စည်းလုံးညီညွတ်မှုရှိမှသာ အရာရာကို အောင်မြင်မည်

လူ့အသိုင်းအဝိုင်းတစ်ခုတွင် လူသားတို့သည် မိမိတို့ကိုယ်စီတတ်ကျွမ်းရာ ပညာရပ်များဖြင့် အသက်မွေးပြုရင်း ဘဝတစ်ခုကို ရပ်တည်နေကြရသည်။ ရောင်းသူရှိ၍ ဝယ်သူရှိကြသည်။ ဝယ်သူရှိ၍ ရောင်းသူများ ရှိနေကြသည်။ တစ်ဦးနှင့်တစ်ဦး အညမည အပြန်အလှန် အကျိုးပြုလျက်ရှိကြသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံတွင် လူသားတို့သည် မိမိတို့တတ်စွမ်းရာပညာရပ်ဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်နေကြရသည်။ ကလေးများကို စာပေသင်ကြားရန် ကျောင်းဆရာရှိရမည်။ မကျန်းမာသူများကို ကုသရန် ဆရာဝန်ရှိရမည်။ ထို့အတူ နိုင်ငံတော်လုံခြုံရေးအတွက် တပ်မတော်သားတို့ ရှိကြရမည်။ မိမိတို့တတ်စွမ်းရာ ကာယ၊ ဉာဏအားဖြင့် နိုင်ငံတော်တည်ဆောက်နေခြင်း ဖြစ်သည်။

ထိုသို့တည်ဆောက်လျက်ရှိရာတွင် တစ်ဦးအပေါ်တစ်ဦး အပြစ်မြင်နေခြင်းမျိုး၊ တစ်ဖွဲ့အပေါ်တစ်ဖွဲ့က အထင်အမြင်သေးခြင်းမျိုး မရှိသင့်ပေ။ အားလုံးသည် ကိုယ်စီစွမ်းအားရှိနေသူများသာ ဖြစ်ကြသည်။ ရှေးသရောအခါက တောအုပ်တစ်ခုတွင် ဆင်နှင့်မျောက်တို့ နေထိုင်ကြသည်။ ဆင်ကလည်း ခွန်အားကြီးမားသူဖြစ်၍ သူ့ကိုယ်သူ သူသာအသုံးကျသည်ဟု အထင်ရှိသည်။ မျောက်ကလည်း ပေါ့ပါးလျင်မြန်စွာ သွားလာနိုင်သူဖြစ်ပြီး မည်သည့်သစ်ပင်မျိုးမဆို အလွယ်တကူ လျင်မြန်စွာ တက်နိုင်သည်။ သူကလည်း ခွန်အားကြီးသူထက် သူကပို၍အသုံးဝင်သည်ဟု အထင်ရှိသည်။ ဆင်နှင့်မျောက်တို့ အငြင်းပွားခြင်းကို ဖြေရှင်းရန် ပညာရှိဇီးကွက်ထံ သွားရောက်ကြသည်။

ဇီးကွက်ထံရောက်သောအခါ  အငြင်းပွားပုံကို ပြောပြပြီးနောက် အသင်ပညာရှိဇီးကွက် ကျွန်ုပ်တို့နှစ်ဦးအနက် မည်သူကပို၍ အသုံးကျသည်ကို ဆုံးဖြတ်ပေးပါဟုပြောဆိုသည်။ ဇီးကွက်က သူနေသည့်သစ်ပင်နှင့် မနီးမဝေးတွင်ရှိသော ချောင်းကိုညွှန်ပြ၍ အဆွေတို့နှစ်ဦးစလုံး ထိုချောင်းကိုဖြတ်ကူးပါ။ ချောင်းတစ်ဖက်ကမ်းတွင် သစ်ပင်ကြီးတစ်ပင်ကို တွေ့ပါလိမ့်မည်။ ထိုသစ်ပင်မှအသီးကို ခူးယူခဲ့ပါဟုဆိုလေသည်။ ဆင်ကြီးက ထိုသစ်ပင်နှင့် ကျွန်ုပ်တို့ပြဿနာ မည်သို့သက်ဆိုင်ပါသနည်းဟုမေးသည်။ ဇီးကွက်က သက်ဆိုင်ပါသည်။

ကျွန်ုပ်စေခိုင်းသည့်အတိုင်းသာ ဆောင်ရွက်ပါဟုပြန်ပြောသည်။

ထို့နောက် ဆင်နှင့်မျောက်တို့သည် ဇီးကွက်ညွှန်ပြသောချောင်းသို့သွားကြသည်။ မျောက်သည် ချောင်းကိုတစ်ခါမျှ မကူးဖူးသည့်အပြင် ချောင်းရေ၏ အတိမ်အနက်ကိုလည်းမသိသောကြောင့် ချောင်းကိုမကူးရဲဘဲ ရှိနေလေသည်။  ဆင်ကြီးက  ကျွန်ုပ်၏ခန္ဓာကိုယ်နှင့် ခွန်အားကို  သင်သိရတော့မည်။   ဤချောင်းကို သင်မကူးဝံ့လျှင် ကျွန်ုပ်၏ကျောကုန်းပေါ်သို့ တက်ပါဟုဆိုပြီးလျှင် မျောက်ကိုသယ်ဆောင်ကာ တစ်ဖက်ကမ်းသို့ ကူးလေသည်။ တစ်ဖက်ကမ်းရှိသစ်ပင်ကြီးမှာ လုံးပတ်လည်းကြီးသည်၊ မြင့်လည်းမြင့်သည်။ အသီးများကလည်း ထိပ်ဖျားပိုင်းတွင်သာ ရှိနေသည်။ ထို့ကြောင့် ဆင်ကြီးအနေဖြင့် အသီးကိုလှမ်းဆွတ်ရန်မှာ မလွယ်ကူလှချေ။

သစ်ပင်ကြီးကိုလှဲရန်လည်း မဖြစ်နိုင်၊ သစ်ပင်ပေါ်သို့တက်ရန်လည်း မဖြစ်နိုင်သောကြောင့် ငေးငိုင်၍နေရရှာသည်။ မျောက်က လွယ်လင့်တကူ တက်ရောက်ယူလိုက်ပြီး နှစ်ဦးသား ဇီးကွက်ထံပြန်လာခဲ့ကြသည်။

ဇီးကွက်ထံရောက်သောအခါ ဆင်နှင့်မျောက်တို့က  အသင်ပညာရှိ  အသင်အလိုရှိသော သစ်သီးကို ယူခဲ့ပါပြီ။ ကျွန်ုပ်တို့၏ ပြဿနာကို အဆုံးအဖြတ်ပေးပါလော့ဟု တောင်းဆိုကြသည်။ ဇီးကွက်က အသင်တို့ ပြဿနာအတွက် အသင်တို့ ကိုယ်တိုင်အဖြေရှာတွေ့ခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။ ဆင်နှင့်မျောက်တို့က အဘယ်သို့ရှာပြီးဖြစ်ပါသနည်းဟု မေးပြန်သည်။ ထိုအခါ ဇီးကွက်က ခွန်အားကြီးသောဆင်ကြီးမပါလျှင် အသင်မျောက်သည် ချောင်းကိုကူးနိုင်မည်မဟုတ်။ ပေါ့ပါး၍သစ်ပင်တက်ခြင်း၊ သစ်သီးခူးခြင်းတို့၌ ကျွမ်းကျင်သော မျောက်မပါလျှင် သစ်သီးကို အသင်ဆင်ကြီးသည် ခူးနိုင်မည်မဟုတ်ပါ။ သတ္တဝါတိုင်း၌ ကိုယ်ပိုင်အရည်အချင်း တစ်ခုစီရှိကြသည်။ သတ္တဝါတို့၏အရည်အချင်းများသည် သူ့နေရာနှင့်သူ အသုံးဝင်ပါသည်။ တစ်ဦး၌မရှိသော အရည်အချင်းကို ရှိသူကဖြည့်စွက်ကူညီလိုက်လျှင် အရာခပ်သိမ်းပြီး မြောက်အောင်မြင်နိုင်သည်ကို အသင်တို့လက်တွေ့သိမြင်ခံစားခဲ့ကြရပြီမဟုတ်ပါလော။ အငြင်းပွားနေမည့်အစား ညီညွတ်စွာပူးပေါင်းဆောင်ရွက်လျှင် အရာရာကို စွမ်းဆောင်အောင်မြင်နိုင်မည် မဟုတ်ပါလော ဟူ၍ ပြောဆိုပြလိုက်လေသည်။

အထက်ပါ အကြောင်းအရာသည် လူသားတို့အတွက် မရိုးနိုင်သောညွှန်းဆိုရာ ဖြစ်ပေသည်။ တစ်ဦးအပေါ်တစ်ဦးက အပြစ်မြင်နေခြင်း၊ တစ်ဦးကိုတစ်ဦးက ရှုတ်ချနေခြင်း၊ ငါမှငါသာ၊ ငါတို့အဖွဲ့အစည်းမှ ငါတို့ အဖွဲ့အစည်းသာ...ဆိုသောစိတ်ထားမျိုး ပယ်ဖျောက်သင့်ကြောင်း ပြသလိုရင်းဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသား လူမျိုးပေါင်းတစ်ရာကျော် နေထိုင်သော နိုင်ငံတွင် စည်းလုံးညီညွတ်မှုသည် လွန်စွာအရေးပါသည်။ စည်းလုံးညီညွတ်မှုရှိမှသာ အရာရာကို အောင်မြင်မည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။