ယူကရိန်းနိုင်ငံသို့ ပေးအပ်မည့် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ အကူအညီအား အမေရိကန် အထက်လွှတ်တော် တားမြစ်

 

 

ယူကရိန်းနိုင်ငံသို့ ပေးအပ်မည့် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ အကူအညီအား  အမေရိကန် အထက်လွှတ်တော် တားမြစ်

 

      အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံသို့ ပေးအပ်မည့် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ အကူအညီများ အပါအဝင် အခြားအကူအညီပေးမှုများအား  တားမြစ်သွား မည်ဖြစ်ကြောင်း   အမေရိကန်အထက်လွှတ်တော်က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အမေရိကန်အထက်လွှတ်တော်ရှိ ရီပတ်ဘလီကန် လွှတ်တော်အမတ်များကြား နယ်စပ်လုံခြုံရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက် တစ်ရပ်ချမှတ်ရန် သဘောထား ကွဲလွဲခဲ့ပြီးနောက်   ယူကရိန်းနိုင်ငံသို့ ပေးအပ်မည့် ပြည်ပအကူအညီပေးရေး အစီအစဉ်ကို တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်တစ်ဦးဖြစ်သူ  မစ်ချ် မက္ကော်နယ်က ဒီဇင်ဘာလ ၁၉  ရက်တွင် ပြောသည်။

အမေရိကန်အစိုးရအနေဖြင့် ပြည်တွင်းရှိ တရားမဝင် လူဝင်ရောက်မှုကို   ထိန်းချုပ် ရန်အတွက် ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်း မရှိသရွေ့ ယူကရိန်းသို့ပေးအပ်မည့်     ပြည်ပအကူအညီပေးရေး အကူအညီများကို   သဘောတူ ခွင့်ပြုမည်မဟုတ်ကြောင်း ရီပတ်ဘလီကန် လွှတ်တော်အမတ်များက ပြောကြားထားသည်။

အမေရိကန်အစိုးရက ယူကရိန်းသို့ ထပ်မံပေးအပ်မည့် အကူအညီများသည် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၆၀ ဘီလီယံခန့် ရှိကြောင်း သိရသည်။

ရီပတ်ဘလီကန်လွှတ်တော် အမတ်များ၏ လုပ်ဆောင်ချက်သည် အမေရိကန်အမျိုးသား လုံခြုံရေးအတွက် အဟန့်အတားပြုခြင်း ဖြစ်သည်ဟု သမ္မတဂျိုးဘိုင်ဒင်က စွပ်စွဲထားသည်။ သို့သော် အမေရိကန်အစိုးရသည်  ငွေကိုရေကဲ့သို့   အသုံးပြုနိုင်ခြင်း မရှိကြောင်း၊ လက်ရှိယူကရိန်းသို့ ပေးအပ်နေသည့် အကူအညီများမှာလည်း  မကြာမီ ကုန်ခန်းတော့မည်ဖြစ်ကြောင်း   ရီပတ်ဘလီကန် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဂျွန်ကာဘီက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်း ပဋိပက္ခစတင်ချိန်မှစ၍ ယူကရိန်းအစိုးရ ထံသို့ ဒေါ်လာဘီလီယံပေါင်း များစွာတန်ဖိုးရှိ လက်နက်ခဲယမ်းများနှင့်  အခြားအကူအညီများကို    ပေးအပ်လျက်ရှိကြောင်း သိရသည်။