၁၂-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်-

တရုတ်နိုင်ငံအကူအညီဖြင့် MNDAA၊ TNLA၊ AA အဖွဲ့များနှင့် နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများကို အနောက်နိုင်ငံ ထောက်ပံ့ပေးထားသည့် မီဒီယာများမှ အဖျက်သဘောဆောင်သည့် ထုတ်လွှင့်နေမှုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NUG၊ PDF များမှ ၎င်းတို့ထံ ရောက်ရှိလာစေရေး ခြိမ်းခြောက် စည်းရုံးနေမှုများ၊ ၁၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာတွင် ဒေသခံပြည်သူများ၏ သားသမီးများအား ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် အဓိကထား ဆောင်ရွက်နေမှုတို့နှင့်  ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်-

နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ရက်

      မနေ့ကတော့ ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ MNDAA TNLA AA အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရဖြေရှင်းဆောင်ရွက်နိုင်ဖို့ တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ခဲ့တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံ အားပေးမီဒီယာများ အနောက်နိုင်ငံတွေကထောက်ပံ့ ပေးထားတဲ့ မီဒီယာများကနေပြီး ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်တဲ့ သဘောပေါ့။ မဖြစ်စေချင်တဲ့ သဘော။ ပြီးရင် ဒါနဲ့ပတ်သက်ပြီး မဟုတ်ဘူးဆိုတဲ့သဘောတွေ ထုတ်လွှင့်နေတာရှိပါတယ်။ ဒီတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြေရေးဆိုခွင့်ရှိသူအနေနဲ့လည်း ပြောပြီးဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်ထပ်ပြီးတော့ အသေးစိတ်ပြောစရာ မရှိပါဘူး။ ဒီနေရာမှာ ပြောချင်တာကတော့ အနောက်နိုင်ငံအားပေး မီဒီယာများ NUG အကြမ်းဖက်အဖွဲ့ရဲ့ ဒေါက်တိုင် မီဒီယာများအနေနဲ့ ကျွန်တော်တို့ တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားနေတာတော့ အမှန်ပဲဖြစ်ပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပြေလည်သွားမှာကို၊ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းသွားမှာကို မလိုလားဖြစ်နေတာတော့ အထင်းသားတွေ့နိုင်တယ် လို့ပြောချင်ပါတယ်။ အနောက်နိုင်ငံ အားပေးမီဒီယာများ၊ အနောက်နိုင်ငံရဲ့ ဒေါက်တိုင်မီဒီယာများကတော့ ဒီကိစ္စမှ မဟုတ်ပါဘူး။ သူတို့အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုမှ ငြိမ်းချမ်းစေချင်တာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မငြိမ်းချမ်းလေ သူတို့အတွက် ဝင်ငွေရရှိလေပဲဖြစ်ပါတယ်။ သူတို့ရပ်တည်နေတာသည် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေး မြန်မာနိုင်ငံမှာ သူတို့ကို ထောက်ပံ့ပေးနိုင်မယ့်၊ မြန်မာနိုင်ငံမှာ သူတို့လိုလားတဲ့ သူတို့ရဲ့ လက်ကိုင်တုတ်အစိုးရ ရရှိရေးအတွက် ရည်မှန်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာမဆို တိုက်ပွဲတွေ ရပ်တန့်သွားမှာ၊ ငြိမ်းချမ်းရေး ရရှိမှာ သူတို့ရဲ့ အစိုးရိမ်ဆုံးဖြစ်ပါတယ်။ ယခင်နှစ်တွေကလည်း ကျွန်တော်တို့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ ငြိမ်းချမ်းရေး အကျိုးဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေကြောင့် တိုက်ပွဲ ရပ်တန့်သွားတယ်။ တိုက်ပွဲရပ်တန့်သွားတဲ့အချိန်မှာလည်း ဒီလိုပဲ ဝေဖန်မှုတွေ ထွက်လာတာဖြစ်ပါတယ်။ ရပ်တန့်သွားတဲ့တိုက်ပွဲကို မဖြစ် ဖြစ်အောင်လှုံဆော်မှုတွေ၊ သွေးထိုးမှုတွေလုပ်ဆောင်တာဖြစ်ပါတယ်။ အခုလည်းဒီလိုပဲ လုပ်ဆောင်တာဖြစ်ပါတယ်။ သူတို့ရဲ့ စိုးရိမ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာမဆို တိုက်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းသွားမှာတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းလာမှာတွေကို မလိုလားဆုံး ဖြစ်ပါတယ်။ ဒီအတွက်လည်း ဆက်လက်ပြီး လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ တိုင်းရင်းသား ပြည်သူလူထုအနေနဲ့၊ အိမ်နီးချင်းနိုင်ငံများအနေနဲ့ သတိကြီးစွာ ထားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ခုက ဒီရက်ပိုင်းတွေအတွင်းမှာ လုပ်ဆောင်နေတဲ့ဟာတွေရှိပါတယ်။ အဓိက ကတော့ နိုင်ငံ့ဝန်ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သူတို့ဘက်ကို ရောက်ရှိလာနိုင်ရေး အသည်းအသန်စည်းရုံးနေတာတွေ၊ အသည်းအသန် ခြိမ်းခြောက်နေတာတွေ ကျွန်တော်တို့တွေ့ရပါတယ်။ သူတို့က တရားမျှတတယ်ပြောရင် ပြည်သူက ထောက်ခံတယ်လို့ ပြောရင် ဒါတွေကို အသည်းအသန် အကြောက်အကန် လုပ်ဆောင်နေဖို့ လိုနိုင်မလားဆိုတဲ့ စဉ်းစားတွေးခေါ်မှုမျိုး ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထု အားလုံးမှာ သိရှိဖို့လိုပါတယ်။ NUG အကြမ်းဖက်အဖွဲ့ PDF အကြမ်းဖက်အဖွဲ့အနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ မဲလိမ်မဲခိုးမှုကြောင့် တပ်မတော်အနေနဲ့ တာဝန်ယူခဲ့ရတယ်။ ဒီတာဝန်မယူခင်မှာလည်း ညှိနှိုင်းမှုအမျိုးမျိုးလုပ်ခဲ့တယ်။ တာဝန်ယူပြီး နောက်ပိုင်းမှာလည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းဖို့ ပြောခဲ့ လုပ်ခဲ့ပါတယ်။ သို့သော် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို သူတို့ရွေးချယ်ပြီး ပြည်သူ့ရဲ့ လူမှုစီးပွားဘဝကို ဖျက်စီးနေတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အထိ NUG PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ရဟန်းသံဃာ ၉၂ ပါးကို သတ်ဖြတ်ခဲ့ပါတယ်။ ပညာရေးဝန်ထမ်း ၈၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ သူတို့ဖျက်ဆီး၊ မီးရှို့၊ မိုင်းထောင်ခဲ့တဲ့ဆေးရုံ၊ ဆေးခန်းပေါင်း ၅၅ ခုရှိပါတယ်။ စာသင်ကျောင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၇၇၃ ခုရှိခဲ့ပါတယ်။ အများပြည်သူလူထု အသုံးပြုနေတဲ့ ဆက်သွယ်ရေးတာဝါတိုင် ၆၀၀ကျော် ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုလူမျိုးတွေဟာ ဒီလိုအဖျက်လုပ်ငန်းတွေလုပ် နေတဲ့သူတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားတွေပြောနေတဲ့ ဖက်ဒရယ်အရေး ဆိုတာတွေကို လုပ်ဆောင်မယ့်သူတွေလား အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ပြီး သူတို့အာဏာရရှိရေး လုပ်ဆောင်မယ့်လူတွေလားဆိုတာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်နိုင်ပါတယ်။ ခွဲခွဲခြားခြား ကွဲကွဲပြားပြားသိမြင်ပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ပြည်သူလူထုတစ်ရပ်လုံး ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရေးကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ပြောကြားလိုပါတယ်။

      ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်စဉ်များအနေနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာတော့ နမ့်ဆန်ဒေသမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့ ထီးချိုင့် အရှေ့ဘက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့မှုရှိပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်မှာ ယာယီတိုက်ပွဲရှောင် ပြည်သူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ သိန္နီဘက်နဲ့ လားရှိုးနယ်တစ်ဝိုက်က တိုက်ပွဲရှောင်များနဲ့ စကားပြောဆိုခဲ့ပါတယ်။ သူတို့အနေနဲ့က ယာယီ တိုက်ပွဲရှောင်တွေဖြစ်တဲ့အတွက် စားဝတ်နေရေး၊ နေထိုင်ရေး အကျပ်အတည်း တချို့ရှိပါတယ်။ ဒါတွေကိုလူမှု အဖွဲ့အစည်းတွေ အားလုံးက ကူညီဖြေရှင်းပေးနေကြတယ်။ သို့သော် သူတို့ ပိုပြီးတော့ ပူတာက သူတို့ရဲ့သားသမီးတွေ၊ ကလေးတွေ ကျောင်းမတက်ရတာကို ပိုပြီးပူတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ မြင်လိုက်တာကတော့ ဒီဒေသသည် တိုင်းပြည်ရဲ့ သားသမီးတွေရဲ့ ပညာရေး သူတို့ရဲ့ အနာဂတ်အတွက်ကိုလည်း ပိုပြီးအလေးထားတဲ့ နေရာဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယာယီတိုက်ပွဲရှောင် မိသားစုတွေ ကလေးသူငယ်တွေ ပညာသင်ကြားရေးအတွက်လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်းမာရေး အတွက်လည်း အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်။ တည်ငြိမ်အေးချမ်းရေး၊ မငြိမ်သက်တဲ့ နေရာတွေမှာ ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အစိုးရအနေနဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

      အားလုံးကိုကျေးဇူးတင်ပါတယ်။