အင်ဂျင်နီယာစွမ်းပကား နည်းပညာတက္ကသိုလ် ကျောင်းသားများ၏ စကားသံများ

 

အင်ဂျင်နီယာစွမ်းပကား နည်းပညာတက္ကသိုလ် ကျောင်းသားများ၏ စကားသံများ

ဗိုလ်မှူးချုပ်သောင်းနိုင်

(စာပေညွှန်ကြားရေးမှူး)

အင်ဂျင်နီယာစွမ်းအားရှင်တွေ ဖြစ်လာဖို့အတွက် အဆင့်မြင့်နည်းပညာရပ်တွေကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်ရေးအတွက် အစဉ်တစိုက်လေ့လာဆည်းပူး

လိုသော   အလေ့အထများရရှိစေဖို့၊ တိုးတက်ပြောင်းလဲနေတဲ့  ခေတ်နဲ့အညီ အဆင့်ဆင့်သော အင်ဂျင်နီယာ ပညာရပ်တွေကို ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည်အထိ   လေ့လာနိုင်စွမ်းရှိစေဖို့၊ အမျိုးသား နိုင်ငံရေးအမြင်၊ အမျိုးသားရေး ခံယူချက်/ယုံကြည်ချက်များရှိပြီး ခေတ်မီဆန်းသစ်တဲ့ အင်ဂျင်နီယာ ပညာရပ်တွေကို မိမိတို့တပ်မတော်မှာ အသုံးချနိုင်ရေးအတွက် အစဉ်တစိုက်လေ့လာဆည်းပူးနိုင်သော အခြေခံကောင်းများရရှိစေဖို့နဲ့ တီထွင်မှုများ  ပြုလုပ်နိုင်စေဖို့အထိ  ရည်မှန်းပြီး သင်ကြားလေ့ကျင့်ပေးလျက် ရှိပါတယ်။ ဗိုလ်လောင်း  သင်တန်းအမှတ်စဉ်(၂၅)ကနေ  ကျောင်းဆင်းအရာရှိ ၁၂၀ ဦးမွေး ထုတ်ပေးနိုင်ခဲ့ပါတယ်။ မိမိတို့တက္ကသိုလ်မှ သင်တန်းသား ၁၁၈ ဦးကို သက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့ (၇)မျိုး အပ်နှင်းပေးမှာဖြစ်ပြီး ကျန် ၂ ဦးကတော့ အိန္ဒိယသမ္မတနိုင်ငံမှာ သင်တန်းတက်ရောက်လျက်ရှိဆဲ ဖြစ်တာကြောင့် သက်ဆိုင်ရာတက္ကသိုလ်ကနေ ဘွဲ့များအပ်နှင်းသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာတက္ကသိုလ်များသို့ ဗိုလ်လောင်းများ ပညာတော်သင်စေလွှတ်မှုများအနေနဲ့ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၅)မှ သင်တန်းသား ၃၀ ဦးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့   ပညာတော်သင်စေလွှတ်ခဲ့ပြီး သက်ဆိုင်ရာဘွဲ့များ ရရှိခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိပညာတော်သင်စေလွှတ်ထားရှိမှု အနေနဲ့ကတော့   အိန္ဒိယသမ္မတနိုင်ငံမှာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅)မှ  ဗိုလ်လောင်း ၂ ဦး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၈)မှ  ဗိုလ်လောင်း ၂ ဦး၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၉)မှ ဗိုလ်လောင်း ၂ ဦး စုစုပေါင်း ဗိုလ်လောင်း ၆ ဦးတို့ဟာ နိုင်ငံတကာတက္ကသိုလ်များမှာ ပညာသင်ကြား လျက်ရှိပါတယ်။ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဆင်းအရာရှိများအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍမျိုးစုံမှာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိ သရွေ့စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေကြတာကို မြင်တွေ့ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ ကမ္ဘာပေါ်မှာ ထုထည်အကြီးမားဆုံးနဲ့  ဉာဏ်တော်အမြင့်ဆုံး   စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်မှာ တည်ထားကိုးကွယ်ခဲ့ရာမှာ တပ်မတော်သားအင်ဂျင်နီယာပညာရှင်တွေအနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိရမှာ ဖြစ်တယ်။ ဆက်လက်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြရာမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စည်းကမ်းများကို အင်ဂျင်နီယာပညာကျင့်ဝတ် (Engineering Ethics) နဲ့အညီ  လိုက်နာစောင့်ထိန်းကြဖို့   အလေးအနက်ထား မှာကြားလိုပါတယ်။

ဗိုလ်မှူးကြီးသက်နိုင်ဦး 

(နည်းပြအရာရှိချုပ်)

တပ်မတော်နည်းပညာတက္ကသိုလ်ကနေ သင်တန်းကာလ ၆ နှစ်အတွင်း ဗိုလ်လောင်းတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့  စစ်တိုက်နိုင်သော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်၊ အရည်အချင်းရှိသော  အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်၊ စည်းကမ်းကောင်းသော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည် ဆိုတဲ့ လမ်းညွှန်ချက်နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော အရည်အချင်းနဲ့ပြည့်စုံသည့် အင်ဂျင်နီယာ  ဘွဲ့ကြိုဗိုလ်လောင်းများ ဖြစ်စေရေးကိုဦးတည်ပြီး ကျောင်းဆင်းတဲ့အချိန်မှာ တပ်မတော်အတွက် အားထားရတဲ့ အင်ဂျင်နီယာအရာရှိကောင်းတွေဖြစ်လာစေဖို့  စာတွေ့၊  လက်တွေ့သင်ကြားလေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လောင်းတွေကို စစ်ပညာပိုင်းမှာ အရည်အချင်း ပြည့်ဝတဲ့အရာရှိတွေ ဖြစ်လာဖို့အတွက် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ စစ်ရေးပြ၊ လက်နက်ငယ်၊ စစ်နည်းဗျူဟာ၊ အထူးစစ်နည်းဗျူဟာ ဘာသာရပ်တွေ ပို့ချလေ့ကျင့်ပေးရာမှာ သင်တန်းနှစ်အလိုက် စစ်ပညာအဖွဲ့တွေဖွဲ့စည်းပြီးတော့ ကျောင်းဆင်းတဲ့အချိန်မှာ တပ်စုမှူးအဆင့်ထိစစ်ပညာရပ်တွေကို  ကျွမ်းကျင်တတ်မြောက်အောင်  လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ ဗိုလ်လောင်းတွေကျောင်းဆင်းပြီး တပ်ရင်း/တပ်ဖွဲ့  အသီးသီးရောက်ရှိတာဝန်ထမ်းဆောင်ချိန်မှာ ကျန်းမာကြံ့ခိုင်ပြီး  မိမိကိုယ်မိမိယုံကြည်မှုရှိဖို့အတွက် နံနက်၊ ညနေ ကြံ့ခိုင်ရေးသင်ခန်းစာတွေအပြင် ယုံကြည်မှုလေ့ကျင့်ခန်း၊ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့အတွက်  ဗိုလ်လောင်းတပ်ရင်းတွေမှာရှိတဲ့ GYM ခန်းတွေမှာ GYM ကစားစေခြင်း၊ စစ်မြေပြင်မှာ အရေးကြုံလာပါက လက်တွေ့အသုံးချနိုင်မယ့်   မြန်မာ့သိုင်းသင်ခန်းစာ၊ ရေကူးသင်ခန်းစာ တွေကိုပါ စနစ်တကျ သင်ရိုးဇယားများရေးဆွဲပြီးတော့ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

ဗိုလ်လောင်းတွေ  အခြေခံစိတ်ဓာတ်ကောင်းမွန်စေဖို့နဲ့  အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေဖို့ အတွက်လည်း သင်တန်းနှစ်အလိုက်   အောင်စစ်သည် အားကစားပြိုင်ပွဲတွေအပြင် သေနတ်ပစ်၊ မောပန်းပြိုင်ပွဲ၊   အတားအဆီးများ ဖြတ်ကျော်ပြေးရတဲ့ ချေမှုန်းရေးပြိုင်ပွဲတွေ   ကျင်းပပြုလုပ်ပြီးတော့   အဖွဲ့အစည်း စိတ်ဓာတ်ရှိလာအောင်လေ့ကျင့် သင်ကြားပေးလျက်ရှိပါတယ်။ ဗိုလ်လောင်းမှန်လျှင် စိတ်ဓာတ်၊  စည်းကမ်းကောင်းမွန်ရမည်ဆိုတဲ့    ဆောင်ပုဒ်နဲ့အညီ ဗိုလ်လောင်းတွေစိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန် စေဖို့အတွက် ဝတ်စားဆင်ယင်မှုစည်းကမ်း၊   အိပ်ဆောင်စည်းကမ်း၊ သွားလာမှုစည်းကမ်း၊   စားရိပ်သာစည်းကမ်း၊ စာပေ/စစ်ပညာ သင်တန်းချိန်တွင် လိုက်နာရမည့်စည်းကမ်း၊ ညစာကြည့်ချိန် စည်းကမ်း စတဲ့စည်းကမ်းချက်တွေချမှတ်ပြီး တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးအရာရှိတွေကို အနီးကပ်ကြီးကြပ် ဆောင်ရွက် စေလျက်ရှိပါတယ်။  တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) အင်ဂျင်နီယာစွမ်းအားရှင်တွေကို  စစ်ရေးပြကွင်းကြီးအတွင်းမှာ တွေ့မြင်လိုက်ရတဲ့အခါမှာ တပ်မတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အင်အားတောင့်တင်းပြီး ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်စေရေးအတွက်    နည်းပညာ အခန်းကဏ္ဍနဲ့ အင်ဂျင်နီယာအခန်းကဏ္ဍတွေမှာ အားသစ်လောင်းတော့မှာဖြစ်တာကြောင့် နည်းပြအရာရှိချုပ် တစ်ဦးအနေဖြင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပီတိဖြစ်မိကြောင်း ပြောကြားလိုပါတယ် ။

ဗိုလ်လောင်းကောင်းခန့်ဇော်

အောင်စစ်သည်ဆု

ဒီဆုကို ရရှိအောင် ကျွန်တော်သင်တန်းကာလ ၆ နှစ်အတွင်းမှာ  စာပေပညာ၊ စစ်ပညာနဲ့ စိတ်ဓာတ်၊ စည်းကမ်းဆိုင်ရာများကို အခြားသူများထက် ပိုမိုကြိုးစားဆောင်ရွက်ခဲ့သလို စာမေးပွဲများနဲ့ လက်တွေ့လေ့ကျင့်ခန်း များတွင်လည်း အတတ်နိုင်ဆုံးရာနှုန်းပြည့် အောင်မြင်အောင်  ဖြေဆို ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော် ဒီတပ်မတော်နည်းပညာတက္ကသိုလ်ကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ တက္ကသိုလ်ကနေ  သင်ကြားပေးတဲ့ အင်ဂျင်နီယာဘာသာရပ်တွေကိုအသုံးချပြီး   မြန်မာ့တပ်မတော်ကို  တစ်ဖက်တစ်လမ်းကနေ အကျိုးပြုချင်လို့ဖြစ်ပါတယ်။ အင်ဂျင်နီယာဘာသာရပ် အားလုံးကို နှစ်သက်ပါတယ်။ အနှစ်သက်ဆုံးဘာသာရပ်ကတော့ ဆောက်လုပ်ရေးဘာသာရပ်ဖြစ်ပါတယ်။ အောင်စစ်သည်ဆုကိုရရှိခဲ့တဲ့အတွက်   အလွန်ပဲဝမ်းသာဂုဏ်ယူမိပါတယ်။ သင်တန်းကာလ ၆ နှစ်လုံးလုံး ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်နဲ့ ထိုက်တန်တဲ့ ဆုတစ်ဆုကိုရလိုက်သလို ခံစားရပါတယ်။

ဒါ့ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ်ပီတိဖြစ်မိပါတယ်။ ကျွန်တော်အရာရှိဖြစ်တဲ့အချိန်မှာလည်း ဗိုလ်လောင်း ဘဝထက်ပိုမိုပြီး နိုင်ငံတော်နဲ့တပ်မတော်အတွက် ပိုမိုကြိုးစားအားထုတ်သွားပါမယ်။   နိုင်ငံတော်နဲ့ တပ်မတော်အတွက်   အကျိုးပြုနိုင်တဲ့  အားထားရတဲ့ တပ်မတော်သားတစ်ဦးဖြစ်အောင် နေထိုင်ကျင့်ကြံ သွားပါမယ်လို့ ပြောချင်ပါတယ်။       

ဗိုလ်လောင်းဘုန်းမြင့်ကျော်

လေ့ကျင့်ရေးထူးချွန်ဆု

လေ့ကျင့်ရေးမှာ  ထူးချွန်ဖို့အတွက် အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်နဲ့ ကြိုးစားခဲ့ရပါတယ်။ အောင်မြင်မှုရဖို့ဆိုတာ လွယ်လွယ်နဲ့တော့မဖြစ်နိုင်ပါဘူး။ ရဲဝံ့ပြတ်သားမှု၊ အနစ်နာခံမှုတွေ၊ ကြိုးစားအားထုတ်မှုရှိမှသာ အောင်မြင်မှုရရှိမှာပါ။ သင်တန်း ၆ နှစ်တာကာလအတွင်း စစ်ပညာပိုင်းမှာ မဆုတ်မနစ်သော ဇွဲနဲ့ကြိုးစားအားထုတ်ခဲ့သလို  စိတ်ဓာတ်စည်းကမ်းနဲ့ ပတ်သက်လာရင်လည်း သတ်မှတ်ထားတဲ့ ဗိုလ်လောင်းလုပ်ထုံးလုပ်နည်း စည်းကမ်းများကို  တိတိကျကျလိုက်နာဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်တော့်အထူးပြု မေဂျာက  စက်မှုအင်ဂျင်နီယာဖြစ်တဲ့အတွက် စက်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ ကိစ္စများကို နိုင်ငံတော်နဲ့တပ်မတော်အတွက် ဖွံ့ဖြိုးတိုးတက်အောင် နည်းပညာတိုးတက်လာမှုနဲ့အညီ ပြည်ပနိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်အောင် အင်ဂျင်နီယာ အရာရှိကောင်းတစ်ယောက်အနေနဲ့ စွမ်းစွမ်းတမံ တာဝန်ယူ ထမ်းဆောင်သွားပါ့မယ်။ ညီငယ်ဗိုလ်လောင်းများကို မှာကြားချင်တာကတော့ကိုယ်လေ့လာတဲ့ အင်ဂျင်နီယာ ကဏ္ဍအလိုက် ဘာသာရပ်တွေကို စိတ်နှစ်ပြီး သင်ကြားလေ့လာပါ ။ စာတွေ့ပိုင်းသာမက လက်တွေ့ပိုင်းမှာရော အတွေ့အကြုံတွေကို   လိုက်နာမှတ်သားပါ။  

နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထားပြုရမယ့်၊  ဘက်စုံထူးချွန်မယ့် အင်ဂျင်နီယာ အရာရှိကောင်းများဖြစ်အောင် ကြိုးစားကြပါ။ အမိနိုင်ငံကို ပြည်ပတိုင်းပြည်များထက်သာအောင် မိမိတတ်စွမ်းသမျှကြိုးစားဆောင်ရွက်ကြပါလို့ မှာကြားချင်ပါတယ်။

ဗိုလ်လောင်းစိုင်းမင်းသန့်

စာပေထူးချွန်ဆု

ကျောင်းတော်ကြီးကနေ သင်ကြားပေးတဲ့  အင်ဂျင်နီယာဘာသာရပ်တွေကို သေချာလေ့လာမှတ်သားပြီး ထူးချွန်အောင်ကြိုးစားခဲ့ပါတယ်။ လေ့ကျင့်ရေးပိုင်းအနေနဲ့လည်း စစ်ပညာအပြင် ကျောင်းတော်ကြီးက ချမှတ်ထားတဲ့ ဗိုလ်လောင်းလုပ်ထုံးလုပ်နည်း စည်းကမ်းများအတိုင်းသေချာစွာ လိုက်နာဆောင်ရွက်ခဲ့ပါတယ်။  အခုလိုစာပေထူးချွန်ဆု    ယူနေတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ကျေးဇူးရှင်မိဘနှစ်ပါးကတော့ ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ စစ်တိုက်နိုင်သော အင်ဂျင်နီယာ အရာရှိများ ဖြစ်ရမည်။ စည်းကမ်းကောင်းသော အင်ဂျင်နီယာအရာရှိများဖြစ်ရမည်ဆိုတဲ့ လမ်းညွှန်ချက်အတိုင်း ကျင့်ကြံနေထိုင်ပြီး နိုင်ငံတော်နဲ့တပ်မတော်အတွက် ကျွန်တော်သင်ကြားလေ့လာထားတဲ့ စစ်ပညာနဲ့ အင်ဂျင်နီယာ ဘာသာရပ်များနဲ့ စွမ်းစွမ်းတမံဇွဲ ၊ လုံ့လ ၊  ဝီရိယအားစိုက်ထုတ်ပြီး ကြိုးစား ဆောင်ရွက် သွားပါ့မယ်။   ။

တွေ့ဆုံမေးမြန်း - ဇော်မျိုး(မြဝတီ)

ဓာတ်ပုံ - နိုင်ထွန်း