ရန်ကုန်တက္ကသိုလ်ကြီးနှင့် မြန်မာစာပေအသီးအပွင့်များ

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့်အတွက် နှစ်တစ်ရာ သက်တမ်းသို့တိုင်ခဲ့ပြီ ဖြစ်သည်။ အခက်အခဲများစွာကြားက ကိုလိုနီခေတ်တွင် ဖွင့်လှစ်နိုင်ခဲ့သည့် မြန်မာ့ပထမဦးဆုံး တက္ကသိုလ်ကြီးဖြစ်ပြီး ဤတက္ကသိုလ်ကြီး ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ပညာရေး သာမက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည်ဖြင့် အဘက်ဘက်မှ မျက်စိ၊ နားများ ပွင့်လင်းခဲ့သည်ဟု ဆိုနိုင်သည်။

အထူးအားဖြင့် ရန်ကုန်တက္ကသိုလ် ရှေးဦးဆရာများနှင့် ကျောင်းတော်သားကြီးများ၏ အားထုတ်မှုကြောင့် ကာရန်နဘေ အချိတ်အဆက်များနှင့် ရေးသားလေ့ရှိသော ရှေးမြန်မာစာရေးထုံးများမှ ဖောက်ထွက်၍ လွယ်ကူရိုးရှင်းထိမိစွာ ရေးသားသည့် ခေတ်စမ်းစာပေဟူသော   မြန်မာစာပုံစံသစ်ကို တီထွင်ခဲ့ပြီး ယနေ့ခေတ်အထိ သုံးစွဲနေကြဆဲဖြစ်သည်။ ဤတိုးတက်ပြောင်းလဲမှုသည်  ကိုလိုနီခေတ်တွင် နောက်တန်းသို့ ရောက်နေသည့်     မြန်မာစာပေလောကအတွက် သွေးသစ်လောင်းခြင်းဟုပင် ဆိုချင်သည်။ မြန်မာဘာသာစကားသည် သူ့ကျွန်ဘဝကျရောက်ခဲ့ရသည့်အတွက် မှေးမှိန်သွားရခြင်းဖြစ်ပြီး ရှေးခေတ်အဆက်ဆက်က အစဉ်အတိုင်းဖွံ့ဖြိုး တိုးတက်လာခဲ့သည်ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။

ပုဂံခေတ်တွင် မြန်မာစာကို ကျောက်ထက်အက္ခရာ တင်ထားကြသော ကျောက်စာများအဖြစ် တွေ့ရပြီး အများစုမှာ အလှူကောင်းမှုများကို အနုမောဒနာပြု ရေးထိုးထားခြင်းဖြစ်သည်။ ထိုထဲမှ သမိုင်းအချက်အလက်များကိုလည်း ဖတ်ရှုလေ့လာသိရှိနိုင်သည်။

ပုဂံပြည်ကြီးပျက်စီး တိမ်းယိမ်းပြီး အင်းဝခေတ် မပေါ်ပေါက်မီ ပင်းယခေတ်တွင် မြန်မာစာပေအဆင့်အတန်း တိုးတက်လာသည်။ ပုဂံခေတ်တွင်မတွေ့ခဲ့ရသော ရတုနှင့်ကာချင်းများကို တွေ့ရသည်။ မြင်စိုင်းငါးစီးရှင်ကိုယ်တော်တိုင် ကာချင်းရေးဖွဲ့ခဲ့ကြောင်း သိရသည်။ ရတု ဟူသော လေးလုံးစပ်အဖွဲ့ကို စတုရင်္ဂဗလအမတ်ကြီးကစတင်ဖွဲ့ဆိုခဲ့ကြောင်း တွေ့ရှိရသည်။ ပင်းယခေတ်တွင် ဆွဲငင်ရွတ်ဆိုရသော စာဟန်ခေတ်စားလာပြီး ဂီတဘက်သို့ ရောက်ရှိလာကြောင်း သိရသည်။

သက္ကရာဇ် ၇၂၆ ခုနှစ်တွင် သတိုးမင်းဖျားက အင်းဝရွှေနန်းတော်ကို တည်ထောင်ခဲ့ပြီး အင်းဝခေတ်တွင် မြန်မာစာပေ အဆင့်အတန်း အလွန်မြင့်မားလာသည်ကိုလည်း တွေ့ရသည်။ ဆရာတော်၊ သံဃာတော်များ၏ ကြိုးစားအားထုတ်မှု၊ မြန်မာဘုရင်မင်းမြတ်များကိုယ်တော်တိုင် အားပေးချီးမြှင့်မြှောက်စားမှုတို့ကြောင့် စာပေလက်ရာများမှာ ပိုပြီးထူးခြားကောင်းမွန်လာသည်ဟု ထင်မိပါသည်။ အမျိုးသမီးစာဆိုများ ပေါ်ထွန်းခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ပျို့၊ လင်္ကာ၊ဧချင်း၊ မော်ကွန်း၊ ရတု၊ မေတ္တာစာ စသည့်စာပေများကို ပြုစုခဲ့ကြကြောင်း လေ့လာတွေ့ရှိရသည်။

တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသောခေတ်အမျိုးမျိုး ဖြတ်သန်းစဉ်မှာလည်း ရဟန်းပညာရှိ၊  လူပညာရှိတို့က  မြန်မာစာပေ တိုးတက်မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ကုန်းဘောင်ခေတ်တွင်လည်း ဘုရင်မင်းမြတ်ကိုယ်တိုင် ချီးမြှင့်မြှောက်စားခဲ့သောကြောင့် မြန်မာစာပေ၊ ဂီတတို့မှာ ဘက်စုံတိုးတက်ခဲ့သည်။ ခေတ်အလိုက်ပေါ်ထွန်းလာသော စာပေပညာရှင်များကို ရေတွက်၍ ကုန်နိုင်မည်မဟုတ်ပါ။ သူ့ခေတ်နှင့်သူ စာပေလက်ရာကောင်းများကို ဖန်တီးနိုင်သည့် မြန်မာစာပေလူစွမ်းကောင်းများပင် ဖြစ်ကြသည်။

ကိုလိုနီခေတ်တွင်မူ မြန်မာစာပေ အဆင့်အတန်းမှာ အလွန်အောက်ကျသည့် အခြေအနေကို  ရောက်ရှိသွားသည်။ ၁၂၈၀ ပြည့်နှစ်မှစ၍ ၁၂၈၁ ခုနှစ်အထိ မြန်မာပြည်၌ သီးခြားတက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်ကြသည်။ ပညာလိုလားသူ၊ ပညာအခြေခံရှိသူ လူပုဂ္ဂိုလ်ကြီးများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကြပြီး ဖွင့်လှစ်မည့် တက္ကသိုလ်တွင် သင်ကြားမည့် ဘာသာရပ်များအကြောင်း ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးကြရာတွင် မြန်မာစာကို ဘီအေရိုးရိုးတန်းတွင်   အထူးပြုဘာသာအဖြစ် သင်ကြားရန် တိုင်ပင်ကြပြီး အများကလည်း သဘောတူကြသည်။

သို့ရာတွင် မြန်မာစာဂုဏ်ထူးတန်းကား သင်ကြားပြသရန် မသင့်ဟု ဆုံးဖြတ်ကြသည်။ မြန်မာနိုင်ငံ၌ ဖွင့်လှစ်မည့် တက္ကသိုလ်တွင် မြန်မာစာဂုဏ်ထူးတန်း သင်ကြားခွင့်မရခြင်းသည် ဝမ်းနည်းစရာဖြစ်ခဲ့ရပြီး ပို၍အံ့သြစရာ ကောင်းခဲ့သည်မှာ ထိုသို့ဆုံးဖြတ်သူများတွင် မြန်မာများ ကိုယ်တိုင်ပါဝင်နေခြင်း ဖြစ်သည်။

နောက်ဆုံးအတည်ပြု ဆုံးဖြတ်ချက်ချမှတ်ရာတွင် တရုတ်လူမျိုးအငြိမ်းစားကျောက်စာဝန် တော်စိန်ခိုက အချက်ကျကျ တင်ပြနိုင်ခဲ့သည့်အတွက် မြန်မာစာဂုဏ်ထူးတန်းသင်ကြားခွင့်ရရှိခဲ့သည်။ ကျေးဇူးတင်ဝမ်းမြောက်ဖွယ်ကောင်းလှသည်။ သို့သော် အမ်အေတန်းကို မြန်မာဘာသာအထူးပြု၍ မသင်ကြားနိုင်ဟု ဆုံးဖြတ်ခြင်းကို ခံခဲ့ရသည်။

၁၂၈၂ ခုနှစ် ပထမအကြိမ် တက္ကသိုလ်ကျောင်းသားသပိတ်မှောက်ပြီးနောက် ကျောင်းသားများသည် မြန်မာစာပေကို လေ့လာသင်ကြားလိုစိတ်များ  ထက်သန်လာခဲ့သည်။ ဘီအေရိုးရိုးတန်းတွင် မြန်မာဘာသာကို သီးခြားဘာသာအဖြစ် သင်ယူသူများရှိခဲ့ပြီး အိုင်အေတန်းအတွက် မြန်မာစာကိုလည်း ပြဋ္ဌာန်းခဲ့ကြသည်။

ပြဋ္ဌာန်းစာအုပ်ရှိသော်လည်း  သင်ကြားမည့်ဆရာမရှိသဖြင့် မြန်မာစာဆရာကြီး ဆရာပွားနှင့် သင်ကြားခဲ့ရသည်။ ဘီအေဂုဏ်ထူးတန်းကိုမူ သင်ကြားနိုင်ခြင်း မရှိခဲ့ပါ။

ဆရာကြီးဦးဖေမောင်တင်မှာ ထိုစဉ်က အင်္ဂလန်တွင် ပညာသင်ကြားနေပြီး မြန်မာသက္ကရာဇ် ၁၂၈၆ (ခရစ်နှစ် ၁၉၂၄)တွင် မြန်မာပြည်သို့ ပြန်ရောက်ခဲ့သည်။

ဆရာကြီးက မြန်မာဘာသာသင်ကြားမှုမှာ အားရဖွယ် မရှိသေးသဖြင့် မြန်မာစာနှင့် ပါဠိဘာသာကျွမ်းကျင်သူ ဆရာလင်းကို ထပ်မံခေါ်ယူခဲ့သည်။

နောက်တစ်နှစ်အကြာတွင် မြန်မာစာဂုဏ်ထူးတန်းကို ဖွင့်ပေးခဲ့သည်။ ဆရာလင်း၊ ဆရာပွားနှင့် ဦးဖေမောင်တင်တို့ သုံးဦးသာရှိ၍ ပုဂံဝန်ထောက်ဦးတင်အား လာရောက်သင်ကြားပေးရန်တောင်းပန်ခဲ့ရသည်။ ၁၂၈၉ ခုနှစ်တွင် မြန်မာစာဂုဏ်ထူးဖြင့် ဘီအေအောင်မြင်သူတစ်ဦး ပထမဆုံးအကြိမ်ပေါ်ပေါက်ခဲ့သည်။ ဆရာကြီးဦးဖေမောင်တင်သည် ကျောင်းတွင် စာတွေ့သင်ကြားသည်နှင့်မတင်းတိမ်နိုင်ဘဲ   ဂုဏ်ထူးတန်းယူသူကျောင်းသား၊ ကျောင်းသူများအား ပုဂံသို့ခေါ်သွားပြီးလျှင် ကျောက်စာအမှတ်အသားနှင့် ရာဇဝင်အမှတ်အသားများကို သင်ကြားပြသပေးခဲ့သည်။ ဤမျှမက အမ်အေတန်းအထိသင်ကြားနိုင်ရန်လည်း ဆရာကြီးက ကြိုးစားအားထုတ်ခဲ့သည်။

ဆရာကြီးဦးဖေမောင်တင်သည် မြန်မာစာကို ဗြိတိသျှ အစိုးရတို့ အသိအမှတ်မပြု၍ မရတော့အောင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ တက္ကသိုလ်အဆင့်ထိ သင်ကြားနိုင်ရန် စာကောင်းပေကောင်းများ ရှိပါကြောင်း ပျို့၊လင်္ကာ၊ ရာဇဝင်၊ မော်ကွန်း၊ ကမ္ပည်း၊ ကျောက်စာတို့ကို ရှာဖွေတည်းဖြတ်ထုတ်ပြခဲ့သည်။ တက္ကသိုလ်အုပ်ချုပ်သူများက ရှေးစာဟောင်းများ ရှိသော်လည်း ခေတ်မီစာပေမရှိသေးကြောင်း ဝေဖန်ထောက်ပြခဲ့ကြသည်။

ဝေဖန်ထောက်ပြမှုကိုလက်ခံပြီး ဆရာကြီးက မိမိ၏ တပည့်ကျောင်းသားများကို ခေတ်မီစာပေများ ပြုစုကြရန် တိုက်တွန်းအားပေးခဲ့သည်။ ဦးစိန်တင်အစရှိသော တပည့်များက ခေတ်မီစာပေကို အစွမ်းရှိသမျှ ပြုစုခဲ့ကြပြီး ၁၉၃၄ ခုနှစ်တွင် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းက ကြီးမှူးထုတ်ဝေသည့် ခေတ်စမ်းပုံပြင် စာအုပ်ထွက်ရှိခဲ့သည်။ တည်းဖြတ်သူမှာ ပါမောက္ခဦးဖေမောင်တင်ဖြစ်သည်။

ခေတ်စမ်းပုံပြင်စာအုပ်ထုတ်ရသည့် ရည်ရွယ်ချက်မှာ (၁)မြန်မာစာကို ခေတ်မီအောင်လုပ်ဆောင်နိုင်ကြောင်း ပြသရန်၊ (၂) ခေတ်မီအောင်လုပ်ထားသောမြန်မာစာကို ဖတ်ကြပါဟု မြန်မာတို့ကို တိုက်တွန်းရန်တို့ဖြစ်သည်။ စာအုပ်ထွက်ပြီး ခဏအတွင်း၌ပင်လူအများဖတ်ရှုကြပြီး တိုင်းပြည်အနှံ့ပျံ့သွားသည်။

လန်ဒန်တက္ကသိုလ်တွင် မြန်မာစာ ပို့ချလျက်ရှိသည့် အဘိဓာန်ကျမ်းပြုပုဂ္ဂိုလ် ဒေါက်တာဂျေအေစတီးဝပ်က ထိုစာအုပ်ကို ကောင်းစွာလေ့လာ၍ အားသာချက် အားနည်းချက်များကို ရေးသားခဲ့သည်။ လိုအပ်ချက် အချို့ကိုထောက်ပြခဲ့ပြီး  ချီးမွမ်းခဲ့ကြောင်းလည်း လေ့လာသိရှိခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးသည် ဗြိတိသျှတို့ကလက်ခံသည့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ဆရာကြီး ဦးဖေမောင်တင်၏  ပထမရည်ရွယ်ချက်အောင်မြင်ခဲ့သည်။

ရှေးက မြန်မာစာပေတွင် ပျို့လင်္ကာအရေးအသား များကိုသာ ပိုမိုအလေးဂရုပြုခဲ့ပုံရပြီး စကားပြေအရေးအသား နည်းပါးပါသည်။ စကားပြေနှင့်လင်္ကာ အရေးအသားများကိုသာ ပိုမိုအလေးဂရုပြုခဲ့ရပြီး စကားပြေ အရေးအသား နည်းပါးသည်။ စကားပြေနှင့်လင်္ကာအရေးအသားကွာခြားပုံကို ဆရာကြီး ဦးဖေမောင်တင်က ထောက်ပြခဲ့သည်။ လင်္ကာဆိုသည်မှာ အဆင်တန်ဆာအလှအပမျှဖြစ်၍ ထာဝစဉ်မသုံးရဘဲ လူထုနှင့်ကင်းကွာတတ်သည်။ စကားပြေမှာ နေ့စဉ်အလုပ်နှင့်တူသဖြင့် လူတိုင်းလူတိုင်း သိနားလည်နိုင်သည့် အကျိုးရှိပေသည်။ ထို့ကြောင့် စကားပြေသာလျှင် လူအများအတွက် အရာရောက်ပါသည်။ ဥပမာဆိုရလျှင် လင်္ကာမှာမိန်းမများ အဆင်တန်ဆာ ဆင်ယင်သည်နှင့်တူပြီး အလှကြည့်ရန်အတွက်သာ သင့်လျော်ပေသည်။ စကားပြေမှာစားဝတ်နေရေးအတွက် မဖြစ်မနေ အလုပ်လုပ်ကြရသည့် ယောက်ျားနှင့်တူပြီး ကျန်းမာသန်စွမ်းတောင့်တင်းရန်သာ လိုပေသည်ဟု စကားပြေနှင့်လင်္ကာ အပေါ်ထားသည့် ဆရာကြီးဦးဖေမောင်တင်၏ သဘောထားကိုလည်း တပည့်များနားလည်အောင် ရှင်းလင်းပြောကြားပြီး စကားပြေအရေးအသား ပုံစံသစ်ကို တီထွင်ဆန်းသစ်ရေးသားရန်  တိုက်တွန်းခဲ့သည်။

ဆရာကြီး၏တိုက်တွန်းချက်ကို လိုက်နာကြပြီး ခေတ်စမ်းစာပေရေးသား ပေါ်ပေါက်ခဲ့သည်မှာ မြန်မာစာပေသမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ကြခြင်းပင် ဖြစ်သည်။

ခေတ်စမ်းပုံပြင်စာအုပ်ကို ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့ပြီး ဆရာကြီးဦးဖေမောင်တင်နှင့် စာရေးသူများ မည်သူကမျှ အကျိုးအမြတ်မယူကြဘဲ မြန်မာပြည်ပညာပြန့့်ပွားရေး အသင်းကသာ အကျိုးအမြတ် ခံစားခဲ့သည်။ ထုတ်ဝေခဲ့သော ခေတ်စမ်းပုံပြင်စာအုပ်ကား တစ်ပြည်လုံးသို့ ပျံ့နှံ့သွားလေပြီ။  ကျောင်းသား၊ကျောင်းသူများ ရွတ်ကြဖတ်ကြပြီ။ နှစ်ခြိုက်ကြပေပြီ။

ဆရာကြီး၏ ဒုတိယရည်ရွယ်ချက်လည်းအောင်မြင်ခဲ့ပေပြီ။

ခေတ်စမ်းစာပေခရီးသည် ယခုတင်ပြသကဲ့သို့ ချောမောလွယ်ကူလှသည်တော့မဟုတ်ပါ။ အသစ်တီထွင်သည်ကို ရိုးသားစွာ ကြောက်တတ်သော ရှေးဆန်သူများနှင့် မလိုမုန်းထားတတ်သော လူဖျင်းလူညံ့တို့၏ စကားတင်းဆိုခြင်းကို ရင်ဆိုင်ခဲ့ရသည်။ ရှေ့ရေးကို မြော်တွေးတတ်သူ ပညာရှိသူများကသာ ချီးမွမ်းအားပေးခဲ့ကြသည်။

ဆရာကြီးဦးဖေမောင်တင်သည် ဝေဖန်မှုများအတွက် စိတ်ပျက်လက်လျှော့ခြင်း မဖြစ်ဘဲ ပြုဖွယ်ရာများကို မဆုတ်မနစ် ဆောင်ရွက်ခဲ့သောကြောင့် လွတ်လပ်ရေးရသောအခါ  လွတ်လပ်သောလူမျိုးနှင့် ထိုက်တန်သည့် စာပေကို ပိုင်ဆိုင်နိုင်ခဲ့သည်။

ဆရာကြီး၏ ကျေးဇူးကားကြီးမားလှသည်။ အနှစ်သာရနှင့် ပြည့်စုံကာ အထက်တန်းကျလှသည့်စာဟောင်းများကို ပြန်လည်ဖော်ထုတ်ရုံမျှမက ခေတ်အလိုက် ပေါ်ပေါက်လာသော ကဗျာဆန်းစာဆန်းများကိုလည်း အောင်မြင်အောင်မြေ တောင်မြှောက်ပေးခဲ့သည်။ ဆရာတင်ကား ခေါင်းမာသော တစ်ဖက်သတ်ဆရာမဟုတ်၊ ကောင်းသောနည်းလမ်းများကို    အမြဲလိုက်နာရန် အသင့်ရှိပေသည်ဟု  တပည့်ကြီး  သိပ္ပံမောင်ဝက သူ့ဆရာ၏ အကောင်းဆုံးသော ဂုဏ်ပုဒ်ကို ဖော်ထုတ်ချီးကျူးခဲ့သည်။

သိပ္ပံမောင်ဝ၊ မောင်သန့်စင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသအမည်ခံခေတ်စမ်းစာပေ ရှေ့ဆောင်ဆရာများ၊ တစ်နည်းအားဖြင့်  ရန်ကုန်တက္ကသိုလ်၏ ရှေးဦးတက္ကသိုလ်ကျောင်းတော်သားကြီးများသည် ဆရာကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခေတ်စမ်းစာပေများကို ရေးသားခဲ့ပြီး  သရုပ်ပေါ်အောင် ရေးသားရာတွင် ဝါကျရှည်မှ ပြီးမြောက်သည်မဟုတ်။ တိုတိုတုတ်တုတ် အရေးအသားများကလည်း ခရီးရောက်ကြောင်း ပြသနိုင်ခဲ့ကြသည်။  ခေတ်မီသော မြန်မာစာ ပုံစံသစ်အဖြစ် တီထွင်ခဲ့သည့် ခေတ်စမ်းစာပေကို အသိအမှတ်ပြု မြည်းစမ်းကြည့်ကြစေချင်သည်။

သိပ္ပံမောင်ဝ၏  နိဗ္ဗာန်ဆော်တွင် မောင်လူအေး  ကျောင်းသားငယ်ဘ၀ ဘွားဒွေးကြီး အိပ်ရာမှနှိုးပုံကို ပထမအကြိမ် နှိုးလျှင်မထသေး။ ကိစ္စမရှိ။ ဒုတိယအကြိမ်နှိုးလျှင်မထသေး။ ဘွားဒွေးကြီးဆူလေသည်။

တတိယအကြိမ်နှိုးလျှင် မထဘဲ မနေဝံ့တော့ပြီ။ တတိယအကြိမ်နှိုး၍မှ မထဘဲနေလျှင် ဘွားဒွေးကြီးစိတ်ဆိုးသဖြင့် ဝါခြမ်းဖြင့် ဆော်လေတော့မည်  စသည့်ဝါကျတိုများဖြင့်   ပေါ်လွင်အောင်  ရေးဖွဲ့ထားသည်။

ရန်ကုန်တက္ကသိုလ်ကြီး ဖွင့်လှစ်နိုင်ခြင်းမှ အစပြု၍  အမျိုးသားစာပေနှင့်အတူ နိုင်ငံလွတ်လပ်ရေးအတွက်  ကြိုးပမ်းဆောင်ရွက်ကြသည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည်။  နိုင်ငံနှင့်လူမျိုးက ိုချစ်စိတ်  အရင်းခံမှုကြောင့်သာ အမျိုးသားစာပေတိုးတက်ရေးကို စွမ်းစွမ်းတမံအား ထုတ်ကြိုးပမ်း ခဲ့ကြခြင်း ဖြစ်သည်။  ရှေးဆရာကြီးများ၏စိတ်ရင်းစေတနာကို လေးစား အသိအမှတ်ပြုပြီး မိမိတို့သည်လည်း အမိနိုင်ငံကို ချစ်မြတ်နိုးသူများ၊ မိခင်ဘာသာစကားကို  တန်ဖိုးထားထိန်းသိမ်းသူများ ဖြစ်သင့်သည်။

နှစ်တစ်ရာပြည့်  ရန်ကုန်တက္ကသိုလ်ကြီးမှသည် နှစ်ပေါင်းများစွာ ကာလကြာသည့်တိုင်   အမျိုးဘာသာစာပေတို့ကို   စောင့်ရှောက်နိုင်ကြပါစေကြောင်း   စေတနာရှေ့ထား၍ တင်ပြလိုက်ရပါသည်။  ။

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)