အိန္ဒိယက စစ်ရေယာဉ်နှစ်စင်းကို အေဒင်ပင်လယ်ကွေ့သို့ စေလွှတ်

 

 

အိန္ဒိယက စစ်ရေယာဉ်နှစ်စင်းကို အေဒင်ပင်လယ်ကွေ့သို့ စေလွှတ်

 

အိန္ဒိယနိုင်ငံသည် ရေကြောင်းလုံခြုံရေး နှင့် ပင်လယ်ဓားပြ တိုက်ဖျက်ရေးစစ်ဆင်မှု များ၏ တစ်စိတ်တစ်ဒေသအဖြစ် ၎င်းတို့၏ စစ်ရေယာဉ်နှစ်စင်းကို အေဒင်ပင်လယ်ကွေ့ သို့ စေလွှတ်လိုက်ကြောင်း သိရသည်။

အေဒင်ပင်လယ်ကွေ့သည် အနောက်ဘက်တွင် ပင်လယ်နီနှင့်သော် လည်းကောင်း၊ အရှေ့ဘက်တွင် အာရေဗျပင်လယ်နှင့်သော် လည်းကောင်း ဆက်စပ်နေပြီး ယင်းဒေသ အတွင်း၌ ပင်လယ်ဓားပြမှုများ ဖြစ်ပွားနေစဉ် အိန္ဒိယက ၎င်းတို့၏ စစ်သင်္ဘောများကို ဖြန့်ကြက်ခဲ့ခြင်းဖြစ်ကြောင်း  Hindustan Times က  ဒီဇင်ဘာလ ၁၉ ရက်တွင် ဖော်ပြသည်။

အေဒင်ပင်လယ်ကွေ့သို့ စေလွှတ်လိုက်သည့် စစ်ရေယာဉ်များသည် ဒုံးကျည်တပ် ဖျက်သင်္ဘောများဖြစ်ပြီး ယင်းရေယာဉ်များအနေဖြင့် ဒေသတွင်း၌ ကုန်တင်သင်္ဘောများအား စောင့်ကြည့်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ် သည်။ အေဒင်ပင်လယ်ကွေ့သည်  ကမ္ဘာ့ကုန်တင် သင်္ဘောစုစုပေါင်း၏ ခြောက်ပုံတစ်ပုံ ဖြတ်သန်းသွားလာရာ ရေကြောင်းဆက်သွယ်ရေး တစ်ခုဖြစ်သည်။

ဆိုမာလီယာ ပင်လယ်ဓားပြများက ယခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် သင်္ဘောတစ်စင်းအား တိုက်ခိုက်ခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံက ၎င်းတို့၏ ရေတပ်စစ်လေယာဉ် တစ်စင်းကို စေလွှတ်ခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ စစ်ရေယာဉ်များအား အေဒင်ပင်လယ်ကွေ့သို့ ဖြန့်ကြက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယီမင်နိုင်ငံမှ ဟူသီသူပုန်များသည် အေဒင်ပင်လယ်ကွေ့အတွင်းသို့ သွားလာနေသည့် ကုန်တင်သင်္ဘောများကို တိုက်ခိုက် နေခြင်းကြောင့် ၎င်းတို့၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အမေရိကန်က နိုင်ငံစုံပါဝင်သည့် အထူးတာဝန်တပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။