှေပြည်သာ စက်မှုဇုန်ရှိ   ပဲမျိုးစုံ  ပြည်ပသို့တင်ပို့လျက် ရှိသည့် New Golden Gate (1991) Co., Ltd သို့ရောက်ရှိရာ  စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စက်ရုံမှထုတ်လုပ်နေမှုများနှင့်   ပြည်ပသို့တင်ပို့ နေမှုများကိုရှင်းလင်း တင်ပြပြီး   စက်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် ရေထွက်ကုန်ပစ္စည်းများနှင့် ပဲများထုတ်လုပ်နေမှု အဆင့်ဆင့်နှင့် ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။   

ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စု ဝန်ကြီးက စက်ရုံထွက်ကုန် ပစ္စည်းများ ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို  ဦးစွာဆောင်ရွက်ပြီး ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်ပဈေးကွက် ပိုမိုရရှိအောင် ဆောင်ရွက်ရေး၊ မှန်ကန်သည့်ကုန်သွယ်မှုဖြစ်ပေါ် စေရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး အတွက် အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှု ပတ်ဝန်းကျင်   တိုးတက်ကောင်းမွန်ရေး၊ ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဒေသတွင်း နိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့် ပူးပေါင်း၍ တိုးမြှင့်တင်ပို့နိုင်ရေး၊  ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အရည်အသွေး ပြည့်ဝရေး၊ ပြည်ပတင်ပို့မှုတွင် နိုင်ငံတကာမှ အသိအမှတ်ပြုပြီး ပြည်ပဈေးကွက်များတွင် တိုးချဲ့ဝင်ရောက်နိုင်မည့် Hazard Analysis and Critical Control Point (HACCP)ကဲ့သို့ နိုင်ငံတကာသတ်မှတ် စံချိန်စံညွှန်းမီ ကြိုးပမ်းဆောင်ရွက်ရေး တို့ကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားဇာတ်ရုံ မြို့မကျောင်းလမ်း၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပန်းဘဲတန်းမြို့နယ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်  (UMFCCI)  ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း   ကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍  ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးများကို ဆွေးနွေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။