စက်သုံးဆီပြတ်လပ်တော့မည် ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှု မဖြစ်စေလို

 

စက်သုံးဆီပြတ်လပ်တော့မည် ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှု မဖြစ်စေလို

 

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော စက်သုံးဆီ တင်သွင်းရောင်းချမှု အခြေအနေများနှင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် လုပ်ဆောင်နေသည့် အခြေအနေများအား စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်အား မေးမြန်းခဲ့ရာ-

မေး။   နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အချို့က စက်သုံး ဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီဝယ်ယူဖို့ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို သိရှိလိုပါတယ်။

ဖြေ။  အခုလတ်တလောမှာ နေပြည်တော်၊ ရန်ကုန်၊  မန္တလေးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အချို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူနေတာတွေ အများ ကြီးဖြစ်ပေါ်နေပါတယ်။ မကြာမီစက်သုံး ဆီပြတ်လပ်တော့မယ်၊ ဈေးတွေလည်းတက် တော့မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ နဲ့ လတ်တလော လူမှုကွန်ရက်က မဟုတ်မမှန်သတင်းတွေကြောင့် ပြည်သူလူထုအနေ နဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ပြီး ပုံမှန်သုံးစွဲမှု ပမာဏထက် ကျော်လွန်ဝယ်ယူနေတာတွေ ကြောင့်ဖြစ်တယ်လို့ သုံးသပ်တွေ့ရှိ ရပါတယ်။

သုံးစွဲသူတချို့ကလည်း ကိုယ်ချင်းစာနာ စိတ်မရှိဘဲ  အခေါက်ခေါက် ထုတ်ယူ သိုလှောင်ပြီး တစ်ဆင့်ပြန်လည်အမြတ်တင် ရောင်းချနေတာမျိုးတွေလည်း ရှိတယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် CNG Tax တွေကလည်း စက်သုံးဆီကို မလိုအပ်ဘဲ အခြားနည်းအသုံးပြုဖို့  ဝယ်ယူနေကြတယ်လို့ ကြားသိရတဲ့အတွက် CNG Tax တွေကို စက်သုံးဆီလုံးဝမရောင်းဖို့ ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ အဓိကမြို့ကြီးတွေရဲ့ အရောင်းဆိုင်အချို့မှာ ယာဉ်တွေတန်းစီ ဝယ်ယူမှုများပြားနေရတဲ့  နောက်ထပ် အကြောင်းရင်းကို ဆန်းစစ်ကြည့်တဲ့အခါ သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ သွားလာရာလမ်းကြောင်းအရ လည်းကောင်း၊ လိုအပ်တဲ့ အချိန်နဲ့ပမာဏအရ လည်းကောင်း နီးစပ်ရာ လမ်းကြောင်းသင့်တဲ့ ဆိုင်တွေ၊ Brand, Incentive, Service ကောင်းတဲ့ဆိုင်တွေမှာပဲ အဓိက တန်းစီဝယ်ယူ လိုကြတာကြောင့်လည်း ဖြစ်ပါတယ်။  ဒါ့အပြင်  ပွင့်လင်းရာသီမှာ ခရီးသွားလာမှုတွေ၊ မီးစက်သုံးစွဲမှုတွေ များပြားလာတာကြောင့်  ဝယ်ယူမှု မြင့်တက်လာရတဲ့  အကြောင်းရင်း တစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ဒီဇင်ဘာလ ၁ ရက် က ၈ ရက်အထိ ၈ ရက်တာ ကာလအတွင်း 92 Ron ဂါလန် ၆ သန်း ၇ သိန်းနီးပါး၊ 95 Ron  ဂါလန် ၁ သန်း ၇ သိန်းခန့်၊ HSD  ဂါလန် ၆ သန်းကျော်၊ PD ဂါလန် ၇ သန်း ၁ သိန်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ တစ်ရက်ပျမ်းမျှအနေနဲ့ 92 Ron ဂါလန် ၈ သိန်း ၃ သောင်းကျော်၊ 95 Ron  ဂါလန် ၂ သိန်း ၁ သောင်းကျော်၊  HSD  ဂါလန် ၇ သိန်း ၅ သောင်းကျော်၊ PD ဂါလန် ၈ သိန်း ၉ သောင်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ အထူးသဖြင့်  အခုရက်ပိုင်း အတွင်းမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေး တိုင်းဒေသကြီးတွေမှာ  ဖွင့်လှစ်ထားတဲ့ လိုင်စင်ရ အရောင်းဆိုင်တွေကို ယခင်ဖြန့်ဖြူး ပေးနေတဲ့ ပမာဏထက် 92 Ron ဂါလန် ၂ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၁ သိန်း ၂ သောင်းကျော်၊  HSD ဂါလန် ၁ သိန်း ၃ သောင်းကျော်နဲ့ PD ဂါလန် ၂ သိန်း ၄ သောင်းကျော် ပိုမိုဖြန့်ဖြူးပေးခဲ့ရတာဖြစ်ပါတယ်။

စက်သုံးဆီပုံမှန်ဝယ်ယူ သုံးစွဲမှုပမာဏထက် ပိုမိုဖြန့်ဖြူးပေးနေပေမယ့်လည်း အခု ရက်ပိုင်းမှာ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးမှာ ရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေအပြင် အချို့တိုင်းဒေသကြီး၊ ပြည်နယ်တွေက စက်သုံးဆီ အရောင်းဆိုင်တွေမှာလည်း ကားတွေ၊ ဆိုင်ကယ်တွေ အများကြီးတန်းစီ ဝယ်ယူ နေကြတာကြောင့် ဖြည့်တင်းပေးနိုင်မှု စွမ်းအားထက်ကျော်လွန်တဲ့ အရောင်းဆိုင်အချို့မှာ ဆီဖြည့်တင်းဖို့ ထွက်ခွာလာတဲ့ ဆီသယ်ယာဉ် မရောက်မီကာလအတွင်း ခေတ္တအရောင်း ရပ်ဆိုင်းထားရတဲ့ အခြေအနေမျိုးတွေရှိပေမယ့် အချိန်မီဖြည့်တင်းနိုင်ရေး ဆောင် ရွက်နေပါတယ်။

ကျွန်တော့်အနေနဲ့ ပြောကြားချင်တာက စက်သုံးဆီတွေကို လိုအပ်တာထက် ပိုမို ဝယ်ယူပြီး တရားမဝင် သိုလှောင်ထားတာ၊ တစ်ဆင့်ပြန်လည်ရောင်းချတာ၊ အခေါက်  ခေါက်တန်းစီ ဝယ်ယူတာမျိုး မပြုကြဖို့နဲ့ မိမိတို့ လိုအပ်သလောက်ကိုသာ စိတ်အေး ချမ်းသာစွာ ဝယ်ယူသုံးစွဲကြပါလို့ ပြောလိုပါတယ်။

ဒီလိုတရားမဝင်  သိုလှောင်ထားတာ၊ တစ်ဆင့်ပြန်လည် ရောင်းချတာတွေက ဥပဒေနဲ့မညီတဲ့အပြင် မီးဘေးအန္တရာယ် အတွက်လည်း အင်မတန် စိုးရိမ်စရာဖြစ်တဲ့ အတွက် မိမိအကျိုးစီးပွားကြောင့် အများပြည်သူ ထိခိုက်နစ်နာမှာကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

မေး။ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီ ရည်ညွှန်းဈေးတွေကို  နေ့စဉ် ထုတ်ပြန်နေတာ တွေ့ရပါတယ်။ လက်ရှိ စက်သုံးဆီဈေးနှုန်း အခြေအနေကို သိရှိလိုပါတယ်။

ဖြေ။ ပြည်တွင်းစက်သုံးဆီရောင်းဈေး အတက်အကျက   ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိကဝယ်ယူ တင်သွင်းတဲ့ စင်ကာပူနိုင်ငံရဲ့ MOPS  ဈေးနှုန်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းတို့အပေါ်မှာ မူတည်ပြီး အပြောင်းအလဲ ဖြစ်ပေါ်တာဖြစ်ပါတယ်။ အခုအပတ် မှာဆိုရင် ပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်းက ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ စင်ကာပူနိုင်ငံရဲ့ ြဥဏှ ဈေးနှုန်းကျဆင်းမှုကြောင့် အရင် အပတ်ထက်စာရင် တစ်လီတာအပေါ် ဓာတ်ဆီ 92 Ron က ၄၅ မှ ၅၀ ကျပ်အထိ၊ 95 Ron က ၆၅ မှ ၇၀ ကျပ်အထိ၊ HSD (50 ppm) နဲ့ HSD (10 ppm)က ၃၅ မှ ၄၀ ကျပ်အထိ   ကျဆင်းခဲ့ပါတယ်။ HSD(500 ppm) ကသာ တစ်လီတာကို ၅ ကျပ်မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။နိုင်ငံတွင်းကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်း မှုပိုမိုမှန်ကန်မြန်ဆန်စေရေးနဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေး လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ တွင်းထွက်တူးဖော်ရေး လုပ်ငန်းတွေနဲ့ ရေလုပ်ငန်းတွေမှာ   အဓိကသုံးစွဲတဲ့ ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်းသက်သာစွာနဲ့ သုံးစွဲနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ပိုမိုအလေးထား ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်း တွေအနေနဲ့  အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ဓာတ်ဆီက စင်ကာပူ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒို နီးရှားနိုင်ငံတို့ထက် များစွာလျော့နည်း သက်သာနေပြီး ဒီဇယ်ဆိုရင်  စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံ တို့ထက် များစွာ လျော့နည်းသက်သာနေတာကို နှိုင်းယှဉ်တွေ့ရှိရမှာဖြစ်ပါတယ်။

မေး။ လက်ရှိအချိန်မှာ  စက်သုံးဆီကို အများပြည်သူတွေ   ဝယ်ယူသုံးစွဲနိုင်ဖို့ ဘယ်လိုဖြန့်ဖြူးနေတယ် ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။   ပြည်ပက တင်သွင်းရောက်ရှိလာတဲ့ စက်သုံးဆီတွေကို  သီလဝါဆိပ်ကမ်းက သက်ဆိုင်ရာ သိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီ အမျိုးအစားအလိုက် သိုလှောင်ပြီး မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း MPTA ရဲ့စီမံခန့်ခွဲမှုနဲ့ အများပြည်သူ သုံးစွဲနိုင်ဖို့  နိုင်ငံတစ်ဝန်းက အရောင်းဆိုင်တွေနဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရေလုပ်ငန်းတွေ အပါအဝင် အခြားလုပ်ငန်း ကဏ္ဍတွေအတွက် သုံးစွဲဖို့ စက်သုံးဆီတွေကို စနစ်တကျဖြန့်ဖြူးပေးပါတယ်။ စက်သုံး ဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဖြန့်ဖြူးရေး လုပ်ငန်းတွေ အပါအဝင် ရေကြောင်းက  စက်သုံးဆီ သယ်ယူပို့ဆောင်တာ၊  ဆီတင် ယာဉ်ဘောက်ဆာနဲ့ သယ်ယူပို့ဆောင်တာတွေကို   လုပ်ငန်းစဉ် တစ်လျှောက် အဆင်ပြေချောမွေ့စေဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့  ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။အထူးသဖြင့် စက်သုံးဆီအဓိကဖြန့်ဖြူး ပေးနေတဲ့ သီလဝါဆိပ်ကမ်းက သိုလှောင် ကန်စခန်း ၈ ခုမှာ တစ်နေ့ကို ဘောက်ဆာ အစီးရေ ၁၅၀၀ ကနေ ၁၈၀၀ ကြား ဝင်ထွက်ပြီး   လုပ်ငန်းတွေဆောင်ရွက်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ ဌာနတွေနဲ့ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်တာ၊ သိုလှောင်ကန်ကနေ ဘောက်ဆာကို ဆီဖြည့်တင်းတဲ့ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့မြန်ဆန်စွာ လုပ်ငန်းပြီးမြောက်နိုင် ဖို့နဲ့ လောင်စာဆီဖြည့်တင်းတာဖြစ်တဲ့ အတွက်  မီးဘေးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့အညီ  ဆောင်ရွက်ပေးနိုင်ဖို့  စက်သုံးဆီဖြည့်တင်းရေး ဝန်ထမ်းတွေကို နှိုးဆော်ကြပ်မတ်တာ၊ စနစ်တကျ ကြီးကြပ်တာတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မေး။   ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု မရှိစေဖို့ ဝယ်ယူတင်သွင်းနေတဲ့ အခြေအနေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ ပြည်တွင်းသုံးစွဲမှုပမာဏရဲ့  ၉၀ ရာခိုင်နှုန်းကျော်က အဓိကစင်ကာပူနိုင်ငံ ကနေ အချိန်နဲ့တစ်ပြေးညီ ဝယ်ယူတင်သွင်း သိုလှောင်ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ  တစ်လပျမ်းမျှ မက်ထရစ်တန် ၅ ဒသမ ၀ သန်းဝန်းကျင် တင်သွင်းဖြန့်ဖြူးပေးနေပါတယ်။ လစဉ် ပြည်တွင်းမှာ ဖူလုံစွာ သုံးစွဲနိုင်ဖို့လိုအပ်တဲ့ စက်သုံးဆီ အမျိုးအစားအလိုက် ပမာဏကို တွက်ချက်ပြီး အဲဒီပမာဏအတိုင်း သင်္ဘော တွေကို ခန့်မှန်းရောက်ရှိလာမယ့်အချိန်၊ ဆိုက်ကပ်ရမယ့် Jetty တွေရဲ့ အခြေအနေ၊ Terminal တွေရဲ့ သိုလှောင်နိုင်မှုပမာဏ၊ ဘောက်ဆာတွေ   ဝင်/ထွက်ထုတ်ယူ ဖြန့်ဖြူးပေးနိုင်မှု အခြေအနေတို့နဲ့ ကိုက်ညှိပြီး ပြည်ပနိုင်ငံက ဆီတင်ယာဉ်သင်္ဘောတွေအတွက် Shipment Plan ကို ရေးဆွဲတင်သွင်းနေတာဖြစ်ပါတယ်။  ဒါ့အပြင် ရာသီအလိုက်၊    ပွဲတော်တွေအလိုက်၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေအလိုက်  လိုအပ်ချက်တွေကိုလည်း ထည့်သွင်းသုံးသပ် ရေးဆွဲပြီး  တင်သွင်းနေတာဖြစ်ပါတယ်။

မေး။ တစ်နိုင်ငံလုံး သုံးစွဲမှု အခြေအနေအရ စက်သုံးဆီ ဖူလုံမှုရှိအောင် ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာကို  သိရှိလိုပါ တယ်။

ဖြေ။ ဒီဇင်ဘာလ ၈ ရက်အထိ သီလဝါ သိုလှောင်ကန်စခန်းတွေ၊ အခြားဒေသက သိုလှောင်ကန် စခန်းတွေမှာ စက်သုံးဆီလက်ကျန် အခြေအနေနဲ့ ပြည်တွင်းလမ်းခရီး သယ်ယူပို့ဆောင်နေမှုတွေ အပါအဝင် သီလဝါဒေသ  Jetty တွေမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘော ၆ စင်း၊ ပင်လယ်၀ Pilot Station မှာ ဆိုက်ကပ်ထားတဲ့ ဆီတင် သင်္ဘော ၉ စင်း၊ စင်ကာပူကနေ ဆီတင်ပြီး ထွက်လာတဲ့ ဆီတင်သင်္ဘော ၁ စင်း စုစုပေါင်း ၁၆ စင်းရှိတာကြောင့် ပြည်တွင်း သုံးစွဲမှုပမာဏအရ  အများပြည်သူတွေ အနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပူပန်စရာ မလိုကြောင်း သတင်းစကားပါး လိုပါတယ်။ ဒါ့အပြင် နောက်ထပ်ဒီဇင်ဘာလ အတွင်းမှာပဲ ပြည်ပက ဆီတင်သင်္ဘော ၂၇ စင်းနဲ့ထပ်မံတင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက် ထားရှိပြီးလည်း ဖြစ်ပါတယ်။

မေး။  လတ်တလော စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး   ပြည်သူလူထုက  စိုးရိမ်ပူပန်မှု မြင့်တက်နေတဲ့အပေါ် ကော်မတီအနေနဲ့ ဘယ်လိုသတင်းစကား ပါးလိုပါသလဲ။

ဖြေ။  စက်သုံးဆီသိုလှောင်ကန် စခန်းတွေမှာရှိတဲ့ စက်သုံးဆီတွေကို ဆီသယ်ယာဉ် ဘောက်ဆာတွေနဲ့ နေ့စဉ်ဖြန့်ဖြူးပေးနေတဲ့အတွက် လတ်တလော ပျံ့နှံ့နေတဲ့စက်သုံးဆီ ပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလ သတင်းတွေက  မှန်ကန်မှုမရှိကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ လက်ရှိမှာ ပြည်ပက မှာယူထားတဲ့ ဆီတင် သင်္ဘောတွေအနေနဲ့ သီလဝါဆိပ်ကမ်းမှာ ၆ စင်း ဆိုက်ကပ်ထားပြီး   ဓာတ်ဆီတန်ချိန် ၂၄၃၁၉ ကျော်၊ ဒီဇယ်ဆီတန်ချိန် ၅၃၃၁၅ ကျော်ကို သက်ဆိုင်ရာ သိုလှောင်ကန်တွေဆီကို  ချယူနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ဝမှာ အသင့်ရောက်ရှိနေတဲ့ ဓာတ်ဆီတန်ချိန် ၆၇၇၃၇ ကျော်၊ ဒီဇယ် ဆီ ၆၅၃၅၉ ကျော် သယ်ဆောင်လာတဲ့ သင်္ဘော ၉ စင်းလည်း သီလဝါဆိပ်ကမ်းကို  ဆိုက်ကပ်နိုင်ဖို့ အသင့်စောင့်ဆိုင်းလျက် ရှိပါတယ်။ ပြည်ပမှာလည်း မြန်မာနိုင်ငံအတွက် ဝယ်ယူထားပြီးဖြစ်တဲ့ စက်သုံးဆီတွေကို ဆီတင်သင်္ဘောတွေပေါ် တင်ဆောင်ဖြည့်တင်းလျက်ရှိတဲ့အပြင်   ဆီဖြည့်တင်းပြီး လာရောက်ဆဲ ဆီတင်သင်္ဘောတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံအတွက် စက်သုံးဆီ ဝယ်ယူထားပြီး ဆီတင်သင်္ဘောတွေပေါ် တင်ဆောင်တာ၊ လမ်းခရီးသယ်ယူတာ၊ မြန်မာနိုင်ငံ ပင်လယ်ဝမှာ အသင့်စောင့် ဆိုင်းတာနဲ့ ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ချယူတဲ့ လုပ်ငန်းစဉ်တွေ  စဉ်ဆက်မပြတ် ရှိနေတယ်ဆိုတာကိုလည်း  အသိပေးလိုပါတယ်။ဒါကြောင့်  အများပြည်သူအနေနဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလ သတင်းတွေအပေါ် မယုံကြည်ကြဖို့နဲ့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ မိမိလိုအပ် သလောက်သာ  ၀ယ်ယူဖြည့်တင်းကြဖို့ အသိပေးလိုပါတယ်။ 

ဒါမှသာ  အခုလို အရောင်းဆိုင်တွေမှာ ကားတွေတန်းစီပြီး ဝယ်ယူရတဲ့အတွက် ကုန်ဆုံးရတဲ့အချိန်တွေ သက်သာမှာဖြစ်ပါတယ်။ အများပြည်သူကို အထူးအသိပေးလိုတာက ၂၀၁၇ ခုနှစ် ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေပုဒ်မ   ၃၀ အရ  “မည်သူမျှ ဤဥပဒေအရ လိုင်စင်ရယူရန် လိုအပ်သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာ လိုင်စင်ရယူခြင်း မရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ”ဟု ပြဋ္ဌာန်းထားတဲ့အတွက် စက်သုံးဆီတွေကို   လိုင်စင်မဲ့ သယ်ယူပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေ စစ်ဆေးတွေ့ရှိရရင် အနည်းဆုံး ဒဏ်ငွေကျပ် ၃ သိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊  တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ   ပြစ်ဒဏ်အပြင် အပြစ်ဒဏ်နှစ်ရပ်လုံး  စီရင်ခြင်းခံရမယ့်အပြင်  ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်သောပစ္စည်းများကို    ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီဆိုင်တွေမှာ ဆီတွေတိုးဝယ်ပြီး အပြင်မှာလိုင်စင်မဲ့ရောင်းချတာ၊ နေအိမ်၊ ခြံဝင်းတွေ၊    ဘယ်နေရာမဆို လိုင်စင်မဲ့ ရောင်းချတာတွေကို စစ်ဆေးကြပ်မတ်ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောင်စာဆီတွေကို အများပြည်သူကြားမှာ လိုင်စင်မဲ့ရောင်းချတာက မီးဘေးအန္တရာယ် အထူးစိုးရိမ်ရတာကြောင့် အများပြည်သူအနေနဲ့ သက်ဆိုင်ရာဌာနတွေသို့ သတင်းပေးတိုင်ကြားဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

အခုရက်ပိုင်းအတွင်းမှာ စက်သုံးဆီတွေကို ပုံမှန်ထက် ပိုမိုဖြန့်ဖြူးပေးခဲ့ပါတယ်။ Supply Chain တစ်ခုလုံးမှာ ကျွန်တော်တို့နိုင်ငံအတွက် ဝယ်ယူထားတဲ့ စက်သုံးဆီတွေ စဉ်ဆက်မပြတ်ရှိနေပါတယ်။ ဒါကြောင့် အခုလို စက်သုံးဆီ ပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေမရှိစေဖို့ ကျွန်တော်တို့ ကော်မတီက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးတဲ့ လုပ်ငန်းတွေ လက်တွေ့ဆောင်ရွက်နေတဲ့ အခြေအနေမှန်ကို အများပြည်သူသိရှိအောင် ရှင်းလင်းပြောကြားခွင့်ရတဲ့ အတွက် ကျေးဇူး တင်ပါတယ်လို့ ပြောကြားလိုပါတယ်။