(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် လူငယ်နှင့်စာပေ အနုပညာ ပွဲတော်ကြီးတွင် ပါဝင်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများ၏ ရင်တွင်းစကားသံများ

 

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် လူငယ်နှင့်စာပေ အနုပညာ ပွဲတော်ကြီးတွင် ပါဝင်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများ၏ ရင်တွင်းစကားသံများ

 

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် လူငယ်နှင့်စာပေ အနုပညာပွဲတော်ကြီး၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ အဆိုပါပွဲတော်ကို လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် “ပြည်ထောင်စုအကျိုး သယ်ပိုးဖို့ အသိပညာမြှင့်တင်စို့”ဟု ဆိုသည့်ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၀ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ၃ ရက်တိုင်တိုင် နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်တွင်ဝန်ကြီးဌာန ၁၅ ခုမှ ပြခန်းပေါင်း ၆၂ ခန်းကိုခင်းကျင်း ပြသထားသည့်အပြင် ပွဲတော်ကာလအတွင်း ဖျော်ဖြေရေး အစီအစဉ်များ၊  အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ ပါဝင်ပြီး တိုင်းရင်းသားရိုးရာ အစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချ ပေးသွားမည်ဖြစ်သည်။ အဆိုပါပွဲတော်ကြီးတွင် ပါဝင်သည့်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများ၏ ရင်တွင်းစကားသံများကို စုစည်းတင်ပြလိုက်ရပါသည်။

ဦးဝင်းနိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

      (၇၆)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ လူငယ်နှင့် စာပေအနုပညာပွဲတော်မှာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေနဲ့ ပြခန်းတစ်ခန်း ပါဝင်ခင်းကျင်း ပြသထားပါတယ်။ အဓိကအနေနဲ့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနက ထုတ်တဲ့ စာအုပ်၊ စာတမ်း၊ စာပေတွေကို ခင်းကျင်းပြသထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုး ရှစ်မျိုးရဲ့ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ လူငယ်တွေအတွက် သူတို့စိတ်ဝင်စားမယ့် မေးခွန်းလေးတွေကိုမေးပြီး အဖြေမှန်ကိုဖြေဆိုနိုင်ရင် အမှတ်တရ ဆုလက်ဆောင်လေးတွေပေးမယ့် Quiz အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။  ဒီအစီအစဉ်မှာဆိုရင် လွတ်လပ်ရေးနေ့နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေ၊   လူငယ်တွေနဲ့ပတ်သက်တဲ့ စာပေ၊ အနုပညာနယ်ပယ်တွေက ဗဟုသုတဖြစ်စေမယ့် မေးခွန်းတွေကို စီစဉ်ထားပါတယ်။ လူငယ်တွေစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို အဓိကရွေးချယ်ထားတာဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု အဆိုအကတွေနဲ့လည်း ဖျော်ဖြေတင်ဆက်ဖို့ စီစဉ်ထားပါတယ်။ ဒီပွဲတော်ကြီးကို လာရောက်လေ့လာတဲ့ လူငယ်တွေအနေနဲ့ ဗဟုသုတတွေ အများကြီးရရှိမှာ ဖြစ်ပါတယ်။  ကျွန်တော်တို့ရဲ့ပြခန်းမှာ တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှု၊ ရိုးရာဓလေ့၊ ရိုးရာစကားပုံစကားထာတွေ၊ ပုံပြပုံပြင်စာအုပ်တွေနဲ့ အခြားစိတ်ဝင်စားစရာ တွေကို စုံစုံလင်လင် ခင်းကျင်းပြသထားတာ ဖြစ်တဲ့အတွက် လူငယ်လူရွယ်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။

ဦးအေးမင်းညွန့်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်၊  လူငယ်ရေးရာဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန

      ဒီနေ့ကျင်းပတဲ့ လူငယ်နှင့် စာပေအနုပညာ ပွဲတော်ကြီးမှာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အနေနဲ့ ပြခန်းတစ်ခန်း ခင်းကျင်းပြသထားပါတယ်။ လူငယ်ရေးရာ ဦးစီးဌာနအနေနဲ့ ကဏ္ဍငါးခုကို အဓိကအနေနဲ့ပါဝင်ပြီး ပြသထားပါတယ်။ နံပါတ်(၁)ကဏ္ဍကတော့  ဓာတ်ပုံပြခန်းဖြစ်ပါတယ်။ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ဦးစီးဌာနက တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲတွေ၊ လူငယ်စကားဝိုင်းတွေ၊  လူငယ်တွေရဲ့ Capacity Building အတွက် ဖွင့်လှစ်ပို့ချခဲ့တဲ့ သင်တန်းတွေ၊ အသက်မွေးဝမ်းကျောင်း သင်တန်းတွေနဲ့  လူငယ်လေ့လာရေး အစီအစဉ်တွေကို   ဓာတ်ပုံ ပြခန်းအနေနဲ့ ခင်းကျင်းပြသထားပါတယ်။ နောက်တစ်ခုကတော့ အာဆီယံမှာပြုလုပ်တဲ့  Workshop  တွေ၊ အစည်းအဝေးတွေကို လူငယ်တွေပါဝင် တက်ရောက်ခဲ့တဲ့ လှုပ်ရှားမှုတွေကို  ဓာတ်ပုံပြခန်းအနေနဲ့ ခင်းကျင်းပြသထားပါတယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် လူငယ်ရေးရာ ကော်မတီတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဓာတ်ပုံကဏ္ဍ တစ်ရပ်အနေနဲ့ ခင်းကျင်းပြသထားပါတယ်။ ဒါ့အပြင် လူငယ်တွေရဲ့ ကာယ၊  ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စတဲ့ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လူငယ်တွေ ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်စာတမ်းတွေကိုလည်း ကဏ္ဍတစ်ရပ်အနေနဲ့ ခင်းကျင်းပြသထားပါတယ်။ အာဆီယံမှာ လူငယ်တွေနဲ့ ပတ်သက်တဲ့လှုပ်ရှား ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ထုတ်တဲ့ စာအုပ်၊ စာစောင်တွေကိုလည်း    ခင်းကျင်းပြသထားပါတယ်။ နောက်တစ်ပိုင်းကတော့ Video Display နဲ့ပြသတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အထူးသဖြင့် ကင်းထောက်လူငယ်၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်၊ ကြက်ခြေနီလူငယ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို Video Display အနေနဲ့ ခင်းကျင်းပြသထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့မှုကိုလည်း Video Clip နဲ့ ပြသထားပါတယ်။ ဒါ့အပြင် လူငယ်တွေ ဘက်စုံဖွံ့ဖြိုး တိုးတက်ဖို့အတွက် တစ်နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့တဲ့  လှုပ်ရှားမှုတွေကိုလည်း Video Display အနေနဲ့ ပြသထားပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား အဖြစ်နဲ့ ပထမဦးဆုံးပြသတဲ့ ကဏ္ဍအသစ် တစ်ခုကိုလည်း ပြသထားပါတယ်။ အဲဒီကဏ္ဍကတော့ လူငယ်တွေအရမ်းစိတ်ဝင်စားမယ့် E-Sport ကဏ္ဍဖြစ်ပါတယ်။ Myanmar Electronic Sport Feder-ation က အားဖြည့်ပါဝင် ကူညီပြီး ခင်းကျင်းပြသထားပါတယ်။  ဒီကဏ္ဍမှာဆိုရင် ဒီနေ့ခေတ်မှာ လူငယ်တွေအများအပြား စိတ်ဝင်တစား ကစားနေကြတဲ့ Game တွေဖြစ်တဲ့ Dota ၊ PUBG ၊ Mobile Legends ၊ e-Football  စတဲ့ဂိမ်းတွေကို လူငယ်တွေကိုယ်တိုင် ပါဝင်ကစားနိုင်အောင်  စီစဉ်ပေးထားပါတယ်။ ဉာဏ်စမ်းပဟေဠိကဏ္ဍကိုလည်း ထည့်သွင်းစီစဉ်ပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း၊   ပထဝီ၊ အာဆီယံ  စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လူငယ်တွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ဉာဏ်စမ်းမေးခွန်းလေးတွေ စီစဉ်ထားပါတယ်။ မေးခွန်းတွေကို မှန်ကန်အောင် ဖြေဆိုနိုင်မယ်ဆိုရင် အမှတ်တရ ဆုလက်ဆောင်တွေပေးသွားမှာဖြစ်ပါတယ်။   ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကို လူငယ်တွေကပဲ ဦးဆောင်သွားရမှာဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန်တွေကို ပခုံးပြောင်းတာဝန်ယူကြမယ့်  လူငယ်တွေအတွက်   မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ဖို့၊  အတွေးအခေါ်တွေ မှန်ကန်စေဖို့နဲ့ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် အခုကျင်းပတဲ့ လူငယ်နဲ့ စာပေအနုပညာ ပွဲတော်လို လူငယ်တွေနဲ့ပတ်သက်တဲ့ ပွဲတွေ များများပြုလုပ်ပေးပြီး လူငယ်တွေကို လမ်းကြောင်းမှန်ပေါ်ရောက်အောင်  ဆောင်ရွက်သင့်ပါတယ်။ လူငယ်တွေအနေနဲ့လည်း အခုကျင်းပနေတဲ့ ပွဲတော်ကြီးကို စိတ်ဝင်တစားနဲ့ လာရောက်လေ့လာကြဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးဝင်းမြင့်ဦး၊ ကျောင်းအုပ်ကြီး၊ အထက(၅)နေပြည်တော်

      ပညာရေးဝန်ကြီးဌာန အနေနဲ့ ပြခန်း ခြောက်ခန်းပြသထားပါတယ်။ ဆရာအတတ်သင် ပညာရေးဦးစီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ  တိုင်းရင်းသား ဘာသာစကားဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ အခြေခံပညာ ဦးစီးဌာန  စတဲ့ပြခန်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံပညာ ဦးစီးဌာနပြခန်းမှာဆိုရင် သိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်တွေ၊ ဓာတု၊ ရူပ၊ ဇီ၀ ဘာသာရပ်တွေ၊ ကျောင်းပတ်ဝန်းကျင် ဂေဟစနစ်နဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာတွေကို ကျောင်းသား၊ ကျောင်းသူတွေလာရောက် ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ခင်းကျင်းပြသထားပါတယ်။ ကျောင်းသား၊ ကျောင်းသူ  လူငယ်တွေအနေနဲ့ ဒီပြပွဲကြီးကို လာရောက်လေ့လာမယ်ဆိုရင် ဝန်ကြီးဌာနအသီးသီးရဲ့   ပြခန်းတွေကို လေ့လာနိုင်မှာဖြစ်တဲ့အတွက် အသိပညာ ဗဟုသုတတွေ   အများကြီး ရရှိမှာဖြစ်ပါတယ်။ လူငယ်တွေအတွက် အကျိုးများစွာ ရရှိနိုင်မယ့် အခုလိုပွဲတော်ကြီးကို ကျင်းပပေးတဲ့အတွက်လည်း များစွာပီတိဖြစ်မိပါတယ်။ နိုင်ငံတော်ရဲ့  အနာဂတ်ဖြစ်တဲ့ လူငယ်တွေအနေနဲ့လည်း  အသိပညာ ဗဟုသုတတွေများစွာ ရရှိနိုင်မယ့် လူငယ်နှင့် စာပေအနုပညာပွဲတော်ကြီးကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

မဆွေဆွေမြင့်၊ သင်တန်းသူ၊ ပြည်ပညာရေးဒီဂရီကောလိပ်

      ဒီပွဲတော်ကြီးကို လာရောက်ကြည့်ရှု လေ့လာခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ဝန်ကြီးဌာနအသီးသီးက ခင်းကျင်းပြသထားတဲ့ပြခန်းတွေကို ကြည့်ရှုလေ့လာရတဲ့အတွက် ဗဟုသုတတွေလည်း အများကြီးရရှိပါတယ်။ စာအုပ်အရောင်းဆိုင်တွေလည်း ရှိတဲ့အတွက် လိုချင်တဲ့ စာအုပ်တွေဝယ်ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့လို လူငယ်တွေအတွက်  အခုလို  ခမ်းနားကြီးကျယ်တဲ့ ပွဲတော်ကြီးကို ကျင်းပပေးတဲ့အတွက်  နိုင်ငံတော်အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့  နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အုတ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ ပါဝင်ထမ်းဆောင်နိုင်ဖို့ တန်ဖိုးရှိတဲ့  လူငယ်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ နောင်လာမယ့် နှစ်တွေမှာလည်း   ဒီပွဲတော်ကြီးကို  အခုလိုစည်စည်ကားကားနဲ့ ကျင်းပပေးဖို့ လူငယ်တစ်ယောက်အနေနဲ့  မျှော်လင့်မိပါတယ်။   ။